Monday, January 4, 2016

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အပေါ် ပြည်သူ့အသံ

၂၀၁၆ နှစ်သစ်ကို စတင်ဝင်ရောက်သည့်အချိန်မှာပင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားပြီး နှစ်လခွဲအတွင်း အစိုးရတပ်နှင့် စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးထားသော RCSS/SSA တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ NCA စာချုပ်လက်မှတ်ရေးထိုးပွဲမတိုင်မီကတည်းက မြန်မာ့တပ်မတော်နှင့် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် ကချင်နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီးယခုလက်ရှိ၌လည်း ရက္ခိုင့်တပ်မတော်(AA)နှင့်တိုက်ပွဲများဖြစ်ပွားနေရာ တိုက်ပွဲအနီးတစ်ဝိုက်မှ ဒေသခံများသည် မိမိတို့ နေရပ်အိုးအိမ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ အစိုးရသစ်မတက်မီ လက်ကျန်သက်တမ်းတစ်လအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားလာခြင်း၊ စစ်မျက်နှာသစ်ကြောင့် စစ်ဘေးရှောင်ပြည်သူများ တိုးပွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများ၏အသံ စုစည်းတင်ပြလိုက်ပါသည်။

ကိုဥက္ကာမင်းမောင် (လှိုင်မြို့နယ်)

အပေါ်ကနေအမိန့်ပေးနေတဲ့သူတွေကလည်း ကိုယ်ချင်းစာတရား လေးနဲ့ အမိန့်ပေးစေချင်တယ်။ အောက်ခြေက စစ်သားတွေကတော့ ပစ် ဆိုတာနဲ့ ပစ်နေမှာပဲ။ သူတို့က အမိန့်အရလုပ်ရတာကိုး။ သူတို့မှာ ပစ် ချင်စိတ်ရှိလား၊ မရှိလားမသိကြဘူး။ သူတို့ကိုလည်း မကြည့်ကြဘူး။ ကိုယ်ချင်းမစာကြဘူး။ ဖြစ်သွားလို့ရှိရင်လည်း အောက်ခြေက စစ်သား တွေပဲဖြစ်တာ။ အောက်ခြေက စစ်သားတွေရဲ့ ဘ၀တွေ သူတို့ရဲ့ မိသားစုတွေရဲ့ ဘ၀တွေကို ကိုယ်ချင်းစာပြီးတော့ အမိန့်ဆိုတာပေးဖို့ ပြောချင်ပါ တယ်။ နောက်တက်လာမယ့် အစိုးရဆိုတာကလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရထားတဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် သူတက်လာမယ့် အခါကျရင် လက်နက်ကိုင်အဖွဲ့အစည်းတချို့တွေနဲ့ ပြောထားပြီးသား ရှိတယ်လေ။ သူတက်လာမယ့် အချိန်ကျရင်တော့ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး တော်တော်လေးမျှော်မှန်းထားတယ်။ တကယ်လည်း လုပ်သွား မယ်လို့ ထင်ပါတယ်။ နောင်တက်လာမယ့် အစိုးရလက်ထက်ကျရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော်တော်လေးကောင်းသွားမယ်လို့ ယုံကြည် ပါတယ်။ တောင်ပေါ်ဒေသတွေမှာနေနေတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘ၀ကို မြို့ပေါ်မှာရှိနေတဲ့ လူငယ်တွေအနေနဲ့လည်း သူတို့ဘ၀နဲ့ တစ် ထပ်တည်းခံစားရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် နှစ်သစ် မှာဆုတောင်းပေးရမယ်ဆိုရင်တော့ အခုနှစ်သစ်ကြီးမှာ ဒီလိုထွက်ပြေး တိမ်းရှောင်နေရတဲ့ဘ၀မျိုးတွေ ထပ်မဖြစ်ဘဲ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်ပြီး အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နိုင်ကြပါစေ။

ညီမှူးအိမ် (စာရေးဆရာ၊ ကဗျာဆရာ)

တိုက်ပွဲတွေဖြစ်တိုင်း နစ်နာရတာက အပြစ်မဲ့တဲ့ ပြည်သူတွေပါ။ လက်နက်စွဲကိုင်ထားသူတွေ ကိုယ်ချင်းစာတရားလေးတွေထားပေးကြရင်၊ စာနာစိတ်ထားပေးကြရင် ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်လာတော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့ လက်နက်စွဲကိုင်ပြီး တိုက်ခိုက်နေကြတာလဲဆိုတဲ့ မေး ခွန်းကို တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော၊ အစိုးရဘက်ကိုရော ဒီနေရာကနေ မေးခွန်းထုတ်ချင်ပါတယ်။ ကိုယ့်အတ္တတွေအတွက်၊ ကိုယ့်ကိုယ် ကျိုးအတွက်လား။ ဒါမှမဟုတ် ပြည်သူတွေအတွက်လား။ တိုင်းရင်းသား ညီနောင်တွေ တန်းတူအခွင့်အရေးရဖို့အတွက်လားလို့ မေးချင်ပါတယ်။ ကိုယ့်ထမင်းတစ်လုတ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရှာဖွေစားသောက်နေ ရတဲ့ ပြည်သူတွေ၊ တိုင်းရင်းသားညီနောင်တွေမှာ ထပ်ပြီးအိုးပစ်အိမ်ပစ် ပြေးလွှားနေရတယ်ဆိုကတည်းက လက်နက်ကိုင်တိုက်ခိုက်နေကြတာ ဟာ ပြည်သူအတွက်မဟုတ်ဘူးဆိုတာ သက်သေပြနေတာပါ။ စေတနာ၊ မေတ္တာတွေမပါသရွေ့၊ ကိုယ့်အတ္တတွေမသိမ်းနိုင်သရွေ့ စားပွဲဝိုင်းမှာ ဆွေးနွေးနေလည်း ဖင်ပူတာပဲ အဖတ်တင်ပါလိမ့်မယ်လို့ ပြောပါရစေ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကို သတင်းစကားပါးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လှုပ်ရှားမှုကာလမှာ၊လက်မှတ်ရေးထိုးတောင်းဆိုလို့ မရတော့တဲ့အခါမှာ လမ်းပေါ်ထွက်ဖို့ တာစူနေတဲ့ သူ့ရဲ့ ပါတီဝင်တွေနဲ့ ပြည်သူကိုပြောတာက ‘‘ပြည်သူကို ထိခိုက်နစ်နာစေမယ့် အလုပ်မျိုးကို မလုပ်ဘူး’’တဲ့။ စစ်ဘေး သင့်ပြည်သူတွေငြိမ်းချမ်းပါစေ။

အောင်နေမျိုး (စစ်ဘေးသင့်ဒေသကူညီထောက်ပံ့ရေးအဖွဲ့ မုံရွာမြို့)

နယ်မြေပိုင်ဆိုင်ရေးအတွက် အာဏာလုကြတယ်လို့ မြင်ပါတယ်။ ကျည်ဆန်တွေနဲ့ ပဋိပက္ခတွေကို အဖြေမရှာဘဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းချင်တယ်။ ကြားထဲက မြေစာပင်ဖြစ်တဲ့ ပြည် သူတွေ ဒုက္ခရောက်နေကြတယ်။ တကယ့်ငြိမ်းချမ်းရေးလိုလားတဲ့စိတ်နဲ့ လုပ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိမှာပါ။ အပေါ်ယံလုပ်ပြရုံဆိုရင်တော့ ငြိမ်းချမ်းရေးက ဖြစ်လာမှာမဟုတ်ဘူး။ စစ်ရှောင်ပြည်သူတွေအားလုံး ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်ယာမှာ မိသားစုအားလုံးပျော်ပျော်ရွှင်ရွှင်နေ ထိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မခင်လေးငယ်

စီမံကိန်းဒါရိုက်တာ (ဖန်တီးအိမ်လူမှုအဖွဲ့အစည်း)

