Monday, July 30, 2012

. . . . . . ပြောပြချင်ပါတယ် (၅)


Written by သန်းထွဋ်အောင်   
Sunday, 29 July 2012 11:08


ထိုင်းနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးခေါင်းဆောင်များကို Nation Multimedia Group ၏ ဥက္ကဋ္ဌ Suthichai Yoon နှင့်အတူ NMG (၄၁)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲတွင် တွေ့ရစဉ်
စာမရေးဖြစ်တာ တစ်လလောက် ရှိပါပြီ။ ခရီးထွက်နေတာ၊ နေမကောင်းတာ၊ ဒါပေမဲ့ စာရေးပျင်းတာက အဓိကပါပဲ။ တစ်လဆိုတော့လည်း ရေးစရာတွေက အများကြီး၊ တွေးတောစရာတွေက အများကြီးပါပဲ။ ရှေ့ခရီး ဆက်နိုင်တဲ့ မျှော်လင့်ချက်တွေက အပြည့်၊ နောက်ပြန်လှည့် သွားနိုင်တဲ့ အတားအဆီး အနှောင့်အယှက်တွေက ဒီထက်တောင် ပိုများမလားပဲ။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ပါတယ်။ ကျွန်တော်တို့နဲ့ MoU ထိုးထားတဲ့ Nation Multimedia Group နဲ့ ဆွေးနွေးဖို့ပါ။ သူတို့နဲ့ အသေအချာ လေ့လာကြည့်တော့ ကျွန်တော်တို့ Eleven Media Group ဟာ နှစ် ၃၀ လောက် နောက်ကျကျန်ခဲ့ပါပြီ။ လိုအပ်ချက်တွေ၊ ပြုပြင်စရာတွေကလည်း အများကြီးပါပဲ။ NMG ဥက္ကဋ္ဌ Mr. Suthichai Yoon ဟာ Nation စတင်တည်ထောင်တဲ့ လွန်ခဲ့တဲ့ ၄၂ နှစ်ကတည်း က Reporter လေးဘ၀နဲ့ စတင်ဝင်ရောက်ပြီး အခု BOD ရဲ့ ဥက္ကဋ္ဌဖြစ်လာသူပါ။ လုပ်ငန်းကျွမ်းကျင်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး လောကမှာ သြဇာကြီးသူဖြစ်ပါတယ်။ မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာလူမျိုးတွေ အကြောင်းကိုလည်း သိနားလည်သူဖြစ်ပါတယ်။ နားလည်မှုလည်းရှိပါတယ်။ ကျွန်တော်နဲ့ သူနဲ့အကြားမှာ သဘောထားချင်း တိုက်ဆိုင်တာတွေ များပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်သတင်းစာ ထုတ်ဝေဖြစ်မယ်ဆိုရင် Editorial နဲ့ Policy ပိုင်းကို EMG ကပဲ တာဝန်ယူဖို့ သူသဘောတူပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကျွန်တော်တို့ ပြည်တွင်းမီဒီယာတွေ အမြင်ကွဲလွဲတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ရိုဟင်ဂျာပြဿနာကို ကျွန်တော်တို့နှစ်ဦးလုံး သဘောညီကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းစနိုင်ငံတွေမှာ မွတ်စလင်အစွန်းရောက် အကြမ်း ဖက်မှုတွေရဲ့စိန်ခေါ်ခံရပါတယ်။ ကွန်မြူနစ်နဲ့ အာဏာရှင်နိုင်ငံတွေကို ဒီအစွန်းရောက်တွေ ရှောင်ကြပြီး ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ အင်ဒိုနီးရှား အခုမြန်မာနိုင်ငံတို့လို ဒီမိုကရေစီစစ်စစ်ကို ကူးပြောင်းတဲ့နိုင်ငံတွေဟာ အခြား အာဆီယံနိုင်ငံတွေထက် ပိုစိန်ခေါ်ခံရမှာပဲ ဖြစ်ပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံတောင်ပိုင်းမှာ သက်ဆင် ကျူးလွန်ခဲ့တဲ့ အမှားမျိုး မကျူးလွန်မိဖို့ကတော့ အရေးကြီးပါတယ်။ ရခိုင်မြောက်ပိုင်း၊ မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ဒါဟာ အာဆီယံ အသိုင်းအ၀ိုင်းကို ခြိမ်းခြောက်မှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိတ်ဆွေကို ရွေးချယ်လို့ ရပါတယ်။ အိမ်နီးချင်းကိုတော့ ရွေးချယ်လို့ မရပါဘူး။ ကျွန်တော်တို့ အိမ်နီးချင်းငါးနိုင်ငံမှာ ကျွန်တော်တို့ ကျောပေးဆက်ဆံနေထိုင်လို့ရတဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံတော့ ရှိရပါမယ်။ ဒီနိုင်ငံဟာ ဒီမိုက ရေစီ ထွန်းကားရမယ်။ သတင်းစာ လွတ်လပ်ခွင့်ရှိရပါမယ်။
ကမ္ဘာ့လူဦးရေရဲ့ ၃၅ ရာခိုင် နှုန်းကျော်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ ကမ္ဘာပေါ်မှာ တစ်နိုင်ငံတည်း ရှိပါတယ်။ အကောင်းနဲ့အဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတာပါ။ ဒီအတွက် မဟာဗျူဟာ အချက်အချာ အကျဆုံးနိုင်ငံ ဖြစ်တယ်။ တိုးတက်စရာရှိရင် သူများတွေ လိုက်မမီဘူး။ ဒါပေမယ့် အမြဲတမ်း 'ကျွန်' ဖြစ်နိုင်တယ်။ နိုင်ငံ ပျောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့လူမျိုးဟာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်။ ဒီပြင်းထန်တဲ့ စိတ်ဓာတ်ဟာ မရှိမဖြစ်ပါ။ ဒါပေမယ့် ဒီအတွက်ကြောင့်လည်း တစ်နည်းဆိုရရင် အမျိုးသားရေးစိတ်ဓာတ် ကျိန်စာသင့်ခံခဲ့ရတာပါ။ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ စစ်ဘုရင်ဝါဒနဲ့ အာဏာရှင်စနစ်ပဲ မဟုတ်ဘူးလား။ တိုင်းပြည်ရဲ့ ပထ၀ီအနေအထား၊ သမိုင်းကြောင်း စစ်ပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင် ဖြစ်ခဲ့ရတယ်။ တိုင်းပြည်က ဆင်းရဲမွဲတေ နိမ့်ကျခဲ့ရတယ်။ အာရှတိုက်မှာ အချမ်းသာဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်နိုင်တဲ့ ရေမြေ သဘာဝပထ၀ီ အနေအထား၊ အလုပ်ကြိုးစားတဲ့၊ စိတ်ဓာတ်ကောင်းမွန်တဲ့ လူမျိုးနွယ်စုတွေ ရှိနေပါလျက်နဲ့ အဆင်းရဲဆုံး အမွဲတေဆုံး၊ အောက်တန်း နောက်တန်း အကျဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့ရတယ်။ အခု ကျွန်တော်တို့နိုင်ငံကို တကယ်ပြောင်းလဲတော့မယ်ဆိုရင် အမျိုးသားရေးဝါဒနဲ့ လွတ်လပ်မှုသဟ ဇာတဖြစ်နိုင်တဲ့ Strategic Thinking မဟာဗျူဟာကျတဲ့ တွေးခေါ် မြော်မြင်မှုတစ်ခုတော့ လိုလာပါပြီ။ ကျွန်တော်တို့ ဘယ်လိုလမ်းကို သွားကြမလဲ၊ ဘယ်လမ်းကို ရွေးကြမလဲ။
သတင်းမီဒီယာနဲ့အစိုးရ၊ နိုင်ငံရေးလောကဆိုတာ
ဇူလိုင်လ ၁ ရက်နေ့ဟာ NMG ရဲ့ (၄၁) နှစ်မြောက်တဲ့နေ့ ဖြစ်ပါတယ်။  ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်မှာ ဒီအထိမ်းအမှတ် ဧည့်ခံပွဲကို ကျွန်တော်တက်ဖြစ်ပါတယ်။ အဲဒီပွဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေ အများကြီး တက်ပါတယ်။ အရင်အစိုးရ ရဲ့ ၀န်ကြီးဟောင်းတွေ အခုလက်ရှိ အစိုးရအဖွဲ့ဝင်၊ ဘဏ်ပိုင်ရှင်တွေ၊ ကုမ္ပဏီကြီးတွေ၊ ထင်ရှားတဲ့ပုဂ္ဂိုလ် ၅၀၊ ၆၀ လောက်ပါတဲ့ နေ့လယ်စာစားပွဲပါ။ အဲဒီပွဲမှာ Mr Suthichai Yoon က ကျွန်တော့်ကို အားလုံးရှေ့မှာ ထိုင်းလို မိတ်ဆက်ပေးပါတယ်။ ကျွန်တော်နားလည်တာက fighter  တစ်လုံးပဲ ပါပါတယ်။ သူတို့အားလုံး ကျွန်တော့်ကို လက်ခုပ်တီး ကြိုဆိုနှုတ်ဆက် ပါတယ်။ ကျွန်တော်တို့ဆီမှာနဲ့ မတူတဲ့ မျက်နှာပေါ်က သတင်းမီဒီယာတွေအပေါ် ထားရှိတဲ့ အပြုံးနဲ့ မျက်နှာထားပါ။ ဆူသီချိုင်းနဲ့ အာဏာရပါတီ၊ အတိုက်အခံ ပါတီခေါင်းဆောင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ ဆက်ဆံမှု အနေအထားပါ။ ဒီနေ့ အာဏာရတယ်။ အစိုးရအဖွဲ့ဝင်ဖြစ်တယ်။ လာဘ်မစားဘူး၊ အခွင့်အရေးကို လိုတာထက် ပိုမယူဘူး၊ သူ့အကြောင်း ဘာရေးရေး သူစိတ်ဆိုးစရာမရှိဘူး၊ နောက်နေ့ အစိုးရအဖွဲ့ဝင် မဖြစ်ရင်ကော၊ သူလုပ်ခဲ့တာတွေအတွက် လေးစားမှုတွေ ကျန်ခဲ့မယ်။ နိုင်ငံရေး နယ်ပယ်ထဲမှာ ဆက်လက်ရှင်သန်မယ်။ သတင်းမီဒီယာတွေနဲ့ကော ပုံမှန်ပဲပေါ့။ ရေးစရာရှိတာ ရေးမယ်၊ ဆက်ဆံစရာရှိတာ ဆက်ဆံမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကရော၊ အထူးအခွင့်အရေးတွေ မယူဘူး၊ အများနည်းတူ လုပ်ကိုင်မယ်။ အခွန်မရှောင်ဘူး။ သူ့ရဲ့လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိမယ်။ သတင်းမီဒီယာဆိုတာ သူ့အတွက် မနှစ်မြို့စရာ မဟုတ်ဘူး။ ဒီပွဲမှာ မြန်မာဆိုတာ တော်တော်မျက်နှာပွင့်ပါတယ်။ (တံခါးဖွင့်ခဲ့တဲ့ သမ္မတကြီးနဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၊ Icon တစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ရဲ့ မျက်နှာတွေကြောင့်ပါ။)

တချို့က ကျွန်တော့်ကို လာနှုတ်ဆက်ကြပါတယ်။ မြန်မာနိုင်ငံကို လာမယ်လို့ပြောတဲ့သူ တော်တော်များပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ သတင်းမီဒီယာတွေကို ဆက်ဆံတဲ့ အနေအထားနဲ့ ဒီမိုကရေစီအစိုးရအဖွဲ့ဝင်တွေ နေထိုင်ပြုမူပုံကိုပါ။ အာဏာရှင်နိုင်ငံတွေက အစိုးရအဖွဲ့ဝင်တွေ ကိန်းကြီးခန်းကြီးနိုင်တာတွေနဲ့ နှိုင်းယှဉ်မိတာပါ။ ဒီနေ့ အာဏာရတယ်။ နောက်နေ့ အာဏာမဲ့တယ်။ ဒါဟာ ဒီမိုကရေစီပါပဲ။ ကိုယ်ဘာမှ မဟုတ်တာ မလုပ်ထားရင် ဘာမှ လိပ်ပြာမလုံစရာ မရှိပါဘူး။

အာရှတိုက်မှာ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နိုင်တဲ့ ရေမြေ သဘာဝပထ၀ီ အနေအထား၊ အလုပ်ကြိုးစားတဲ့ ၊ စိတ်ဓာတ်ကောင်းမွန်တဲ့ လူမျိုးနွယ်စုတွေ ရှိနေပါလျက်နဲ့ အဆင်းရဲဆုံး အမွဲတေဆုံး၊ အောက်တန်း နောက်တန်းအကျဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့ရတယ်။ အခု ကျွန်တော်တို့နိုင်ငံကို တကယ်ပြောင်းလဲတော့မယ်ဆိုရင် အမျိုးသားရေးဝါဒနဲ့ လွတ်လပ်မှု သဟဇာတဖြစ်နိုင်တဲ့ Strategic  Thinking မဟာဗျူဟာကျတဲ့ တွေးခေါ် မြော်မြင်မှုတစ်ခုတော့ လိုလာပါပြီ။ ကျွန်တော်တို့ ဘယ်လိုလမ်းကို သွားကြမလဲ၊ ဘယ်လမ်းကို ရွေးကြမလဲ  .  .  

