Tuesday, December 8, 2015

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းများ မြန်မာကျပ်ငွေဖြင့် ရောင်းမည်

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ကျောက်မျက်ရိုင်းနှင့်ကျောက်စိမ်းအသားကျောက်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်သည်။
အဆိုပါ အရောင်းပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲ ပေါင်းခြောက်ထောင်ကျော် ပါဝင် ပြသရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကော်မတီမှ စီမံရေးရာ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော ကြားသည်။‘‘အခု ဒီပွဲကတော့ ပြည်တွင်းကိုပဲ ရောင်းတဲ့ပွဲပါ။ စစ်ကိုင်းတို့၊ မန္တလေးတို့ဘက်မှာ အချောထည် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ တစ် နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးတွေ ကို ကုန်ကြမ်းရောင်းပေးတဲ့ပွဲ လည်း ဖြစ်တယ်’’ဟု ဦးသန်းဇော် ဦးက ပြောသည်။ပြပွဲအတွင်း ပြသရောင်းချ မည့် ကျောက်မျက်အရိုင်းအနေ ဖြင့် ကြမ်းခင်းဈေး အနည်းဆုံး သုံးသိန်းသတ်မှတ်ရောင်းချခွင့်ပြု ထားပြီး ကျောက်စိမ်း အသား ကျောက်များအနေဖြင့် မြန်မာ ကျပ်ငွေ အနည်းဆုံး ၁၀ သိန်း သတ်မှတ်ရောင်းချနိုင်ကြောင်း သိရသည်။
ပြပွဲတွင် ကျောက်မျက်အတွဲ ၁၅၂ တွဲနှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆,၈၂၆ တွဲ ပါဝင်ပြသ ရောင်းချမည်ဖြစ်ကြောင်း ပြပွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌက ပြောသည်။ ယခု ကျင်းပနေသည့် မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်၊ ကျောက်စိမ်းပြပွဲ သို့ ကုန်သည်ဦးရေ တစ်ထောင် ကျော် စာရင်းပေးသွင်းထား ကြောင်း သိရသည်။

‘‘တချို့ကျတော့ ဆိုင်လိုင်စင် လည်းမရှိဘူး။ ကုမ္ပဏီမှာလည်း မပါဘူး။ ဒါပေမဲ့ ကျောက်ဝယ် နေ ရောင်းနေ၊ ဖြတ်နေ တောက်နေတဲ့သူတွေရှိတယ်။ သူတို့ကို ကျတော့ အသင်းက ထောက်ခံ လိုက်ရင်တော့ ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်သူအနေနဲ့ ကျွန်တော် တို့က ပြပွဲကိုပေးဝင်တယ်’’ ဟု ဦးသန်းဇော်ဦးက ပြောသည်။

ကျင်းပပြုလုပ်နေသည့် အဆိုပါပြပွဲများကို သတ္တုတွင်းဝန်ကြီး ဌာနနှင့် ကျောက်မျက်အသင်းများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ဖားကန့်၊ မိုးကုတ်မြို့များတွင် ကျောက် မျက်အသင်းများ ထားရှိကြောင်း သိရသည်။

‘‘တကယ်လုပ်ငန်းများ တာ ကတော့ မန္တလေးပဲ။ လုပ်ငန်းကြီး တွေ အများစုရှိတယ်။ ဟိုအရင် ဘုရင်တွေ လက်ထက်ကတည်း က ကျောက်သွေးတန်းဆိုပြီးတော့ လုပ်ပြီးထားခဲ့တာ’’ ဟု ဦးသန်း ဇော်ဦးက ပြောသည်။

ပြည်တွင်း ကျောက်ကုန် သည်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချနေမှုသည် နေပြည်တော် တွင် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ လေးကြိမ်ပြုလုပ်ထားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ယခုကျင်းပသည့်ပွဲ အပါအဝင် စုစုပေါင်း (၁၄)ကြိမ်ပြုလုပ်ထားပြီးဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံမှ သိရ သည်။

No comments:

Post a Comment