အခုချိန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလလည်း ဖြစ်တဲ့ အခါကျတော့ အခုလိုစစ်ပွဲတွေပြန်ပြန်ဖြစ်နေတာက ဒေသခံတွေကို ပိုပြီး ဒုက္ခရောက်စေတယ်။ အဲဒီဒေသခံတွေထဲမှာမှ အကုန်လုံးက စစ်ဒဏ်ခံ ရတယ်ဆိုပေမယ့် ကလေးနဲ့ အမျိုးသမီးတွေက ပိုပြီးတော့ ဒုက္ခခံရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ အသံတွေ အများကြီးကြားရဖို့ အမျိုးသမီးတွေ ဒီထက်များများပါဝင်ဆွေးနွေးခွင့်ရ စေချင်တယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကို ပြီးပြီးရောမလုပ်ဘဲ တပ်မတော်နဲ့ အစိုးရသစ်က တစ်ဖွဲ့နဲ့ တစ်ဖွဲ့နား လည်မှုရှိရှိနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးခိုင်မာအောင် ဆောင်ရွက်စေချင် တယ်။ တိုက်ပွဲတွေကြောင့် ဒီနှစ်မှာ စစ်ဘေးရှောင်စခန်းတွေ ထပ်တိုး လာတယ်လို့လည်း သိရပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူ တွေအနေနဲ့ စခန်းတွေကိုစွန့်ပြီး ကိုယ့်အိမ်ကို မြန်မြန်ပြန်နိုင်ပါစေလို့ ဆု တောင်းပေးပါတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းတွေလည်း ဒီထက် လျော့နည်းလာပါစေလို့ ဆုတောင်းပါတယ်။

ကိုမြတ်သူ (စင်ကာပူ)

အခု ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေအပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေရတဲ့အကြောင်းကတော့ တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုကို လေးလေးနက်နက်မတည်ဆောက်နိုင်သေးလို့ တိုက်ပွဲတွေဖြစ်နေရတဲ့ အဓိကအကြောင်းရင်းလို့ ထင်တယ်။ တပ်မတော်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို ပြောခွင့်ရမယ်ဆိုရင်တော့ တစ်ဖက်နဲ့ တစ်ဖက်အလျှော့အတင်းလေးတွေ လုပ်ရမယ်လို့ မြင်တယ်။ အစိုးရအနေနဲ့လည်း ပွင့်ပွင့်လင်းလင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ငြိမ်းချမ်းရေးတွေယူစေချင်တယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံးဒုက္ခ ရောက်တာကတော့ ဒေသခံပြည်သူတွေပါ။ ပြီးတော့ တိုက်ခိုက်တော့ လည်း နှစ်ဖက်စလုံးမှာ အကျိုးအမြတ်ထက် နစ်နာမှုတွေပိုများတယ်လို့ မြင်ပါတယ်။ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေအားလုံးငြိမ်းချမ်းပြီး ကိုယ်နေ ထိုင်တဲ့ အရပ်ဒေသမှာ မိသားစုတွေ ပျော်ရွှင်စွာနဲ့ နေထိုင်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တဲ့ သူတွေအားလုံးငြိမ်းချမ်းပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်၊ ဖန်တီးပေးနိုင်တဲ့သူတွေနဲ့ အမြန်ဆုံးတွေ့ပါစေလို့ ဆုတောင်းပါ တယ်။

ဦးသောင်းနိုင်ထွန်း (ပြည်မြို့)

