Saturday, November 21, 2015

ကချင် စစ်ဘေးရှောင်များ (၂) ရက် အတွင်း ရိက္ခာပြတ်လပ်နိုင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက စစ်ဘေးရှောင် ပြည်သူများသည် နှစ်ရက်အတွင်း ရိက္ခာပြတ်လပ်မည် ဖြစ်ကြောင်း မိုးညှင်းမြို့နယ် ကချင်နှစ်ခြင်း အသင်းတော် (KBC) ဒုက္ခသည် စခန်းများဆိုင်ရာ တာဝန်ခံ သင်းအုပ် ဆရာတော် ဦးအောင်ဆိုင်းက ပြောသည်။

ယခုလ (၁၄) ရက်နေ့ စတင်၍ KIA နှင့် တပ်မတော်တို့ မိုးညှင်းမြို့နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူများ ပါရှိကြောင်းနှင့် နေ့လယ်ပိုင်း အထိ တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း KBC မှ သိရသည်။

''အခုဟာက အသင်းတော်မှာရှိတဲ့ ငွေကြေးနဲ့ ရိက္ခာတွေကို စစ်ဘေးရှောင်တွေကို ကျွေးထားရတယ်။ တချို့နေရာမှာ စစ်ဘေးရှောင်နေတဲ့ သူတွေကတော့ အခြေအနေကြည့်ပြီး နေ့လယ်ပိုင်းမှာ ကိုယ်အိမ် ကိုယ်ပြန်ပြီး ချက်ပြုတ် စားသောက်ကြတယ်။ ညပိုင်းကျတော့ စခန်းကို ပြန်လာကြတယ်။ နောက်နှစ်ရက်ဆိုင်ရင် ရိက္ခာကပြတ်ပြီ'' ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲ ဖြစ်ပွားသည့် အနီးဆုံး ရပ်ကွက်များ ဖြစ်သော အရှေ့စုရပ်ကွက်၊ အောင်သပြေ ရပ်ကွက်တို့မှ ပြည်သူများ စစ်ဘေးရှောင်နေခြင်း ဖြစ်ပြီး ယခုလ (၉) ရက်နေ့ စာရင်းအရ KBC အသင်းတော်တွင် (၁၈၄) ဦး၊ အခြား ခရစ်ယာန်ကျောင်းတွင် (၈၃) ဦး၊ လွတ်လပ်သော တိုင်းရင်းသား ခရစ်ယာန် ကျောင်းတွင် (၄၃) ဦး၊ ရိုမန် ကက်သလစ်ကျောင်းတွင် (၉၁) ဦး၊ DCMS ကျောင်းတွင် (၃၀)ဦး၊ အသင်း ရိပ်သာတွင် (၆၀) ဦး စုစုပေါင်း (၄၉၁) ဦး စစ်ဘေးရှောင်နေရကြောင်း KBC မှ သိရသည်။

''ဒီနေ့ ယခုလ (၂၀) ရက်နေ့ ကတော့ အေးအေးဆေးဆေးပါပဲ။ ရှေ့ရက်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ အများကြီး တိုးလာတယ်။ လက်ရှိကတော့ ဒေသခံတွေ သေဆုံးတာတွေ သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးတာတော့ မရှိသေးဘူး'' ဟု မိုးညှင်းမြို့နယ် KBC အသင်းတော်မှ လူကြီး ဦးဆိုင်းနောင်က ပြောသည်။

လက်ရှိ တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ယခုအချိန်သည့် တိုင်းပြည်အတွက် အရေးကြီးသော အစိုးရ အပြောင်းအလဲ ကာလဖြစ်သည် သာမက၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသော အချိန်လည်း ဖြစ်သဖြင့် အစိုးရတပ်နှင့် KIA တပ်တို့အကြား လက်ရှိ မိုးညှင်းမြို့ အနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းရန် မိမိတို့ပါတီ KSDP အနေနှင့် အလေးအနက် တောင်းဆိုကြောင်း ယခုလ (၁၉) ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
messenger

No comments:

Post a Comment