Saturday, November 21, 2015

ဆီးရီးယားတွင် အိုင်အက်စ်တို့အပေါ် ရုရှား၏ စစ်ဆင်ရေးများ အရှိန်မြှင့်တင်လာ

ရုရှားက ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ကြေညာခဲ့သည်။

အကြမ်းဖက် အဖွဲ့အစည်း၏ပစ်မှတ်များကို ချေမှုန်းရန် ဆီးရီးယားစစ်မြေပြင်၌ လေယာဉ်အရေအတွက် ၆၉ စီးထိ တိုးမြှင့်အသုံးပြုသွားမည်ဟု ရုရှားအစိုးရက ကြေညာသည်။ သို့သော်လည်း ထိုမျှပမာဏသည် အိုင်အက်စ်တို့ကို အမြစ်ဖြတ်ချေမှုန်းရန် လုံလောက်မှု မရှိသေးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့သည်။

အီဂျစ်ရှိ ဆီနိုင်းဒေသတွင် ရုရှားခရီးသည်တင် လေယာဉ်တစ်စီး အိုင်အက်စ်တို့၏ ဗုံးခွဲမှုကြောင့် ပျက်ကျသွားသည့်နောက် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ ပိုမိုအရှိန်မြင့်လာသည်။

ကက်စ်ပီယန် ပင်လယ်ထဲတွင် နေရာယူထားသည့် ရုရှားတိုက်သင်္ဘောများကလည်း တာဝေးပစ်ဒုံးကျည်များဖြင့် အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်အချို့သည် မဟာဗျူဟာအရ အိုင်အက်စ်တို့အတွက် အလွန်အရေးပါသည့် ပစ်မှတ်များကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်းလည်း ရုရှားရေတပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားရေတပ်သည် ဒီရာအယ်လ်ဇာရှိ အိုင်အက်စ်ပိုင် ရေနံတွင်းများကို ဖျက်ဆီးတိုက်ခိုက်ခဲ့သည်။ အဆိုပါဒေသသည် အိုင်အက်စ်တို့၏ အဓိကခြေကုပ်စခန်းဖြစ်သော ရက္ကာမြို့နှင့် အိမ်နီးချင်း အီရတ်နိုင်ငံရှိ အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ နယ်မြေများအတွင်းတွင် တည်ရှိသည်။

ရုရှားစစ်တပ်က နိုဝင်ဘာ ၂၀ တစ်ရက်တည်းတွင်ပင် အိုင်အက်စ်တပ်များကို ခရုစ်ဒုံးကျည် ၁၈ စင်းထိ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ရက္ကာ၊ အစ်ဒ်လစ်ဘ်နှင့် အေလက်ပို မြို့များရှိ အိုင်အက်စ်ပစ်မှတ် ၇ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာသည်။

အမေရိကန် စစ်ရေးဗဟိုဌာနမှ ဗိုလ်မှူးကြီး ပက်ထရစ်ရိုင်ဒါက ရုရှားတိုက်လေယာဉ်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိုင်အက်စ်နယ်မြေများတွင် ဗုံးကြဲတိုက်ခိုက်မှု အရေအတွက် ပိုစိပ်လာကြောင်း ပြောကြားခဲ့သည်။

“အိုင်အက်စ်ကို ရုရှားက ပိုပြီး ဖိဖိစီးစီးတိုက်လာတယ်။ ဒါပေမဲ့ အများအားဖြင့် ရုရှားရဲ့ပစ်မှတ်တွေက အလယ်အလတ်သဘောထားရှိတဲ့ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေကို ဦးတည်နေတုန်းပဲ။ ဒီအချက်ဟာ စိုးရိမ်စရာပါ။ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယားအစိုးရကို အထောက်အပံ့ပေးနေဆဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က နိုဝင်ဘာ ၂၀ တွင် ဒီရာအယ်လ်ဇာ၌ ရုရှားနှင့် ဆီးရီးယား တိုက်လေယာဉ်များ ပူးပေါင်းကာ အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကြဲခဲ့ရာ ဆီးရီးယားစစ်ဆင်ရေးကာလတလျှောက် ရုရှား၏အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှု ဖြစ်ခဲ့ကြောင်း မှတ်ချက်ပေးထားသည်။

Ref: BBC

No comments:

Post a Comment