ကျွန်တော်တို့ဆီမှာကျတော့ လက်အောက်ခံနိုင်နေကျသူတွေလို ထစ်ခနဲဆို စိစစ်ရေးကနေ ခေါ်သတိပေးခိုင်းမယ်။ ထောင်ဘယ်နှနှစ် ကျမယ် ခြိမ်းခြောက်လိုက်၊ တရားတွေ ခဏ ခဏ ထစွဲလိုက်။ နောက်ပြီး မီဒီယာ ဥပဒေတွေဆိုပြီး ထိန်းကျောင်းဖို့ ပြောလိုက်ကြနဲ့ တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ တချို့ကလည်း နှစ်ပေါင်း ဘယ်နှစ်ဆယ်လောက် အာဏာဆက်ရှိဦးမယ့် ပုံစံမျိုးနဲ့ပေါ့လေ။
တကယ်တော့ ထိုင်းနိုင်ငံလို စစ်တပ်က အာဏာခဏခဏသိမ်းတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် တည်တံ့ခိုင်မြဲတာ တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်တာဟာ ဘုရင်ကြီးရှိနေတာရယ် ထိုင်းရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးအား ကောင်းတာကြောင့် ဖြစ်ပါတယ်။ ဒီလိုပါပဲ အာရှရဲ့ သက်တမ်းရှည် ဒီမိုကရေစီနိုင်ငံ အိန္ဒိယမှာ ဒီမိုကရေစီရဲ့အသက်ဟာ ပါလီမန်နိုင်ငံရေး စနစ်နဲ့ အိန္ဒိယသတင်းစာတွေ အားကောင်းတာကြောင့်ပါ။ ဒါ့အပြင် အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ရင့်ကျက်တာကလည်း သတင်းမီဒီယာတွေ အားကောင်းတာ၊ ရဲရင့်မှုရှိတာကြောင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာရော၊ ဘာကိုလိုချင်တာပါလဲ။ သတင်း မီဒီယာတွေကို တရားစွဲ၊ ကျွန်တော်တို့က လက်မခံနိုင်မယ့် စာနယ်ဇင်းကောင်စီကို ဇွတ်အတင်းဖွဲ့၊ မဆိုင်တဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို မီဒီယာဥပဒေ ရေးဆွဲရေးမှာ ဦးဆောင်ခိုင်းပြီး အချင်းချင်း ရန်တိုက်၊ သတင်းစာတွေ မချပေးဘဲ ခရိုနီမီဒီယာတွေ ကြီးအောင်ချဲ့ ဒီမိုကရေစီအစိုးရနဲ့ သတင်းမီဒီယာတွေရဲ့ ပုံမှန်ဆက်ဆံရေးတော့ မဟုတ်ပါဘူး။ သမ္မတကြီးအနေနဲ့ သတင်းမီဒီယာတွေ တရားစွဲတာတွေကို ရပ်ဆိုင်းပေး ဖို့နဲ့ ကျွန်တော်တို့သဘောမတူတဲ့ မီဒီယာဥပဒေကို အတင်းအကျပ် မရေးဆွဲဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် လက်တွဲလျှောက်ရမယ့် ခရီးရှည်ကြီးမှာ ညီညွတ်ဖို့ အရေးကြီးလှပါတယ်။
ပီပြင်လာတဲ့ လွှတ်တော်နဲ့ လယ်သမားအခွင့်အရေး
လွှတ်တော်အကြောင်း Sky net က သီးသန့် channel တစ်ခုနဲ့ ပြတာ အတော်ကောင်းပါတယ်။ အရင် TV ပုံမှန်မကြည့်ဖြစ်တဲ့ ကျွန်တော်တောင် စွဲစွဲလန်းလန်း ကြည့်ဖြစ်ပါတယ်။ ဒီမိုကရေစီ နည်းမကျတဲ့ နည်းဥပဒေ အချို့နဲ့ လုပ်ဆောင်မှုအချို့ ရှိပေမယ့် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ အင်တိုက်အားတိုက် စိတ်ပါလက်ပါ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ကိုယ်စားပြု မဲဆန္ဒနယ်ရှိခြင်း၊ ကိုယ်စားပြုရှင်း လင်းရမယ့် ပြည်သူတွေရှိခြင်းက လွှတ်တော်ကိုယ်စားလှယ်တွေကို Motivation ဖြစ်စေပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်မယ့် လွှတ်တော်စစ်စစ်နဲ့ အမိန့်ပေး စနစ်အောက်က မဟုတ်ဘဲ စဉ်းစားချင့် ချိန်ဉာဏ်နဲ့ ပြည်သူ့အကျိုးစစ်စစ် ဆောင်ရွက်မယ့် ဒီမိုကရေစီ လွှတ်တော်စစ်စစ်ပေါ်ပေါက်ရေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါပါတယ်။
ဒီနေရာမှာ လယ်သမားတွေရဲ့ လယ်မြေသိမ်းခံရမှုနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသူရော၊ ဆွေးနွေးသူတွေရော ကျေးဇူးတင်စရာကောင်းပါတယ်။ အရင်စနစ်ဟောင်းမှာ ကျင်လည်ခဲ့ကြပေမယ့် အခုအချိန်မှာ ကျေးဇူးရှင် လယ်သမားတွေအပေါ် စာနာမှုက ပြောသွားတဲ့စကားမှာ ပေါ်ပါတယ်။ လယ်တွေသိမ်းခံရလို့ နေ့ချင်းညချင်း ပိုင်ရှင်ဘ၀ကနေ နေ့စားအလုပ်သမားအဖြစ် မြို့တက်လုပ်ရ၊ ကလေးတွေ ကျောင်းမထားနိုင်၊ ယောက်ျား ကလေးတွေက ကလေးအလုပ်သမားဖြစ်၊ မိန်းကလေးငယ်တွေက