Thursday, December 3, 2015

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် မီးဘေးလုံခြုံရေး အကောင်းဆုံးဆောင်ရွက်နိုင်မှု ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးဆယ့်ငါးသိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပထမဆုံးအကြိမ် ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ဆယ်ရက်ကြာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့၍ ဆုချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရင် တောက်လျှောက်ပြေးလွှားပြီးတော့ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ဆောင်ပေးနေတာတွေကို ကွင်းထဲမှာရှိနေတဲ့ လူကြီးတွေ၊ မီးပုံးပျံဒိုင်အဖွဲ့တွေလည်း မြင်တယ်။ ပွဲသိမ်းလို့ ဘေး ကင်းလောက်တဲ့ အချိန်အစောဆုံး မနက် ၄ နာရီလောက်မှ ပြန်ရတယ်။ ဒါတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို လူကြီးတွေက ဆုချီးမြှင့်ပေးတာ ဖြစ်တယ်’’ဟု ဦးတင်မင်း က ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပရိသတ်ထိန်းသိမ်းရေးနှင့် မီးပုံးပျံကွင်းအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် မီးသတ်ယာဉ်ခုနစ်စီး၊ မီးသတ်တပ် ဖွဲ့ဝင် ၁၁၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခေတ်မီနည်းပညာ အသုံးပြုထားသည့် (ရေမှုန်ရေမွှား ကိရိယာ) ကျောလွယ်မီးသတ်ဆေးဘူး မိုဘိုင်းအဖွဲ့ဖြင့်လည်း အနီးကပ်စောင့်ကြည့် ဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလတွင် လူအသေအပျောက် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဦးတင်မင်းက ပြောသည်။
‘‘မီးပုံးပျံလွှတ်တဲ့ ရှစ်ရက်မှာ နေ့တိုင်းလိုလို မတက်ဘဲနဲ့ ပျက်ကျတဲ့ မီးပုံးအလုံးတွေရှိတယ်။ လပြည့်နေ့မှာဆိုလည်း ကွင်းထဲကို ပြန်ကျတာ နှစ်လုံးရှိတယ်။ မီးငြှိမ်းသတ်ရေးယာဉ်တွေအပြင် ဒီမိုဘိုင်းမီးငြှိမ်းအဖွဲ့တွေနဲ့ခေတ်မီကိရိယာတွေ အသုံးပြုငြှိမ်းသတ်နိုင်တဲ့အတွက် လူထိခိုက်ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ပါဘူး’’ဟု ဦးတင်မင်းက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်ထိ ဆယ်ရက်တိုင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအစားများဖြစ်သည့် ညမီးကျည် ၈၄ လုံး၊ စိန်နားပန် ၃၇ လုံး၊ နေ့လွှတ် အရုပ်အုပ်စု ၅၁ အုပ်စု၊ အရုပ်ခြေနှစ်ချောင်း ၁၃၆ ရုပ်၊ ခြေလေးချောင်း ၉၂ ရုပ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သတင်းရရှိသည်။
7 day

No comments:

Post a Comment