Friday, November 27, 2015

အစိုးရ ဖွဲ့နိုင်သော်လည်း ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုဆို

 NLD ပါတီသည် ပါတီတစ်ခုတည်းနှင့် အစိုးရ ဖွဲ့နိုင်သော အခြေအနေတွင် ရှိသော်လည်း အားလုံး ယူမည်ပုံစံနှင့် လုပ်ဆောင်မည် မဟုတ်ပဲ ပူးပေါင်း လုပ်ဆောင်မည် ဆိုသော စိတ်နှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်း RFA သတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ““အစိုးရထဲမှာ NLD ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသား တွေလည်း ပါမယ်။ တခြားနိုင်ငံကို အကျိုးပြုနိုင်တဲ့ လူတွေလည်း ပါနိုင် လိမ့်မယ့်လို့ အစ်မတို့ မျှော်လင်တယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ NLD ပါတီသည် အစကတည်းက အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း အားလုံးပူးပေါင်း လုပ်ဆောင်မည် ဆိုသော စိတ်ဓာတ်မျိုးနှင့် လုပ်ဆောင်မည် ဖြစ်သော်လည်း NLD ကသာ ဦးဆောင်မည် ဖြစ်ကြောင်း ယင်းကဲ့သို့ ဦးဆောင်၍ ပြည်သူလူထုက ပေးအပ်ထားသော တာဝန်ဖြစ်ကြောင်း ပြည်သူက NLD ကို မဲပေးခြင်းသည် အစိုးရဖွဲ့ရန် တာဝန်ပေးခြင်း ဖြစ်ကြောင်း ပြည်သူအား NLD ကိုမဲပေးရန် ပြောင်ပြောင်တင်းတင်း တောင်းခံခဲ့ရာ ပြည်သူသည် တောင်းခံသည့် အတိုင်း မဲပေးခဲ့ သောကြောင့် ပြည်သူ၏ လိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်း ရမည်ဖြစ်ကြောင်း ဒေါ်စုက ပြောကြား ခဲ့သည်။ ““တကယ်တမ်း ပြောရရင်တော့ သူက နိုင်ထားတာလေ။ သူ့ချည်းပဲလည်း NLD အစိုးရဖွဲ့မယ် ဆိုရင် ဖွဲ့နိုင်တဲ့ အနေအထား ရှိတယ်။ အဲဒီကတည်းက ဒီလိုပြောတာ သဘောထားကြီး ကြောင်းပြတာ ဒါကြိုဆိုရမဲ့ ကိစ္စဗျ။ သူ့ပါတီထဲက တချို့လူတွေ မကျေနပ်တာကို ရင်ဆိုင်ကောင်း ရင်ဆိုင်ရမယ် ဆိုတာလည်း မထင်ဘူး။ သူ ထိန်းနိုင်ပါတယ်။ မကျေနပ်ချက်ကို ဖော်ထုတ်မဲ့ လူရှိမယ် မထင်ဘူး””ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသော ဆရာဦးကျော်ဝင်း ပြောသည်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲပြုလုပ် ရာ၌လည်း အနိုင်ရရှိခဲ့ ပါကလည်း အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်မည်ဟု ပြောကြားထား ခဲ့သည်။
messenger

No comments:

Post a Comment