တိုက်ပွဲတွေ မကြာခဏဖြစ်နေရတဲ့အကြောင်းရင်းကတော့ ဟိုဘက် မှာ လက်နက်ရှိနေတယ်။ အစိုးရဘက်မှာလည်း လက်နက်ရှိနေလို့ တိုက် ပွဲတွေဖြစ်နေကြတာ။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ကိုယ့် ဒေသကို လက်နက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ချင်ကြလို့ တိုက်နေကြတာ။ လက်နက်နဲ့ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားမှန်သမျှကို တစ်လုံးတည်းတစ်စုတည်းကာ ကွယ်ကြပါ။ လက်နက်နဲ့ မအုပ်ချုပ်ကြပါနဲ့လို့ တိုက်တွန်းချင်တယ်။ နောက်တက်မယ့် အစိုးရအနေနဲ့ လက်နက်ကိုင်နေသူတွေရဲ့ ဆန္ဒအမှန် ကို သိရှိနားလည်ဖို့ လိုအပ်ပြီး အပေးအယူသဘောမျိုးဖြေရှင်းသွားဖို့ လို တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် အစိုးရနဲ့ လက်နက်ကိုင်တွေအားလုံးနိုင်ငံနဲ့ နိုင်ငံသားအပေါ် စေတနာမှန်ရမယ်။ ကိုယ့်မြေကိုယ်ရေမှာ မွေးပြီး ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့သူတွေ၊ မိသားစုတွေအားလုံး စစ်ဘေးရှောင်နေရတဲ့ဘ၀တွေကနေ အမြန်ဆုံးလွတ်မြောက်ပါစေ။ ပြည်တွင်း စစ်တွေရပ်တန့်ပြီး လက်နက်ကိုင်တွေအချင်းချင်း စစ်မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်။

ဦးသန်းထွန်း (အငြိမ်းစားကျောင်းဆရာကြီး၊ မြစ်သားမြို့)

အမှန်တော့ တိုက်ပွဲတွေဖြစ်နေတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အနေအထားအောင်မြင်မှုနည်းလို့လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ တကယ်တမ်းစစ်စစ်မှန်မှန်ငြိမ်းချမ်းရေးယူချင်တယ်ဆိုရင် ဒီလောက် ကြီး ရှည်လျားထွေပြားနေဖို့တော့ အကြောင်းမဟုတ်ဘူးဗျ။ ငြိမ်းချမ်း ရေးကို တကယ်ဦးတည်တယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း အများကြီးလုပ်ခဲ့ပြီ။ လက်မှတ်လည်း ထိုးပြီ။ ဒါကိုရှည်လျားထွေပြားနေ တယ်ဆိုတော့ စဉ်းစားစရာကောင်းနေပြီ။ ငြိမ်းချမ်းရေးအတွက် တော် တော်ကြီးကို ရင်လေးစရာကောင်းတဲ့အနေအထားပါ။ တကယ်ပြောတဲ့ အတိုင်း ကြိုးစားကြဖို့ တိုက်တွန်းချင်တယ်။ တကယ့်ကို တိကျမှန်ကန်တဲ့ အတွေးအခေါ် အယူအဆတွေကို ဆုပ်ကိုင်ထားမှသာလျှင် အောင်မြင် မယ်လို့ ကျွန်တော်ထင်တယ်။ ဒီဒုက္ခတွေက အမြန်ဆုံးကင်းငြိမ်းပါစေလို့ ဆုတောင်းပေးချင်ပါတယ်ဗျာ။ အလွန်အင်မတန်ကြီးမားတဲ့ ဒုက္ခပါ။ စာ နာကြည့်လေဗျာ။ အမြန်ဆုံးကင်းလွတ်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါ တယ်။

ဦးဝင်းကိုကို (ရှမ်းပြည်မျိုးဆက်သစ်အင်အားစု

အရပ်ဘက်အဖွဲ့အစည်း၊ တောင်ကြီး)

