Wednesday, January 6, 2016

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် နျူကလီးယားပိုင်သည့် နိုင်ငံများတွင် ပါဝင်ပြီဆို

မြောက်ကိုရီးယား၏ အရှေ့မြောက် အဏုမြူ စမ်းသပ်မှု နယ်မြေအနီးတွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ပြီး နောက်ပိုင်း ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ချက်တစ်ခုကို ဇန်န၀ါရီ ၆ ရက်က အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ထုတ်ဖော် ပြောကြားခဲ့သည်။
ပြုံယမ်းသည် ဒေသစံတော်ချိန် ၁၂ နာရီ တွင် အထူး ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဗုံးစမ်းသပ်မှုသတင်းများကို အတည်ပြုသွားခဲ့ကာ ယင်း၏ နျူးကလီးယားဆိုင်ရာ တိုးတက်မှုပိုင်းတွင် အဓိက ခြေလှမ်းတစ်ရပ် လှမ်းလိုက်နိုင်ပြီဟု ပြောကြားသွားခဲ့သည်။

" နိုင်ငံရဲ့ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ဒီနေ့မနက်မှာပဲ အောင်အောင်မြင်မြင်နဲ့ စမ်းသပ်နိုင်ခဲ့ပါတယ်" ဟု နိုင်ငံပိုင် တီဗွီသတင်းဖတ်ကြားသူက ကြေညာခဲ့သည်။

"ကျွန်တော်တို့ရဲ့ သမိုင်းဝင် ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်မှုနဲ့အတူ အခုဆိုရင် အဆင့်မြင့် နျူကလီးယား နိုင်ငံတွေထဲမှာ ကျွန်တော်တို့လည်း ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ လူသားအရင်းအမြစ်တွေပေါ်မှာ အခြေခံတဲ့ ဒီစမ်းသပ်ချက်ကြောင့် ကျွန်တော်တို့ရဲ့ အသစ်တီထွင်လိုက်တဲ့ နည်းပညာ အရင်းအမြစ်တွေဟာ တိကျမှုရှိပြီး ဟိုက်ဒရိုဂျင်ဗုံးရဲ့ အကျိုးဆက်တွေကို သိပ္မံနည်းကျ ဖော်ဆောင်နိုင်တယ်ဆိုတာကို ပြသရာ ရောက်ပါတယ်" ဟု ဖတ်ကြားသွားခဲ့သည်။

နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အဓိက အဏုမြူဆိုင်ရာ စမ်းသပ်မှုနယ်မြေအနီးတွင် ဇန်န၀ါရီ ၆ ရက် အစောပိုင်းက ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တုန်လှုပ်မှုတစ်ခုကို မြေငလျင် တိုင်းတာရေး ပညာရှင်များက စစ်ဆေးတွေ့ရှိခဲ့ရာ အဆိုပါနိုင်ငံမှာ နျူကလီးယား စမ်းသပ်ချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့ပုံရသည်ဟု ခန့်မှန်းခဲ့ကြသည်။

ယင်းနိုင်ငံသည် ယခင် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်များကလည်း နျူးကလီးယား စမ်းသပ်ချက်များကို လုပ်ဆောင်ထားခဲ့သည့်နိုင်ငံဖြစ်သည်။
mizzima

No comments:

Post a Comment