Monday, October 12, 2015

တပ်မတော်နှင့် SSPP/SSA တိုက်ပွဲများ ဆက်လက်ပြင်းထန်

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက် ရှိသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက The Voice သို့ ပြောကြားသည်။
တပ်မတော် စစ်ကြောင်းများသည် အောက်တိုဘာ ၅ ရက်မှ စတင်၍ SSPP/SSA တပ်ဖွဲ့ အခြေစိုက် တပ်စခန်းများသို့ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။

“တိုက်ပွဲက မနေ့က စပြီးတော့ နည်းနည်းငြိမ်သွားတယ်။ ဒီနေ့တော့ နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်ကစပြီး သူတို့က လက်နက်ကြီးတွေနဲ့ ပြန်တိုက်တယ်။ အခုတိုက်နေတာက ကျွန်တော်တို့ တပ်စခန်း လုံခြုံရေး အပြင်စည်းမှာပေါ့။ ကျွန်တော်တို့ ဌာနချုပ်အနီးမှာ တပ်စခန်း သုံးလေးခုလောက် ရှိတယ်။ အဲ့ဒီနေရာတွေကို ပစ်နေတာ။ ဒီနေ့လည်း ကျွန်တော်တို့ ဌာနချုပ် ဝမ်ဟိုင်းဘက်ထဲကို သူတို့က လက်နက်ကြီး ရှစ်လုံးလောက်ပစ်တယ်” ဟု ဗိုလ်မှူးကြီးစိုင်းလက ထပ်မံပြောကြားသည်။
SSPP/SSA အဖွဲ့သည် ၂၀၁၂ ခုနစ် ဇန်နဝါရီလ ၂၈ ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့သော်လည်း ယနေ့အထိ တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု SSPP/SSA အဖွဲ့၏ အောက်တိုဘာ ၈ ရက်နေ့က သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းသည် လက်မှတ်ရေးထိုးရန် ဖိအားပေးသည့် သဘောဆောင်နေပြီး နှစ်ပေါင်း ၇၀ နီးပါး အင်အားသုံး ဖိအားပေးဖြေရှင်း၍ မရနိုင်သည့် နည်းနာကို တစ်ဖန်ပြန်၍ အသက်သွင်းနေခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၁၀ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ကျွန်တော်ကတော့ လက်မှတ်မထိုးလို့ ထိုးစစ်ဆင်တယ်လို့ မယူဆဘူး။ ဒေသနှစ်ဖက်ကြားမှာ လတ်တလောဖြစ်တဲ့ အကြောင်းကြောင်းတွေကြောင့် ဖြစ်တယ်လို့ မြင်တယ်” ဟု မှတ်ချက်ပေးသည်။
လက်ရှိတွင် NCA စာချုပ် လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခြင်း မရှိသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA/KIO၊ တအာင်းတပ်မတော် (TNLA) တို့နှင့်လည်း ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရတို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးကြမည် ဖြစ်ပြီး လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခြင်း မရှိသည့် အဖွဲ့အစည်းများကို အစိုးရအနေနှင့် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာလ ၄ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြောကြားထားသည်။

No comments:

Post a Comment