Tuesday, December 15, 2015

တရုတ်နယ်စပ်မှတစ်ဆင့် IS ၁၁ ဦးဝင်ရောက်သည့်သတင်းကြောင့် လားရှိုးတွင် လုံခြုံရေးတင်းကျပ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ISမှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသည့် အမျိုးသား ၁၁ ဦး ဒီဇင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟုယူဆရသောကြောင့် မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီး တလျှောက် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
"ပြီးခဲ့တဲ့တစ်ပတ်က တရုတ်နိုင်ငံထဲကို IS တွေ ဝင်ရောက်ခဲ့တယ်လို့ ပဏာမသတင်းရခဲ့တယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ တရုတ်ရဲတပ်ဖွဲ့တွေ လိုက်ဖမ်းတာကို တိမ်းရှောင်ရင်း အဲဒီ IS တွေဟာမြန်မာနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်တယ်လို့ သတင်းရတဲ့အတွက် အခုအဲဒီလူတွေရဲ့ဓာတ်ပုံတွေကို တပ်ဖွဲ့ဝင်အားလုံးဆီ ဖြန့်ထားတယ်။ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေမှာဖြစ်သလို လှည့်ကင်းတွေလည်း မပြတ်လှည့်နေမှာပါ။ ဧည့်စာရင်းတွေကို ထိရောက်စွာစစ်ဆေးသွားမှာဖြစ်ပြီး ကားဂိတ်၊ ဈေး၊ ကျောင်း၊ စူပါမားကတ်၊ ဓာတ်ဆီဆိုင်၊ ဟိုတယ်အစရှိတဲ့ လူစည်ကားရာနေရာတွေကိုလည်း စောင့်ကျပ်ကြည့်ရှုပါမယ်"ဟု ရဲမှူးကြီးက လုံခြုံရေးတိုးမြင့် ချထားခြင်းနှင့်ပတ်သက်၍ ရှင်းပြသည်။
မြို့ရွာလုံခြုံရေး၊ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဒုစရိုက်သမားများအတွက် နေရာမရှိစေရေးအတွက် ဒေသခံများအနေနှင့် မသင်္ကာဖွယ်ရာ လူများ၊ လှုပ်ရှားမှုများ၊ ပစ္စည်များတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ ချက်ခြင်းအကြောင်းကြားရန်လိုကြောင်းလည်း ရဲမှူးကြီးက သတိပေး ပြောကြားသည်။
ထူးခြားဖြစ်စဉ်များတွေ့ရှိပါက လားရှိုးမြို့မရဲစခန်း ဝ၈၂-၂၃၃ဝ၄၊ လားရှိုးနယ်မြေရဲစခန်း ဝ၈၂-၂၃၃ဝ၅၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဝ၈၂-၂၃ဝ၇၈၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဝ၈၂-၂၃၈၈၃၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး ဝ၈၂-၃ဝ၃ဝဝ နှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးဝ၉-၄၉၇၇ဝ၃၆၆ တို့ထံဆက်သွယ်နိုင်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment