Tuesday, February 16, 2016

ဆီးရီးယားမြောက်ပိုင်း ဆေးရုံများကို ဗုံးကြဲမှုသည် စစ်ရာဇဝတ်မှုဟု ပြင်သစ်နှင့် တူရကီစွပ်စွဲ

ဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် ဆေးရုံအဆောက်အအုံ တစ်နေရာကို တွေ့မြင်ရစဉ်။
ဆီးရီးယားမြောက်ပိုင်းရှိ ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုတစ်ရပ်ဟု ပြင်သစ်နှင့်တူရကီတို့က စွပ်စွဲပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အဆိုပါဒေသရှိ ဆေးရုံနှင့်ကျောင်းများကို လေကြောင်းမှပစ်ခတ်သည့် ဒုံးကျည်များထိမှန်ရာ အနည်းဆုံး လူ ၅၀ မျှ အသက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ တူရကီက အဆိုပါတိုက်ခိုက်မှုများကို ရုရှားက ကျူးလွန်ကြောင်း စွပ်စွဲခဲ့သော်လည်း ကရင်မလင် နန်းတော်ဘက်က ယင်းအပေါ် တုံ့ပြန်မှုမရှိသေးချေ။
ကုလသမဂ္ဂ၏အဆိုအရ အက်ဇက်ဇ်အနီးရှိ ဆေးရုံနှစ်ခုတွင် ဗုံးကြဲတိုက်ခိုက်မှုများကြုံခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောင်းနှစ်ကျောင်းလည်း ထိခိုက်ခဲ့ကြောင်း ဆိုသည်။ ဆီးရီးယားမြောက်ပိုင်းရှိ အစ်ဒ်လစ်ဘ်ဒေသတွင်မူ ဆေးရုံတစ်ရုံသည် ဗုံးဒဏ်ကြောင့် လုံးဝပြားပြားဝပ် ပြိုကျသွားသည်။

ပြင်သစ်၏ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ တစ်ခုဖြစ်သော MSF France၏ ဥက္ကဋ္ဌ မီဂို တာဇီယန်က ယခုတိုက်ခိုက်မှုကို ဆီးရီးယားလေတပ်၊ သို့မဟုတ် ၎င်းတို့၏ မဟာမိတ်ရုရှားတို့က ကျူးလွန်ကြောင်း စွပ်စွဲခဲ့သည်။ သို့သော် ဆီးရီးယားအခြေစိုက် ရုရှားသံရုံးကမူ အမေရိကန်နှင့် ပူးပေါင်းလေတပ်၏ တိုက်ခိုက်မှုဟု တုံ့ပြန်ထားသည်။

MSF Franceက ဖွင့်လှစ်ထားသည့် ဆေးခန်းတစ်ခုသည် အဆိုးရွားဆုံးထိခိုက်ခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းမက် အေရော့တ်က ဆိုသည်။ “ဥပဒေ သတ်မှတ်ချက်တွေ အရတော့ ဒါဟာ စစ်ရာဇဝတ်မှုတစ်ခုပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပြုကာ သူပုန်တပ်ဖွဲ့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။ ရုရှားက မိမိတို့သည် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကိုသာ ပစ်မှတ်ထားကြောင်း ကြေညာထားသော်လည်း
အမေရိကန်နှင့် NATO မဟာမိတ်များကမူ ရုရှားလေတပ်သည် အလယ်အလတ်သဘောထားရှိသည့် ဆီးရီးယားသူပုန်များကိုပါ ဗုံးကြဲနေကြောင်း အစဉ်တစိုက် စွပ်စွဲထားသည်။

Ref: BBC

No comments:

Post a Comment