Thursday, December 31, 2015

မီးပွိုင့်များနီးကပ်စွာတပ်ဆင်ခြင်းကြောင့် မန္တလေးမြို့လမ်းပိတ်ဆို့မှုပိုဖြစ်ဟု ဒုတိယယာဉ်ထိန်းရဲမှူးကြီးဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တွင်း၌မီးပွိုင့်များတိုးချဲ့တပ်ဆင်လျက်ရှိရာ မီးပွိုင့်များတစ်ခုနှင့်တစ်ခုနီးကပ်စွာတပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ယခုထက်ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“တချို့နေရာတွေမှာ တကယ်လုပ်သင့်တဲ့နေရာတွေရှိသလို တချို့နေရာတွေကမလိုအပ်ဘဲတပ်လိုက်မယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်တယ်။ မီးပွိုင့်ဆိုတာ အလှဆင်တာမဟုတ်ဘူး။ မီးပွိုင့်စနစ်အတိုင်းသွားမယ်ဆိုရင်တော့ ပိတ်မှာမဟုတ်ဘူး။ ဒီမီးပွိုင့်ကတစ်မျိုး ဟိုမီးပွိုင့်ကတစ်မျိုးဆိုရင်တော့ ပိတ်သွားမယ့်အနေအထားရှိတယ်”ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးမြို့တွင်း၌ လက်ရှိတိုးချဲ့တပ်ဆင်လိုက်သောမီးပွိုင့်အချို့သည် တစ်ခုနှင့်တစ်ခုနီးကပ်လျက်ရှိပြီး မလိုအပ်ဘဲတပ်ဆင်လိုက်သကဲ့သို့ဖြစ်နေကာ ယင်းသို့တပ်ဆင်လိုက်ခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကိုပိုမိုဖြစ်ပေါ်လာစေနိုင်ကြောင်း ဒုတိယရဲမှူးကြီးကံသိန်းက သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့မီးပွိုင့်များကို တိုးချဲ့တပ်ဆင်လိုပါက မီးပွိုင့်များကိုထိန်းချုပ်ရန် ဗဟိုထိန်းချုပ်စနစ်တစ်ခုကိုရှာဖွေတပ်ဆင်မှသာ ယာဉ်ကြောမပိတ်ဆို့မည်ဖြစ်ပြီး လက်ရှိမန္တလေးမြို့တွင် အသုံးပြုလျက်ရှိသည့် မီးပွိုင့်စနစ်များဖြင့် အသုံးပြုလျှင် အဆင်ပြေမည်မဟုတ်ဘဲ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
“သူပြောတာကိုဖြေရှင်းဖို့ စည်ပင်ကအစီအစဉ်ဆွဲပြီးသားပါ။ အဆင့်မြင့်မီးပွိုင့်တွေတပ်ဆင်ဖို့ မီးပွိုင့်တွေတိုးချဲ့တာပါ။ အခုတိုးချဲ့ထားတဲ့မီးပွိုင့်တွေကလည်း အရမ်းနီးကပ်နေတာမဟုတ်ပါဘူး။ ပြီးတော့ သေချာတွက်ချက်အဖြေရှာပြီးတော့တပ်ဆင်ထားတာ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန ဌာနစုမှူးဦးအုန်းကျော်ကဆိုသည်။
မန္တလေးမြို့တွင် လက်ရှိ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်း မီးပွိုင့် ၁၀ခုတိုးချဲ့တပ်ဆင်ရန်လျာထားပြီး ၆၆လမ်းနှင့်၃၂လမ်းလမ်းဆုံတွင် မီးပွိုင့်တစ်ခု၊ ၆၈လမ်းနှင့်၃၂လမ်းလမ်းဆုံတွင် မီးပွိုင့်တစ်ခု တိုးချဲ့တပ်ဆင်ထားပြီး တပ်ဆင်ရန်ရှစ်ခုကျန်နေသေးကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ခုမြို့ထဲမှာ မောင်းကြည့်မယ်ဆိုရင် တချို့နေရာတွေမှာ မီးပွိုင့်တွေအရမ်းများနေတယ်လို့ ကျွန်တော်တော့ထင်တာပဲ။ အခုလည်းမီးပွိုင့်တွေ ထပ်တပ်နေတာတွေ့တယ်။ ကျွန်တော်တို့အတွက်တော့ မီးပွိုင့်တွေအရမ်းများလာရင် သွားရတာအဆင်မပြေတော့ဘူး၊ ဒီမီးပွိုင့်ကလွတ်ခါစရှိသေးတယ်။ နောက်မီးပွိုင့်ကမိနေပြီ။ ဒါနဲ့ပဲခရီးကဖင့်နေပြီ”ဟု အသက်၃၀အရွယ်ခန့်ရှိ ဆိုင်ကယ်အငှားလိုက်သည့် ဦးမိုးမင်းထွန်းက မီးပွိုင့်များနီးကပ်စွာတပ်ဆင်မှုကို သုံးသပ်ပြောဆိုသည်။
တိုးချဲ့တပ်ဆင်ရန်ကျန်နေသေးသော မီးပွိုင့်ရှစ်ခုသည် အဆင့်မြင့်မီးပွိုင့်များဖြစ်ပြီး မီးပွိုင့်တစ်ခုနှင့်တစ်ခု၏အကွာအဝေး၊ ရပ်တန့်နိုင်သည့်ယာဉ်အရေအတွက်၊ တားဆီးထားမည့်အချိန်စသည့် အချက်အလက်များအားလုံးကို တွက်ချက်ပြီးမှသာတပ်ဆင်ခြင်းဖြစ်ကြောင်း ဦးအုန်းကျော်ကထပ်လောင်းပြောကြားသည်။
“လမ်းပိတ်တယ်ဆိုတာမီးပွိုင့်ကြောင့်မဟုတ်ပါဘူး။ မီးပွိုင့်ကြောင့် လမ်းသွားလမ်းလာအဆင်ပြေသွားတာပဲရှိပါတယ်။ လမ်းပိတ်တာကိုဖြေရှင်းဖို့ကလည်း မီးပွိုင့်တပ်လိုက်တာနဲ့ ရာနှုန်းပြည့်ပြေလည်သွားတယ်လို့တော့မဟုတ်ဘူး။ လမ်းသွားလမ်းလာတွေရဲ့အသိစိတ်၊ ယာဉ်ရပ်နားရာနေရာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းလိုက်နာမှုစတာတွေ အားလုံးပေါင်းမှဖြေရှင်းနိုင်မှာပါ”ဟု ၎င်းကထပ်မံဆိုသည်။
လက်ရှိ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့တွင် အဆင့်မြင့်မီးပွိုင့်များတပ်ဆင်ပေးမည်ဟု မြို့တော်စည်ပင်သာယာရေးကော်မတီကပြောကြားထားသော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် ရည်မှန်းထားသလောက်မတပ်ဆင်နိုင်တော့ဘဲ စစ်ကိုင်းလမ်းခွဲမှစ၍ ၂၆လမ်းအထိ ၇၈လမ်းမကြီးတစ်လျှောက်တွင်သာ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှသိရသည်။
The Voice Weekly

No comments:

Post a Comment