အိမ်ဖော်ဖြစ်၊ မကောင်းတာတွေဖြစ်၊ လူကုန်ကူးခံရ၊ ဒီလို ဖျက်ဆီးနင်းချေခံရတဲ့ လယ်သမားကြီးတွေရဲ့ မိသားစုဘ၀ကို အခုမှ ကျွန်တော်မြင်ယောင် မိပါတယ်။ ကျွန်တော်အပါအ၀င် သတင်းမီဒီယာတွေ နက်နက်ရှိုင်းရှိုင်း သတင်းမရယူ မဖော်ပြမိခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်။ အရင်တုန်းက ချစ်တီးလယ်သိမ်းတာ ကမှ ကြိုသိရတယ်လေ။ အခု ဒီထက် ပိုဆိုးပါတယ်။ ဘယ်လောက် အကုသိုလ်များလိုက်မလဲ။ တပ်လယ်မြေ၊ အဖွဲ့အစည်းပိုင်လယ်မြေ၊ ကုမ္ပဏီပိုင်လယ်မြေတွေအားလုံး မျှမျှတတဖြစ်အောင် ကိုယ်ချင်းစာနာစိတ်နဲ့ လုပ်ပေးသင့်ပါတယ်။
လွှတ်တော်မှာ လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုတွေ၊ ဆွေးနွေးမှုတွေ ပီပြင်လာပေမယ့် ဖြေကြားတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်က အချို့သော ဖြေကြားမှုတွေကတော့ စိတ်ပျက်စရာကောင်းတုန်းပါပဲ။ ဒီမေးခွန်းဖြေကြားမှုတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့် ပြည်သူတွေ ပြန်ကြားရတယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အမှန်ကို ၀န်ခံဖို့ ပြုပြင်ဖို့၊ စိစစ်ဖို့၊ ပြန်ကြားဖို့ဆိုတာ ဖြေတဲ့သူတွေရဲ့ တာဝန်ပါ။
'စ' လုံး မစရသေးတဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာ
ဟိုတစ်နေ့က လာဘ်ပေးလာဘ်ယူကို တိတိကျကျသာ ထောက်ပြရင် အရေးယူခံရမှာပါလို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောပါတယ်။ တကယ်တော့ ကြီးမားတဲ့ လာဘ်ပေး လာဘ်ယူတွေဟာ ပေးသူ ယူသူ နှစ်ဦးပဲသိပြီး ဘယ်လိုအသွင်နဲ့ရှိတယ်ဆိုတာ ကျွန်တော်အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်အတော်များများ သိပါတယ်။ ဟိုနေ့က သတင်းစာမှာပါတဲ့ ဖိုးရွှေကျော်(စစစ)ရဲ့ ဆောင်းပါးမှာပါတဲ့ လာဘ်ပေးလာဘ်ယူ အဓိပ္ပာယ်ဖွင့်ခြင်းမှာ -
(၁) မတရားရယူခြင်း(Wrongful gain)
(၂) မတရားဆုံးရှုံးခြင်း (Wrongful loss)
(၃) မရိုးဖြောင့်ခြင်း (Dishonesty)
(၄) လက်ရှိပစ္စည်းဖြစ်ခြင်း(Property in pocession)
(၅) နစ်နာစေခြင်း (Injury) စတဲ့ ပုဒ်မတွေ ပါရှိပါတယ်။

မေးခွန်း တစ်ခွန်း နှစ်ခွန်းလောက်ပဲ မေးချင်ပါတယ်။ ဟိုတလောက စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို အရက်၊ ဘီယာ၊ စီးကရက်၊ အချိုရည် ရင်းနှီးမြှုပ်နှံမှု ချထားလိုက်ပါတယ်။ ဒါဘယ်လို Criteria တွေနဲ့ ချပေးပါသလဲ။ လူတိုင်းလုပ်လို့ ရပါသလား။ မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ၊ အရက်၊ ဆေးလိပ်လုပ်ငန်းတွေ ဘယ်လောက်ချထားပေးပါသလဲ။ အိမ်နီးချင်းထိုင်း၊ မလေးရှား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ဘီယာတံဆိပ် ဘယ်နှမျိုး၊ စီးကရက် ဘယ်နှမျိုးပဲ ရှိပါသလဲ။ မြန်မာနိုင်ငံမှာ ဘီယာ၊ စီးကရက်က ဘယ်သူတွေ အကျိုးရှိပြီး နိုင်ငံနဲ့ ပြည်သူ ဘယ်လောက် နစ်နာစေသလဲ။
နောက်မေးခွန်းတစ်ခုက ဒီအစိုးရတက်ခါစမှာ အရှုံးပေါ်တဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ကို လွှဲပါတယ်။ ဒီတစ်ခါ ရောင်းတဲ့အစား ငှားပါတယ်။ (PPP)လို့တောင် အပြင်မှာ ပြောကြပါတယ်။ ငှားတာကလည်း နှစ်တွေ အရှည်ကြီးပါပဲ။ တချို့ကတောင် နောက်ပါသေးတယ်။ ဌာနတွေလည်း ပုဂ္ဂလိကပိုင် ငှားရမ်းရေးနဲ့ပဲ အလုပ်ရှုပ်နေကြတယ်တဲ့။ ရသွားတဲ့ နေရာကောင်း အတော်များများတွေက ခရိုနီတွေနဲ့ တာဝန်ရှိသူတွေရဲ့ သားသမီးဆွေမျိုး ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ မဟုတ်လား။ တစ်ခုပဲ မေးစရာရှိတာက ဒီကုမ္ပဏီကြီးတွေက လုပ်မယ့်လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ရပါတယ်။ အဲဒီကုမ္ပဏီစုကြီးတွေ၊ အခု လုပ်နေတဲ့လုပ်ငန်းတွေ၊ ထပ်လုပ်မယ့် လုပ်ငန်းတွေရဲ့ ပမာဏတွေ ရှိပါတယ်။ ဒီပြည်တွင်း ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းကြီးတွေရဲ့ အခွန်ဆောင်ထားမှု ပမာဏ စုစုပေါင်းကိုရော မေးကြည့်ပါရဲ့လား။ စိစစ်ပါသလား။ကျွန်တော် ပြောရဲပါတယ်။ သူတို့ရဲ့(၁၀)နှစ်အတွင်း အခွန်ဆောင်ထားမှုဟာ သူတို့ရဲ့ ရင်းနှီးမှုပိုင်ဆိုင်မှုရဲ့ ၅ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါသလား။ ဒီလိုတာဝန်မကျေတဲ့သူတွေကို ဘာလို့ လုပ်ငန်းတွေ ထပ်ချပေးရတာလဲ။
ကျွန်တော် လာဘ်ပေးလာဘ်ယူ ကိစ္စကို အဓိကထား ပြောနေရတာက တိုင်းပြည် နောက်ပြန်မသွားဖို့ အတွက်ပါ။ ၁ ၊ ၄ ၊ ၂၀၁၁ ရှေ့ပိုင်းကို မေ့ထားရင်တောင် ဒီနောက်ပိုင်းက မေ့လို့မဖြစ်ဘူး။ ဒီနောက်ပိုင်းမှာ မတရား အခွင့်အရေး ရယူသူတွေ၊ လာဘ်စားသူတွေသာ များနေရင် သူတို့ဟာ အပြောင်းအလဲကို ဟန့်တားမယ်။ သူတို့ရဲ့ ဓနအင်အားနဲ့ စစ်အာဏာရှင် လက်သစ်တွေ မွေးထုတ်လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲကို မသမာဖြစ် အောင်လုပ်မယ်။ သတင်းမီဒီယာ၊ နိုင်ငံရေးအင်အားစုတွေကို နှိပ်ကွပ်မယ်၊ မငြိမ်မသက်တွေဖြစ်မယ်၊ တိုင်းပြည်က နောက်ပြန်သွားမယ်၊ လစ်ဗျား၊ ဆီးရီးယားတို့လို လူထုရဲ့ ခါးသီးတဲ့တုံ့ ပြန်မှုနဲ့ ရင်ဆိုင်ရမယ်။ သူတို့လိုတော့ လှပတဲ့ နိဂုံးတော့ မဖြစ်နိုင်ဘူး။ အခုပဲ ရိုဟင်ဂျာ ပြဿနာ၊ မြစ်ဆုံ၊ ပိုက်လိုင်းပြဿနာနဲ့ ဆက်စပ်တဲ့ ကချင်ပြည်တွင်းစစ်နဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု၊ အမေရိကန်ရဲ့ အာရှပစိဖိတ်ဆိုင်ရာ မူဝါဒအပြောင်းအလဲ . . .။
အားလုံးကို ချုံကြည့်ရင် ကျွန်တော်တို့နိုင်ငံဟာ ယူဂိုဆလားဗီးယားလို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ နှစ်(၂၀) မဟာဗျူဟာ အတွေးအမြင် (Strategic thinking)က အရေးမပါဘူးလား။
ပုဂ္ဂိုလ်ရေးမဟုတ်တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ခေါင်းဆောင်မှု
ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို တခြား အာဆီယံနိုင်ငံတွေရဲ့ ပြောင်းလဲမှုတွေနဲ့ နှိုင်းယှဉ်စံယူဖော်ပြကြမယ်ဆိုရင် ကမ္ဘောဒီးယားက ဟွန်ဆန်ရဲ့ ပါတီစုံ မည်ကာမတ္တ ဒီမိုကရေစီ အာဏာရှင်စနစ်ကို လုံးဝ လက်မခံနိုင်ပါဘူး။ ဖိလစ်ပိုင်လို နောက်တက်မယ့် သူက အရင်လူကို ဥပဒေအသုံးပြုပြီးတရားစွဲဆိုတဲ့ ဥပဒေလက်တစ်လုံးကြား လုပ်တဲ့လက်စား ချေဒီမိုကရေစီကိုလည်း မနှစ်သက်ပါဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံမှာလို စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။ ကျွန်တော်တို့နဲ့ အသင့်လျော် ဆုံးက အင်ဒိုနီးရှားရဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ပါ။ ၁၉၉၈ အာဏာရှင် ဆူဟာတိုပြုတ်ကျပြီးကတည်းက ဒီမိုကရေစီစနစ်ကို စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လိုက်ဖက်ညီစွာ ပြောင်းလဲဖော်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အခုဆိုရင် ၁၀ နှစ်ကျော် အတွင်းမှာ ဂျီ-၂၀ အဖွဲ့ဝင် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာနေပါပြီ။
မြန်မာလူမျိုးတွေရဲ့ ပင်ကိုစရိုက်က ခေါင်းဆောင်တွေအပေါ် မှီခိုအားထားပါတယ်။ သမိုင်းစဉ်မှာလည်း ခေါင်းဆောင်ကောင်းရင် တိုင်းပြည် တိုးတက်ပါတယ်။ ခေါင်းဆောင်ညံ့ရင် တိုင်းပြည်ဆုတ်ယုတ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်း Nation သတင်းစာမှာ ထိုင်းအရာရှိတစ်ဦးက  ဒီလိုပြောပါတယ်။ ''ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်စံနမူနာပြ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဒီမိုကရေစီ အပြောင်းအလဲတွေကို လက်တွေ့ အကောင်အထည်ဖော်ရာမှာ အဓိက တာဝန်ရှိသူ လုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်''လို့ ဆိုပါတယ်။ မှန်ပါတယ်။ အခုတိုင်းပြည်ရဲ့ အနာဂတ်ဟာ အခုလက်ရှိခေါင်းဆောင်နှစ်ဦးအပေါ် တည်မှီနေပါတယ်။
သမ္မတကြီးဦးသိန်းစိန်ကို တချို့က အရင်စစ်အုပ်ချုပ်ရေး ခေါင်းဆောင်တွေက ရွေးချယ်ပေးခဲ့သူ၊ အပြောင်းအလဲတွေဟာ အပေါ်ယံပဲ ရှိမှာပါလို့ ဝေဖန်ကြပါတယ်။ ကျွန်တော်လက်မခံပါဘူး။ လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက သူ့အကြောင်း သိခဲ့ရတဲ့ ကျွန် တော်ဟာ ဦးသိန်းစိန်ရဲ့ စစ်မှုထမ်း ဘ၀တစ်လျှောက်လုံးနီးပါး သတင်းတွေ ရရှိထားခဲ့ပါတယ်။ လူချင်းတော့ မတွေ့ဖူးပေမယ့် ပင်ကိုစိတ်ရင်းကောင်းမွန်ပြီး သူတစ်ပါးကို ဒုက္ခမပေးတတ်သူ၊ ကူညီတတ်သူဆိုတာတွေထက် ဒီမိုကရေစီ ပြောင်းလဲရေးမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ထိုက်တဲ့ အရေးကြီးဆုံးကသူဟာ လိုအပ်တာထက် အခွင့်အရေးကို ပိုမယူတတ်သူ၊ အာဏာကို အလွဲမသုံးတတ်သူ ဖြစ်တာပါပဲ။ အခွင့်အရေးကို ရတိုင်း မယူတတ်တဲ့ ခေါင်းဆောင်တွေ၊ အာဏာကို အလွဲမသုံးတတ်တဲ့ ခေါင်းဆောင်တွေသာများရင် ကျွန်တော်တို့ နိုင်ငံအာဏာရှင်နိုင်ငံ ဖြစ်စရာမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို သာမန်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ သာမန်ပါတီခေါင်းဆောင်တစ်ဦးလို ပြောဆိုဆက်ဆံ သုံးနှုန်းနေကြသူတွေရဲ့ ဦးနှောက်အတွေးအခေါ် အဆင့်အတန်းကို အံ့သြမိပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်သာမက ကမ္ဘာ့ဒီမိုကရေစီ အပြောင်းအလဲရဲ့ စံပြ၊ ဖိနှိပ်ခံရတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ စံနမူနာပြ ဖြစ်ပါတယ်။ သူမနဲ့တော့ ကျွန်တော် အကြိမ်ကြိမ် တွေ့ဖူးပါတယ်။  ပထမဆုံးအကြိမ် စတွေ့စဉ်ကတည်းက (အဲဒီတုန်းက ကျွန်တော်က ၂၅ နှစ် ဒေါ်အောင်ဆန်းစုကြည်က ၄၃ နှစ်ပါ၊ သူမ နိုင်ငံရေးနယ်ထဲ စ၀င်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။) ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်မှာ တစ်နာရီကျော် စကားပြောပြီးကတည်းက သူမဟာ ခရီးသွားဟန်လွဲ နိုင်ငံရေးနယ်ပယ်ထဲ ၀င်ရောက်လာသူမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ လူမျိုးအပေါ်မှာ အသွေးအသား နှလုံးသားထဲက ချစ်ခင်မြတ်နိုးခဲ့သူတစ်ယောက်လို့ ကျွန်တော်ယုံကြည်ခဲ့မိပါတယ်။ ၂၄ နှစ်တာ ကာလတစ်လျှောက်လုံး ကျွန်တော်ယုံကြည်ချက်တွေ မယိမ်းယိုင်ခဲ့ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကြိုက်နိုင် တာတွေ၊ အယူအဆ မတူနိုင်တာ တွေရှိနိုင်ပေမယ့် နိုင်ငံနဲ့လူမျိုးအတွက် သက်ရှိထင်ရှား လူတစ်ယောက်ကိုပဲ ကျွန်တော်ယုံကြည်ရမယ်ဆိုရင်တော့ သူ့ကိုပဲ ကျွန်တော်ယုံကြည်မှာပါ။ အခုကျွန်တော်တို့ နိုင်ငံရဲ့ အပြောင်းအလဲမှာ အရေးပါတဲ့ပုဂ္ဂိုလ် နှစ်ဦးလုံး ဘာတွေလုပ်သင့်သလဲ အကြံပေးရရင်တော့ တစ်ဦးချင်းစီပဲ ပြောပြချင်ပါတယ်။ 

၁ ၊ ၄ ၊ ၂၀၁၁ ရှေ့ပိုင်းကို မေ့ထားရင်တောင် ဒီနောက်ပိုင်းက မေ့လို့မဖြစ်ဘူး။ ဒီနောက်ပိုင်းမှာ မတရား အခွင့်အရေး ရယူသူတွေ၊ လာဘ်စားသူတွေသာ များနေရင် သူတို့ဟာ အပြောင်းအလဲကို ဟန့်တားမယ်။ သူတို့ရဲ့ ဓနအင်အားနဲ့ စစ်အာဏာရှင်လက်သစ်တွေ မွေးထုတ်လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲကို မသမာဖြစ်အောင် လုပ်မယ်။ သတင်းမီဒီယာ၊ နိုင်ငံရေးအင်အားစုတွေကို နှိပ်ကွပ်မယ်၊ မငြိမ်မသက်တွေဖြစ်မယ်၊ တိုင်းပြည်က နောက်ပြန်သွားမယ်  . . .  

