Tuesday, December 1, 2015

ဒုက္ခသည်အမည်ခံ၍၀င်ရောက်လာသော IS အကြမ်းဖက်သမားများ၏ ပဲရစ်တိုက်ခိုက်မှုအပြီးတွင်ဥရောပနိုင်ငံများမှ အရေးတကြီးဖြေရှင်းရန်လိုအပ်လာသည့် ဒုက္ခသည်ဝင်ရောက်မှုပြဿနာ

၂၀၁၅ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စစ်မီးအတောက်လောင်ဆုံး နှစ်တစ်နှစ်ဖြစ်သကဲ့သို့ ဥရောပအတွက် ပထမဆုံးနှင့်အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော နှစ်တစ်နှစ်လည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်မီးကြောင့် သန်းနှင့်ချီသောဒုက္ခသည်များမှာ နေအိမ်များမှစွန့်ခွာထွက်ပြေးကြရသည်။ ထိုအထဲမှ လူအများစု၏ရည်မှန်းချက်သည် ၎င်းတို့ဘ၀ကို ကောင်းမွန်စွာ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ရန် ဥရောပသို့ ထွက်ခွာရေးပင်ဖြစ်သည်။
ထို့ကြောင့် ဒုက္ခသည်များသည် လူကုန်ကူးသူများ တောင်းဆိုသည့်ဈေးကို မရှိသည့်ကြားမှရှာဖွေပေးကာ ဥရောပသို့သွားရောက်ရန် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် သက်စွန့်ဆံဖျားကြိုးပမ်းကြသည်။ သို့သော်လည်းသောင်းနှင့်ချီလာသော ဒုက္ခသည်များကိုဆက်တိုက်ကယ်ဆယ်နေရသော ဥရောပမှာကြာလာသောအခါ မနိုင်ဝန်ထမ်းနေရသလိုဖြစ်လာသည်။ ထို့ကြောင့် ဥရောပသည်ဒုက္ခသည်အရေးကို စနစ်တကျမကိုင်တွယ်နိုင်တော့ဘဲ နေစရာစားစရာပေးနိုင်မည့်
အရေးကိုပင် ဦးစားပေးလုံးပန်းနေရတော့သည်။
ထိုအချက်ကပင် အကြမ်းဖက်သမားများအတွက်အခွင့်အရေးဖြစ်သွားပြီး ၎င်းင်းတို့သည်လည်း ဒုက္ခသည်များနှင့် ရောနှောဝင်ရောက်လာသည်။ ထို့နောက် အခြေချစရာနေရာမရမချင်း ဒုက္ခသည်အယောင်ဆောင်ကာနေသည်။ ရသွားပြီးသည်နှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ငန်းများကို စတင်နိုင်အောင်ကြိုးပမ်းတော့သည်။ ယနေ့ ဥရောပမှခံစားနေရသောပြဿနာသည် လုံခြုံရေးဖြစ်သည်။
မကြာသေးမီကပင် ISများသည် ဒုက္ခသည်အယောင်ဆောင်၍ ဥရောပသို့ဝင်ရောက်လာမှု အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့သည်။
ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန်ကြံစည်နေသောဒုက္ခသည်အမည်ခံ IS အများအပြားကိုဖမ်းဆီးရမိခဲ့သည်။
သို့သော်လည်း လုံခြုံရေးအဆင့်မြှင့်တင်ထားသည့်ကြားမှပင် ပဲရစ်တိုက်ခိုက်မှုခံခဲ့ရသည်။ လူပေါင်း ၁၂၉ ဦးသေဆုံးပြီး လူဦးရေ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တရားခံအားလုံးသည် ဆီးရီးယားဒုက္ခသည်အမည်ခံဝင်ရောက်လာသူ IS များပင်ဖြစ်သည်။ထိုသူတို့သည် မည်သူနှင့်မှလည်းစကားမပြောတစ်ဦးတည်းသီးခြားနေသည်။ အပေါင်းအသင်းလည်းမရှိဘဲ ဒုက္ခသည်များကြားတွင်တစ်ယောက်တည်းနေသူသည် အကြမ်းဖက်သမားဖြစ်သည်ဟု လစ်ဗျားဝန်ကြီးကပြောသည်။
