Tuesday, December 8, 2015

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီအ၀င်များလာ၍ ကျပ်တစ်ထောင်ခန့် ဈေးကျ

ဘုရင့်နောင်ကုန်စည်ဒိုင် သို့ ကြက်သွန်နီအ၀င်များသော ကြောင့် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်တစ်ထောင်ခန့်ဈေးကျ လာပြီး ထပ်မံ ကျဆင်းလာနိုင် ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၇ ရက်တွင် ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ပြည်တွင်း ကြက်သွန်နီအသစ်နှင့် တရုတ် ကြက်သွန်နီကား အစီးရေ ၃၀ ခန့် ၀င်ရောက်လာကြောင်း အောင်ရတနာကြက်သွန်နီပွဲရုံမှ ဦးစိန်ဝင်းက ပြောသည်။
ကြက်သွန်နီဈေး မြင့်တက် စဉ်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီတင် ကား ၁၅ စီးခန့်သာအ၀င်ရှိခဲ့သည်။ ယခင်က ဘုရင့်နောင်ကုန်စည်ဒိုင် သို့ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ကားအစီးရေ ၃၀ မှ ၄၀အထိ အ၀င်ရှိခဲ့သည်။
‘‘ဈေးက ထပ်ကျဖို့ပဲရှိတယ်။ ပြည်တွင်းကြက်သွန်နီအသစ်တွေ ကလည်း အ၀င်များလာမယ်။ တရုတ်ကြက်သွန်နီတွေကလည်း မူဆယ်ဘက်မှာ အများကြီး ရောက်နေပြီဆိုတော့ ဈေးကအ ကျပဲရှိတော့တယ်’’ ဟု ၎င်းက ပြောသည်။

ကြက်သွန်နီဈေးများ ကျ ဆင်းသွားရခြင်းမှာ ပြည်တွင်း ကြက်သွန်နီအသစ်များ ဈေးကွက် အတွင်းသို့ ၀င်ရောက်လာခြင်းနှင့် တရုတ်ကြက်သွန်နီများ တင်သွင်း ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်။

လက်ရှိတွင် ကြက်သွန်နီအ ဟောင်း တစ်ပိဿာလျှင် အမြင့် ဆုံးကျပ် သုံးထောင်မှ အနိမ့်ဆုံး ကျပ် နှစ်ထောင့်တစ်ရာအထိ၊ အသစ်တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် နှစ်ထောင့်နှစ်ရာမှ အနိမ့်ဆုံး ကျပ် တစ်ထောင့်ခြောက်ရာ အ ထိ၊ တရုတ်ကြက်သွန်နီတစ်ပိဿာ လျှင် နှစ်ထောင့်နှစ်ရာကျပ်နှင့် တရုတ်ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင်ကျပ် တစ်ထောင့်ငါးရာအထိ ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ဈေးရှိ ကြက်သွန်နီပွဲ ရုံများမှ စုံစမ်းသိရသည်။

ဘုရင့်နောင်တွင် ကြက်သွန် နီဈေးများ ကျဆင်းသွားသော် လည်း ရပ်ကွက်တွင်းဆိုင်များ၌ ဈေးများကျဆင်းသွားခြင်းမရှိဘဲ တစ်ပိဿာလျှင် ကျပ်လေးထောင်ခန့်ဖြင့် ရောင်းချနေကြောင်း ကမာရွတ်မြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

ကြက်သွန်နီဈေးသည် နိုဝင် ဘာလဆန်းမှ စတင်ကာမြင့်တက် ခဲ့ပြီး ယခုတစ်ကြိမ်သည် စံချိန် တင်မြင့်တက်ခြင်းဖြစ်ကာ ပြည်ပ မှ ကြက်သွန်နီပြန်လည်တင်သွင်း ခွင့်ကိုပါ ခွင့်ပြုပေးခဲ့သည်။

ဘုရင့်နောင် ကုန်စည်ဒိုင် သည် မြန်မာနိုင်ငံအနှံ့ ကုန်စည်ဖြန့်ဖြူးနေသည့် ဈေးဖြစ်ပြီး ဒုတိယနေရာတစ်ခုဖြစ်သည့် မန္တလေး၌လည်း ကြက်သွန်နီဈေးများကျဆင်းနေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment