Tuesday, December 15, 2015

ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေပြီ

NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သွေးရူးသွေးတမ်းဖြစ်နေတာ UNFC ပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ UNFC မျက်နှာစုံညီအစည်းအဝေးဆိုပြီး ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လုပ်ခဲ့ တယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်အတည်ပြုခဲ့တဲ့ NCA ကို မထောက်ခံဘူးလို့ ကြေညာချက်ထုတ်ပြန် တယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း NCA နဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တယ်။ UNFC မရိုးသားတာပေါ်လွင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတောင် သဘောတူလို့ NCA ကို လက်မှတ်ထိုးပြီး JMC အစည်းအဝေးတွေသွားနေတာကို UNFC က ပြောခွင့်၊ ဝေဖန်ခွင့်မရှိဘူးလို့ ပြောချင် တယ်။
ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေတဲ့သဘောလား။ တိုင်းရင်းသားလက်နက်ကိုင်တွေက ငြိမ်းချမ်းရေးကို လိုချင်ခဲ့တာပါ။ ငြိမ်းချမ်းရေးမလိုချင်တာဆိုလို့ UNFC အဖွဲ့ဝင် တွေပဲရှိတာပါ။ ငြိမ်းချမ်းရေးလိုချင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ကတော့ ပြတ်သားတယ်။ လက်ရှိအစိုးရ လက်ထက်မှာ NCA ထိုးလိုက်တယ်။ ဘယ်အဖွဲ့တွေလဲလို့ ကြည့်လိုက်တော့ KNU၊ KNU/KNLA-PC ၊ DKBA ၊ RCSS/SSA ၊ ABSDF၊ PNLO ၊ CNF ၊ ALP အဖွဲ့တွေဖြစ်နေတာတွေ့ရ တယ်။ တကယ်ဆိုရင် အဲဒီ ၈ ဖွဲ့ထဲမှာ UNFC အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ လက်နက်ကိုင်တွေလည်း ပါပါတယ်။
KNU ဆိုရင် UNFC အဖွဲ့ဝင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် UNFC ဥက္ကဋ္ဌ အင်ဘန်လ ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ ချမှတ်တဲ့ မူဝါဒတွေကို သဘောမကျတာကြောင့် အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားခဲ့တာပါ။ အခုလည်း NCA လက်မှတ်ရေးထိုးခဲ့လို့ဆိုပြီး UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ PNLO နဲ့ CNF တို့ကို အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်ဆိုင်းလိုက်ပြန်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် UNFC ဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့ဆိုတာ ထင်ရှားနေပါတယ်။ UNFC က ပြည်တွင်းငြိမ်းချမ်းရေးကို ကမောက်ကမဖြစ်အောင် NCCT/SD ၊ FUA တို့ကို အကြံအစည်ရှိရှိ မွေးထုတ်လိုက်တယ်။
တကယ်တမ်းအစိုးရကငြိမ်းချမ်းရေးယူလို့လည်းပြောရော ဟိုအကြောင်း ပြ၊ ဒီအကြောင်းပြနဲ့ လက်မှတ်မထိုးခဲ့ဘူး။ ငြိမ်းချမ်းရေးကို ဈေးတွက်တွက်ပြီး ကိုယ့်အတွက် အကျိုးအမြတ် မကျန်ရင် အစိုးရဘာပြောပြောလိုက်ပြီး ကန့်လန့်တိုက်မယ်ဆိုတဲ့ အောက်တန်းစားအတွေးအခေါ်တွေကလည်း ပေါ်လွင်နေပါတယ်။
UNFC ရဲ့ ကြေညာချက်ထဲမှာ NCA ကို ညှိနှိုင်းဆွေးနွေးရေးတွေမှာ ကာလတစ်လျှောက်လုံးပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးက သဘောတူလက်မှတ်ရေး ထိုးခြင်း မရှိ သေးမီ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အတည်ပြုသွားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို တစ်နိုင်ငံလုံး အတိုင်းအတာ မဆောင်တဲ့ စာချုပ်ကို အတည်ပြုပြီး အားလုံးပါဝင်ခြင်းမရှိဘဲ အကောင်အ ထည်ဖော်မည်ဆိုပါက အားလုံးက လိုလားတဲ့အဖြေကို ရရှိမှာမဟုတ်သလို ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ NCA မှာ တိုင်းရင်းသားအားလုံးလက်မှတ်မထိုးအောင် UNFC က ထိန်းချုပ်ခဲ့ တာမဟုတ်ဘူးလား။ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ၊ SSPP/SSA ၊ NMSP ၊ KNPP တို့ လက်မှတ်မထိုးခဲ့ဘူး။ အစိုးရနဲ့လက်နက်ကိုင် ၈ ဖွဲ့က လုပ်စရာရှိတာဆက်လုပ်နေပြီ။ UNFC ပဲ ဘေးထိုင်ဘုပြော ငြိမ်းချမ်းရေးရသွား မှာ ကြောက်ပြီး အမျိုးမျိုးနှောင့်ယှက်နေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး UNFC က ကြေညာ ချက်ထဲမှာ အစိုးရတပ်တွေက မြေပြင်/ဝေဟင်စစ်ဆင်ရေးတွေနဲ့ အရှိန်မြင့် ထိုးစစ်ဆင်နေတယ်ဆိုပြီး ဖော်ပြ ထားတာ တွေ့ရပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ NCA ထိုးထားတဲ့ လက်နက်ကိုင် ၈ ဖွဲ့နဲ့ မဟုတ်ပါဘူး။ UNFC ဖွဲ့ထားတဲ့ FUA မှာ ပါဝင်တဲ့ KIA ၊ TNLA ၊ SSPP/SSA တို့နဲ့ပဲ ဖြစ်နေတာပါ။ UNFC က ဘယ်လောက်ထိအောင် ယုတ်ညံ့သလဲဆိုရင် RCSS/SSA ကို TNLA နဲ့ တိုက်ပေးတယ်။ အခု RCSS/SSA ကို KIA က ရန်စနေပြန်ပြီ။ ပြည်တွင်းငြိမ်းချမ်းရေးမှာ UNFC ဆိုတာ ထားလေနံလေဖြစ်နေတဲ့ အရှုပ်ထုပ် တစ်ထုပ်ပါပဲ။ နံနေတဲ့ အရှုပ်ထုပ်ကို ကြာကြာထားရင် ပိုနံမှာဆိုတော့ သူ့အဆင့်နဲ့ သူ့နေရာကို ရောက်အောင် ပို့လိုက်ခြင်းသာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။

ဇော်လင်းအောင်
Daily News

No comments:

Post a Comment