သို့သော်လည်း ယခု IS တို့သည် ဒုက္ခသည်အမည်ခံပြီး အုပ်စုဖွဲ့ဝင်ရောက်လာသည်။ ၎င်းတို့အထဲတွင် အမျိုးသမီးများပါဝင်လာပြီး စစ်ပြေးဒုက္ခသည် မိသားစုအယောင်ဆောင်ကာ ၀င်ရောက်လာခြင်းဖြစ်သည်။
စစ်ဘေးကြောင့်ပြေးလာသော မိသားစုဟုပြောလျှင် နိုင်ငံတိုင်းကလက်ခံကြသည်။ ထိုအချက်ကပင် IS တို့အတွက် အကြီးမားဆုံးမဟာအခွင့်အရေးကြီးဖြစ်နေသည်။ ပဲရစ်တိုက်ခိုက်ခံရခြင်းသည်လည်း ထိုကဲ့သို့အယောင်ဆောင်ကာ ၀င်ရောက်လာသော ISတို့၏ ဗျူဟာကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတိုင်းသည် မည်သည့်ဒုက္ခသည်ကိုမျှ လက်မခံချင်ကြတော့ပေ။နိုင်ငံတိုင်းက လူသားချင်းစာနာထောက်ထား၍လက်ခံသည်။ အကြမ်းဖက်သမားတို့ကစာနာစိတ်ကို အခွင့်ကောင်းယူပြီး အသုံးချသည်။ ထို့ကြောင့် အစစ်အမှန်ဒုက္ခသည်များအတွက် ပြဿနာတက်ရတော့သည်။ဒုက္ခသည်တိုင်းမှာ သူတို့ကိုအကြမ်းဖက်သမားဟု မသင်္ကာမျက်လုံးများဖြင့် အကြည့်ခံနေရ
သည်။ နောက်ဆုံး အကြမ်းဖက်သမားရန်ကိုကြောက်ပြီး ဒုက္ခသည်များကို လုံးဝအ၀င်မခံနိုင်သည်အထိ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ကုလသမဂ္ဂက IS အကြမ်းဖက်သမားများတို့ကြောင့် အမှန်တကယ် ဒုက္ခသည်များ အခက်အခဲနှင့်ရင်ဆိုင်ရမည့်အရေးကိုစိုးရိမ်ကာ နိုင်ငံတိုင်းအထူးဂရုစိုက်ကြရန်ကြေညာချက်ထုတ်ပြန်ထားသည်။ ယခင်ကမှ
ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးသောဒုက္ခသည်ပြဿနာသည် IS တို့ကြောင့် ပိုမိုရှုပ်ထွေးသွားရပြန်သည်။ ဥရောပသမဂ္ဂ (EU)၏ ခွဲတမ်းနှင့် ဒုက္ခသည်များကိုလက်ခံမည့်အရေးသည်လည်း ယခုအထိ ကောင်းမွန်စွာမဖြေရှင်းနိုင်သေးပေ။ ဥရောပနိုင်ငံတိုင်းက လက်မခံသေးသောကြောင့်ဖြစ်သည်။
ဥရောပနိုင်ငံတိုင်းက အမှန်တကယ်ခွဲတမ်းနှင့် လက်တွေ့ကျကျလက်ခံကြမည်ဆိုလျှင်ဒုက္ခသည်ပြဿနာသည် အနည်းငယ် ပိုမိုသက်သာသွားနိုင်သည်။
သို့သော်လည်း လုံးဝပြေလည်သွားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဥရောပသို့ရောက်ရှိလာသော ဒုက္ခသည်အရေအတွက်မှာ ရပ်တန့်မသွားသောကြောင့်ဖြစ်သည်။အရှေ့အလယ်ပိုင်းမှ စစ်မီးမငြိမ်းမချင်း စစ်ပြေးဒုက္ခသည်များရောက်ရှိလာမှုသည် အဆုံးသတ်သွားဦးမည်မဟုတ်ပေ။ ထို့ကြောင့်ဒုက္ခသည်ဝင်ရောက်မှုကို ရပ်တန့်လိုလျှင်အရှေ့အလယ်ပိုင်းစစ်မီးကို အရင်ဆုံးငြှိမ်းသတ်ရန်လိုသည်။ အထူးသဖြင့် ဆီးရီးယားဖြစ်သည်။ ယနေ့ဥရောပသို့ရောက်ရှိလာသော ဒုက္ခသည်အများစုမှာ ဆီးရီးယားနိုင်ငံသားများဖြစ်သည်။ သို့သော်လည်း ဆီးရီးယားစစ်မီးကိုငြှိမ်းသတ်နိုင်ရန်မှာ မလွယ်ကူပေ။ အနောက်အုပ်စုက ဆီးရီးယားရှိ ISတို့ကို အဆက်မပြတ်ဗုံးကြဲလျက်ရှိသည်။
