Friday, December 18, 2015

ယခုနှစ်အတွင်း ကမ္ဘာတလွှားတွင် ရွှေ့ပြောင်းဒုက္ခသည် သန်း ၆၀ ကျော်ထိ ရှိလာ

ဂရိနှင့် မက်စီဒိုးနီးယား နယ်နိမိတ်အနီးတွင် တွေ့ရှိရသည့် ဆီးရီးယား ဒုက္ခသည်များ။
ကမ္ဘာတလွှားမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဦးရေသည် ယခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် သန်း ၆၀ ကျော်မျှထိ မြင့်တက်လာကြောင်း သိရသည်။
ဆီးရီးယား ပြည်တွင်းစစ်နှင့် အခြားသော ပဋိပက္ခ အရှုပ်အထွေးများက ဒုက္ခသည်နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ အရေအတွက် သိသိသာသာ မြင့်တက်လာစေသည့် အဓိက အကြောင်းရင်းအဖြစ် ကုလသမဂ္ဂက ဆိုသည်။

စစ်ပွဲများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည် အရေအတွက်သည် ယခုနှစ်အတွင်း ၂၀.၂ သန်း ဝန်းကျင်မျှ ရှိခဲ့သည်။ ယင်းသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံထားဆဲဖြစ်သည့် ဒုက္ခသည် အရေအတွက်သည် ၂.၅ သန်း နီးပါးမျှရှိပြီး ဂျာမနီ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို အများဆုံး ရင်ဆိုင်နေရသည့်
နိုင်ငံများဟုလည်း သိရသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်းမှာပင် အဆိုပါ သုံးနိုင်ငံသို့ ရွှေ့ပြောင်းလာရန် ကြိုးစားသူ တစ်သန်းနီးပါး ရှိခဲ့သည်။
“၂၀၁၅ ခုနှစ်ဟာ မဖြစ်မနေ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာရသူတွေ အများဆုံး ထွက်ပေါ်လာတဲ့ နှစ်တစ်နှစ်ပါပဲ။ ဒုက္ခသည် အရေအတွက် သန်း ၆၀ ကို ကျော်သွားတာဟာ ဒီနှစ်ပထမဆုံးပါ။ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ ၁၂၂ ယောက်ရှိတိုင်း တစ်ယောက်ကတော့ သူတို့ရဲ့နေရပ်ကို ကျောခိုင်းထွက်ပြေးဖို့ ဖိအားတွေ ကြုံနေရပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်တွင် ဒုက္ခသည် အရေအတွက် ၅၉.၅ သန်းထိ ရှိခဲ့ဖူးသည်။

ပဋိပက္ခ ဖြစ်ပွားရာ နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အလုံးအရင်း ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို လက်ခံနေရာချပေးရေးအတွက် အလွန် ရုန်းကန်နေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။
ဆီးရီးယား ပြည်တွင်းစစ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံအတွင်းမှ ရွှေ့ပြောင်း ထွက်ပြေးသူ အရေအတွက် အမြင့်ဆုံး ဖြစ်လာကြောင်းလည်း သိရှိရသည်။
Ref: CNA

No comments:

Post a Comment