Tuesday, December 15, 2015

ဧရာဝတီတိုင်းမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းဖို့ ရှိတယ်လို့ မိုးစက်ဝိုင် ဆို

မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ကို ဦးစီးတည်ထောင်ထားတဲ့ အလှမယ် မိုးစက်ဝိုင်က ဧရာဝတီတိုင်းဘက်မှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းသွားဖို့ ရှိပါတယ်လို့ The Voice ကို ပြောပါတယ်။
“ဧရာဝတီတိုင်းဘက်မှာ လှူဖို့တော့ စီစဉ်ထားတယ်။ ဘယ်မြို့နယ်ထဲမှာ ဖြစ်မလဲတော့ မသိသေးဘူး။ အခု လောလောဆယ်တော့ ဧရာဝတီတိုင်းဘက်က ဒေသခံ သူငယ်ချင်း တစ်ယောက်ကိုတော့ မေးထားတယ်။ တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဖြစ်မှာပါ။ အတိအကျသိရင် မိုးစက်ထပ်ပြီး ပြောပြပါမယ်” လို့ စာသင်ကျောင်းတစ်ကျောင်း လှူဒါန်းဖို့ စီစဉ်ထားတဲ့ အကြောင်းကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။
အဆိုပါ စာသင်ကျောင်းကို မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ အနေနဲ့ လှူဒါန်းသွားမှာဖြစ်ပြီး၊ နောင်မှာလည်း လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လူတစ်ယောက်မှာ အသိဉာဏ်ပညာ တိုးတက်ဖို့အတွက် အဓိက အရေးကြီးတာကြောင့် ပညာရေးနဲ့ ပတ်သက်တဲ့ လှူဒါန်းမှုတွေ ပိုလုပ်ချင်ကြောင်း မိုးစက်ဝိုင်က ပြောပါတယ်။
မိုးစက်ဝိုင်က မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ အနေနဲ့ ပရဟိတအလုပ်တွေ လုပ်ဆောင်နေသလို၊ အနုပညာကိုလည်း ဝါသနာပါသူ ဖြစ်တာကြောင့်၊ အားလပ်တဲ့ အချိန်တွေမှာ သူစိတ်ဝင်စားတဲ့ အနုပညာ လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ဖြစ်နေပြီး လတ်တလောမှာတော့ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ရဲ့ မင်းမရှိတဲ့နောက် ဂီတဗီဒီယိုမှာ ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။
“နန်းမြတ်တိုရဲ့ MTV မှာ သရုပ်ဆောင် ဖြစ်သွားတာကတော့ သူတို့နဲ့လည်း ခင်နေတယ်။ သူတို့ရိုက်ဖို့ ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်တဲ့ အခါမှာလည်း ချစ်စရာလေး ဖြစ်နေတယ်။ အဲ့ဒါကြောင့် သရုပ်ဆောင်ဖြစ်သွားတာပါ။ ရိုက်ထားတာကလည်း ချစ်ဖို့ကောင်းတဲ့၊ ပျော်ဖို့ကောင်းတဲ့ ဟာသပုံစံလေးပါပဲ” လို့ ၎င်းက ဆိုပါတယ်။
မိုးစက်ဝိုင်က သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပေမယ့် ဟစ်ဟော့ပ်အဆိုရှင် လွှမ်းပိုင်ရဲ့ ဘော်ဒါမကောင်း သူကောင်းမဖြစ် MTV၊ ရွှေထူးရဲ့ မမျှော်လင့်တော့ပါဘူး MTV နဲ့ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ရဲ့ မင်းမရှိတဲ့နောက် MTV တွေမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

The Voice Weekly

No comments:

Post a Comment