အာဆတ်အစိုးရနှင့် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေသော ခွဲထွက်သူပုန်အုပ်စုတို့ကလည်း တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသည်။ ၎င်းတို့အုပ်စုနှစ်ခုစလုံးကလည်းအစ္စလာမ်မစ်နိုင်ငံတော်ဟုအမည်တွင်သောIS တို့ကို တိုက်ခိုက်နေရသည်။ ISတို့အင်အားသည် သိန်းဂဏန်းရှိသည်။ ထို
အထဲတွင် နိုင်ငံခြားတိုက်ခိုက်ရေးသမားဦးရေ၃၀၀၀၀ နီးပါးအထိရှိနေသေးသည်။
ထို့ကြောင့် အရှေ့အလယ်ပိုင်းစစ်မီးငြိမ်းရန်မှာ တော်တော်နှင့်ဖြစ်လာနိုင်ဦးမည်မဟုတ်ပေ။ ပြင်သစ်၊ ရုရှား၊ အမေရိကန်နှင့်ဗြိတိန်တို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသော်လည်း IS တို့ကို အမြစ်ဖြတ်သုတ်သင်ရန် နှစ်နှင့်ချီကြာနိုင်သေးသည်။ ထိုအတောအတွင်း ဥရောပသို့ရောက်ရှိလာဦးမည့် ဒုက္ခသည်အရေးကလည်းရှိသေးသည်။
ထို့ကြောင့် ဥရောပနိုင်ငံများခေါင်းခဲနေရခြင်းဖြစ်သည်။ အမေရိကန်နှင့် ကနေဒါကဲ့သို့တခြားနိုင်ငံများမှ ဒုက္ခသည်များကိုခွဲတမ်းကျဖြင့်ခေါ်ယူမှသာလျှင် ဒုက္ခသည်အရေးသည် နောင်လာမည့်အချိန်တွင်အတော်အတန်အဆင်ပြေသွားမည်ဖြစ်သည်။
ထို့ပြင် ယခုနှစ်သည် အာဖရိကတွင်ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်မှု
နှင့် ရေကြီးမှုတို့ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့်လူပေါင်းသိန်းနှင့်ချီ၍ဒုက္ခရောက်ကြရသည်။ထိုလူများသည်လည်း သူတို့၏ဘ၀ကိုပြောင်းလဲရန် ဥရောပသို့ လာရောက်နိုင်သည်ဟုနိုင်ငံရေးလေ့လာသုံးသပ်သူများက ကြိုတင်
ဟောကိန်းထုတ်ထားကြသေးသည်။
ထို့ကြောင့် ဥရောပအတွက် တစ်ပူပေါ်တစ်ပူဆင့်ဖြစ်ရတော့သည်။ ၂၀၁၃ ခုနှစ်အထိ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှဥရောပသို့ဝင်ရောက်မှုသည် သောင်းဂဏန်းသာရှိခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်မှစ၍ သိန်းဂဏန်းသို့ရောက်ရှိလာခဲ့သည်။ထိုကဲ့သို့ သိန်းနှင့်ချီဝင်ရောက်လာသည့်
ဒုက္ခသည်များထဲတွင် ISတစ်ဦးကိုရှာရန်မှာ ကောက်ရိုးပုံထဲကျသွားသောအပ်ကိုပြန်ရှာရသလိုဖြစ်နေသည်။
ယခင်ကမှ စစ်ဘေးဒုက္ခသည်အရေးကိုမဖြေရှင်းနိုင်သေးသော ဥရောပသည် နောက်ထပ်အာဖရိကမှ ပြောင်းရွှေ့သူများဝင်ရောက်လာလျှင် လုံခြုံရေးအခြေအနေသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်သည်။ ထို့ကြောင့်ဥရောပသည် နောက်ထပ်အကြမ်းဖက်ခံရမှုမှ ရှောင်ရှားလိုလျှင် ဒုက္ခသည်ဝင်ရောက်မှုပြဿနာကို ဦးစွာမဖြစ်မနေဖြေရှင်းရန်လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ရှိန်းထက်
မြ၀တီ

No comments:

Post a Comment