ဒီနယ်မြေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးဟာ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ပေးနေတာပါ။ တပ်မတော်က အတင်းအဓမ္မလက်နက်စွန့်ခိုင်းနေတယ်။ စွန့်ခိုင်းပြီး NCA လက်မှတ်ရေးထိုးဖို့ ပြောနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ လိုချင်တဲ့ အချက်တွေမရတဲ့အခါမှာ တပ်မတော်က ထိုးစစ်ဆင်နေတာ တွေ တွေ့ရပါတယ်။ တပ်မတော်က ငြိမ်းချမ်းရေးအတွက် နှစ်နှစ်ကာကာ လုပ်ဖို့ လျှော့ပေးရင် ငြိမ်းချမ်းရေးက အောင်မြင်ပါမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်တဲ့အခါ နယ်မြေရဲ့ အခွင့်အရေးတွေပေးမယ်ဆိုရင် လက်နက်နဲ့ မတော်လှန်ချင်ပါဘူး။ ညှိနှိုင်းလို့ မရလို့ တိုက်ပွဲကဖြစ်နေ တယ်။ နောက်တက်မယ့် အစိုးရက တိုင်းရင်းသားအရေးကို ဦးစားပေးခဲ့ရင်ငြိမ်းချမ်းရေးက ပြီးဆုံးသွားမှာပါ။ နောက်အစိုးရက ငြိမ်းချမ်းရေးကို အခုလက်ရှိအစိုးရထက် လုပ်နိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ စစ်ရှောင် ပြည်သူတွေအတွက် ဆုတောင်းကတော့ တိုင်းပြည်မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးငြိမ်းချမ်းပြီး နေရပ်ကို ပြန်ရောက်နိုင်ကြ ပါစေ။

ဦးလှမောင်သိန်း (ဥက္ကဋ္ဌ ရခိုင်သဟာယအသင်း)

အရင်တုန်းက ပြည်သူတွေက အခွင့်အရေးတွေရဖို့ ပုံစံမျိုးစုံနဲ့ တောင်းဆိုခဲ့ကြတယ်။ လက်ရှိအချိန်က ခေတ်အပြောင်းအလဲတစ်ခုကို သွားနေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရေးအပြောင်းအလဲကို အချိန်အ တိုင်းအတာတစ်ခုအထိ စောင့်ကြည့်စေချင်တယ်။ တက်လာမယ့် အစိုးရသစ်ကလည်း ဖက်ဒရယ်မူနဲ့ သွားမယ်လို့ ပြောထားတဲ့အတွက် ဆောင်ရွက်မှုရှိ၊ မရှိကို စောင့်ကြည့်ပြီးမှသာ နောင်ဆောင်ရွက်ရမယ့်ကိစ္စတွေ ကို စီစဉ်ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့တောင် တိုက်ပွဲတွေပြန်ဖြစ်နေတယ်ဆို တော့ သူတို့ဆွေးနွေးတဲ့အပေါ်မှာ လိုအပ်ချက်တွေရှိတယ်။ မပြေလည်မှု တွေရှိတယ်လို့ သုံးသပ်မိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေး တဲ့အခါမှာ နှစ်ဖက်စလုံးလိုအပ်ချက်တွေကို လက်ခံပြီး သဘောထားကြီး ကြီးနဲ့ ဆက်လက်ဆွေးနွေးသင့်တယ်လို့ သုံးသပ်ပါတယ်။ စစ်ပွဲတွေ ကြောင့် မြင်ရကြားရတာ စိတ်မချမ်းသာပါဘူး။ နှစ်ဖက်ကြားမှာ ပြည်သူ တွေက မြေစာပင်ဖြစ်ရတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း အများကြီးဝမ်းနည်းမိပါတယ်။ သူတို့ကြုံနေရတဲ့ ဒုက္ခတွေကို ကျွန်တော် တို့ အတတ်နိုင်ဆုံးကူညီပေးသွားပါမယ်။ ပြီးတော့ ကျန်းကျန်းမာမာနဲ့ အိမ်ကို အမြန်ဆုံးပြန်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်)

လက်မှတ်တော့ ထိုးတယ်။ တိုက်ပွဲတွေပြန်ဖြစ်တယ်ဆိုတာက တပ်နေရာချထားရေးတွေ မရှင်းသေးတာ။ အရင်က RCSS က ပြောက် ကျားနေတာလေ။ လက်မှတ်ထိုးပြီးပြီဆိုတော့ အေးဆေးပဲဆိုပြီး လူတွေ ပြန်စုပြီး တပ်စခန်းဆောက်တာပေါ့။ အဲဒီတော့ တပ်က မကြိုက်ဘူး။ တိုက်တာပေါ့။ အခုတော့ လူကြီးချင်းပြန်ဆွေးနွေးနေကြပါပြီ။ တပ်နှစ် ဖက်စလုံးကို တိုက်တွန်းချင်တာက ဒီလိုတိုက်မယ်ခိုက်မယ်ဆို လူကြီးတွေ ကို အစီရင်ခံပြီး သဘောတူမှ တိုက်မယ်ဆိုရင်ကောင်းမယ်ဗျ။ မဟုတ် ရင် ဒါတွေက NCA လက်မှတ်ထိုးထားတာကို လာထိခိုက်နိုင်တယ်။ အဲဒါစိတ်ပူတယ်။ လာမယ့်အစိုးရသစ်အနေနဲ့ကလည်း လက်မှတ်မထိုးရသေး တဲ့ အဖွဲ့တွေ လက်မှတ်ထိုးလာအောင် ကြိုးစားရမှာပေါ့။ စာအုပ်ဖွင့် ထားတယ်။ အချိန်မရွေးလာထိုးဆိုတာလောက်နဲ့ မရဘူး။ သူတို့လာထိုး ချင်အောင် စည်းရုံးနိုင်ရမယ်။ အခုက NCA စာချုပ်ပေါ်မှာ ဘယ်သူမှ အငြင်းမပွားကြဘူး။ ထိုးဖို့၊ မထိုးဖို့ပဲ ကျန်တာ။ ဒီအခြေအနေကောင်းကို ဘယ်လွှင့်ပစ်လို့ဖြစ်မလဲ။ နောက်ပြီး စစ်ဘေးရှောင်တွေအတွက် အဓိက စိတ်ပူတာတော့ တိုက်ပွဲတွေမရှိတော့လို့ သူတို့နေရပ်ပြန်တဲ့အခါ သူတို့ ရဲ့ စားဝတ်နေရေး ပြန်လည်ထူထောင်ရေးအတွက်ပါပဲ။ ဒီအတွက် အစိုးရရော၊ လူမှုအဖွဲ့အစည်းတွေရော ၀ိုင်းကူဖို့လိုတယ်လို့ ပြောချင်ပါ တယ်။ သူတို့အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးစိုင်းလူ (တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်၊ တောင်ကြီး)

တိုက်ပွဲတွေ ပြန်ဖြစ်နေတာ တစ်ဖက်နဲ့ တစ်ဖက်သည်းခံမှုနည်းပါး လို့ ပြန်ဖြစ်နေတယ်။ တစ်ဦးနဲ့ တစ်ဦးတစ်ဖက်တည်း၊ တစ်ဦးတည်းအ တွက် မကြည့်ဘဲ အများပြည်သူအတွက် ကြည့်ပေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ တပ်မတော်မှာပါ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးလိုအပ်ချက်ကို မျှမျှတတဖြေရှင်းတိုင်ပင်ရမယ်။ ပြည်သူ့အကျိုး ကို ဦးစားပေးပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးဖော်ဆောင်လာနိုင်မယ်။ ကိုယ့်အတ္တတစ်ခုတည်းမကြည့်ကြဖို့လည်း ပြောလိုပါတယ်။ စစ်ရှောင်ပြည်သူများအနေနဲ့ ငြိမ်းချမ်းပြီးတော့ လုံခြုံ တဲ့ အသိုက်အ၀န်းမှာနေနိုင်ပြီးတော့ အေးချမ်းစွာလုပ်နိုင်ကိုင်နိုင်ပြီး နေရပ်ကို ပြန်နိုင်ဖို့ ဆုတောင်းပေးပါတယ်။

မရွှေစင်ယု (ထားဝယ်)

