Friday, November 27, 2015

မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ တတ်နိုင်သလောက် ဖြေရှင်းမည်

ဧရာဝတီတိုင်း ဒေသကြီးမှ မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဖြစ်နိုင်တဲ့ကိစ္စ၊ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ အပြီး ဖြေရှင်းပေးသွားမှာပါဟု ၎င်းကပြောသည်။၂၀၁၀ မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် အစိုးရသက်တမ်း ကုန်မည် ဖြစ်သည်။''ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အထက်ကနေအောက်၊ အောက်ကနေ အထက် အပြန်အလှန် စိစစ်ရမယ်။ ဖြစ်စဉ်ရဲ့ သဘော သဘာဝတွေကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီးမှ အဖြေရှာလို့ရမှာ။ လေးလအတွင်း အဖြေထွက် ပြီးရောဆိုပြီး အလျင်အမြန်ဆုံး ဖြတ်ဆောင်ရွက် ပေးခဲ့ရင် အလွယ်အမှားတွေလည်း ဖြစ်နိုင်တယ်'' ဟု လယ်ယောမြေအရေး လှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြောသည်။
အစိုးရအဖွဲ့ အနေဖြင့် တာဝန်ယူသည့် ကာလမှ ယနေ့အချိန်အထိ လယ်ယာမြေ ပြဿနာ (၇၀) ခိုင်နှုန်းကျော်ကို ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ဆိုသော်လည်း လယ်ယာမြေအရေး လှုပ်ရှားသူများ ကတော့ မြေယာမှုခင်း (၁၀၀) ရာတွင် (၁၀) မှုဖြင့် ဆယ်ရာခိုင်နှုန်းခန့်သာ ဖြေရှင်းနိုင်ခဲ့သည်ဟု ပြောသည်။

မြေယာ ပြဿနာများကို မဖြေရှင်းနိုင်ရသည့် အဓိက ပြဿနာသည် မူလမြေယာ ပြဿနာများတွင် ယခုလက်ရှိ ဖြေရှင်းပေးနေရသည့် ၀န်ထမ်းများ ပါဝင်နေခြင်းကြောင့်ဟု လယ်ယာမြေအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူများက ဝေဖန်သည်။

''ကိုးဆယ်ရာခိုင်နှုန်းလောက် မအောင်မြင်ဘူး။ ဘာကြောင့်လဲဆို ပြဿနာတိုင်းမှာ အဖြေ ထွက်တယ် ဆိုတာက နည်းတယ်။ တာဝန်ယူခဲ့တဲ့ သက်တမ်း လေးနှစ်ကျော် အတွင်းမှာတော့ ပြေပြေလည်လည်နဲ့  ပြီးသွားတာ မရှိသလောက်ပဲ။

ဘာကြောင့်ဆိုရင် တချို့သော သူတို့အစိုးရအဖွဲ့ အပါအ၀င် ၀န်ထမ်း အဆင့်ဆင့် မူလလယ်ယာမြေ ပြဿနာမှာ အကြောင်းတစ်ခုခုနဲ့ ပါဝင်နေတဲ့အခါ ဥပဒေအတိုင်း တိတိကျကျ ဖြေရှင်းလိုက်မယ်ဆို သူတို့ကို အမှုပြန်ပတ်မှာ။ ဒါ့ကြောင့် အဖြေကို တိတိကျကျ မထုတ်ဘဲ အထက်အောက် စုန်ဆန်မျှောပေးနေတာ'' ဟု လယ်ယာမြေအရေး လိုက်ပါ ဆောင်ရွက်ပေးနေသည့် ဦးထွန်းရွှေက The Messenger Media သို့ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ မြေယာ ပြဿနားများကို အစိုးရ သက်တမ်းကုန်မီ လေးလအတွင်း အတတ်နိုင်ဆုံးဖြေရှင်းပေရန်လည်း သက်ဆိုင်ရာ ဌာနအသီးသီးသို့ ၀န်ကြီးချုပ်က ညွန်ကြားထားသည်။

မြေယာမှုခင်း ပြဿနာများ ဖြစ်ပွားနေသည့် မြို့များမှ မြေယာများကိုလည်း တရားဝင် ပေးအပ်ပွဲများ ပြုလုပ်ကာ မူလပိုင်ရှင် လယ်သမားများထံ လွှဲပြောင်း ပေးအပ်သွားမည်ဟု အစိုးရအဖွဲ့က ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် မြေယာမှုခင်း ပြဿနာများစွာ ရှိနေပြီး မြေယာ မှုခင်း အရှုပ်အရှင်းများကြောင့် ပိုင်နက် ကျူးလွန်မှု ပုဒ်မများဖြင့် တရားစွဲဆို ခံထားရသော မူလပိုင်ရှင် လယ်သမား (၁၀၀၀) ကျော်ခန့်  ရှိနေသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ ခြောက်သန်းကျော်ရှိရာ (၇၀) ရာခိုင်နှုန်းမှာ လယ်ယာမြေ လုပ်ကိုင်သူများ ဖြစ်သည်။
messenger

No comments:

Post a Comment