အစိုးရဘက်က ငြိမ်းချမ်းရေးရတာ မလိုချင်သေးဘူးထင်တယ်။ စစ်ပွဲဖြစ်ရင် တကယ်ခံစားကြ ရတာက ပြည်သူတွေပါ။ ပြည်သူတွေက စစ်ဖြစ်တာကို မလိုချင်ဘူး။ ဒါကြောင့် ပြည်သူတွေက ရွေးချယ်ထားတဲ့ အစိုးရဆိုရင် စစ်ကို မုန်းရမယ်ထင်တယ်။ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အကြား ရယူထားတဲ့ ငြိမ်းချမ်းရေးက စာရွက်အတွက် အဓိကလား။ မြေပြင်က ငြိမ်းချမ်းရေးအတွက် အဓိကလားလို့ မေးချင်တယ်။ နောက်ပြီး တပ်မတော်ရော လက်နက်ကိုင်တွေ ပြည်သူတွေကို သနားကြစေချင်တယ်။ စစ်ဘေးသင့်ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရနဲ့ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြရမယ်။ ၂၀၁၆ ခုနှစ်က စတင်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပေးနိုင်မယ့် အစိုးရကို ပိုင်ဆိုင်နိုင်ပါစေလို့ စစ်ဘေးသင့်ပြည်သူတွေကို ဆုတောင်းပေးပါတယ်။

ကိုဇန်ခန့်ထန် (သင်္ဃန်းကျွန်း)

တိုက်ပွဲတွေပြန်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ကြားခံဇုန်အတိ အကျမသတ်မှတ်ထားနိုင်လို့ပဲ။ နောက်တစ်ချက် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို ချဉ်းကပ်ပုံက ယခင်အစိုးရတွေထက် သာ လွန်ထိရောက်တဲ့အချက်တွေရှိပေမယ့် ချဉ်းကပ်ပုံက အကျိုးစီးပွားပေး၊ မက်လုံးပေးလိုက်ရင် အဆင်ပြေသွားမယ်လို့ ယုံကြည်တာရယ်၊ နောက် တစ်ခုက မဟာဗျူဟာထက် နည်းဗျူဟာပေါ်ကို အားပြုတာရယ်ကြောင့်ပါ။ ဒါပေမဲ့ နောက်အစိုးရသစ်က ဒီ MPC ကို ဆက်သုံးဖို့လိုတယ်။ ဦးအောင်မင်းကို ငြိမ်းချမ်းရေးဝန်ကြီးပြန်ခန့်အပ်တာဝန်ပေးတာမျိုးပေါ့။ ဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးကို သူတို့စနိုင်ခဲ့တယ်လို့ မှတ်တိုင်ထူချင်ခဲ့တယ်။ နောက်အစိုးရသစ်လက်ထက်မှာလည်း ငြိမ်းချမ်းရေးပြဿနာကို ကိုင် တွယ်ဖြေရှင်းရဦးမှာပဲ။ အစိုးရသစ်အနေနဲ့ တိုက်ပွဲမဖြစ်တော့အောင် ကိုင်တွယ်နိုင်ဖို့က အစိုးရသစ်က တပ်မတော်အပေါ်မှာ ဘယ်လောက်အထိ သြဇာရှိမလဲ။ ခုထွက်နေတဲ့ ကာလုံဥပဒေကြမ်းမှာ တပ်ချုပ်ကို သမ္မတ အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌတွေက ခန့်အပ်မှာလို့ ဆိုပေမယ့် တပ်မတော်ကို ဘယ်လိုထိန်းကျောင်းနိုင်မလဲ။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုရော ဘယ်လိုရအောင်ဆောင်ကြဉ်းပေးနိုင်မလဲ။ နောက်တစ်ခုက ပြည်တွင်းစစ်ဆိုတာ အကျိုးစီးပွားတင်မကဘူး Identity Politics ကြောင့်လည်း ပါတယ်။ ဒုက္ခသည်တွေတိုးလာတာ က အတော့်ကို ကျက်သရေယုတ်တာပေါ့။ သူတို့အတွက် စိတ်မကောင်း ဘူး။ ဒါပဲပြောချင်တယ်။

7 day

No comments:

Post a Comment