သမ္မတကြီးအနေနဲ့ သုံးနှစ်တာ ကာလအတွင်းမှာ -
(၁) လာဘ်ပေးလာဘ်ယူကို ၅၀ ရာခိုင်နှုန်း လျော့ချ၊ ခရိုနီစီးပွားရေးစနစ်ကို ပယ်ဖျက်၊ တိုင်းပြည်ရဲ့ GDP  ကို ကတိပေးထားတဲ့အတိုင်း သုံးဆ တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။
(၂) သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ခိုင်မာတဲ့ ဒီမိုကရေစီအခြေပြု အဖွဲ့အစည်းတွေ တည်ထောင်ခြင်းအပါအ၀င် ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့ လိုပါတယ်။
(၃) ငြိမ်းချမ်းရေး တည်ထောင်ခြင်းနဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှတဲ့ ပြည်ထောင်စုစစ်စစ်အတွက် အခြေခံအုတ်မြစ်တွေ တည်ဆောက်ဖို့ လိုပါတယ်။
(၄) တပ်မတော်ကို နှစ်ပေါင်း ၅၀ ကျော် နွံနစ်နေရတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်ပယ်ထဲက ဆွဲထုတ်ပြီး ပြည်သူချစ်တဲ့ Professionalကျတဲ့ တပ်မတော်ဖြစ်အောင် ပြောင်းလဲသွားဖို့ လိုပါတယ်။
(၅) သမ္မတသက်တမ်း ကုန်ဆုံးတဲ့အခါမှာ ပြောင်းလဲပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီ အစိုးရစစ်စစ်တစ်ရပ်ကို အာဏာလွှဲပြောင်းပေးဖို့ လိုပါတယ်။
ဒါတွေသာ လုပ်ဆောင်နိုင်ခဲ့ရင် သမ္မတကြီးဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လည်း -
(၁) သမ္မတကြီးရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို ကူညီဆောင်ရွက်သင့်ပါတယ်။ မည်သို့ပင်ဖြစ်စေ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ပါးအောင်လုပ်ပြီး နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ Image တက်အောင် ကူညီသင့်ပါတယ်။
(၂) ဖခင်ဖြစ်သူ ပေးထားတဲ့ကတိအတိုင်း တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ် တည်ထောင်ရေးကို ကြိုးပမ်းသင့်ပါတယ်။
(၃) ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ တပ်မတော်နဲ့ ပြည်သူအကြား ရင်ကြားစေ့ရေးကို ကူညီဆောင်ရွက်သင့်ပါတယ်။
(၄) လူထုထောက်ခံမှုရထားတဲ့ NLD ပါတီကို ပုဂ္ဂိုလ်ရေးအခြေပြု ဖွဲ့စည်းထားရာကနေ မူဝါဒအပေါ် အခြေပြုပြီး အရည်အသွေးမြင့်တဲ့ ပါတီကြီးတစ်ခုဖြစ်အောင် တည်ဆောက်သင့်ပါတယ်။
ဒါကတော့ ခေါင်းဆောင်နှစ်ဦးအတွက် အကြံဉာဏ်တွေပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ နောက်လိုက်ကောင်းတွေ ဖြစ်ရပါမယ်။ နောက်လိုက်ကောင်းတွေဟာ ခေါင်းဆောင်ကောင်းတွေကို မွေးဖွားပေးနိုင်ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် စိတ်ရောကိုယ်ပါ ထောက်ခံဖို့ လိုပါမယ်။ ကျွန်တော်တို့တွေ အလုပ်ပိုလုပ်ရမယ်။ စည်းကမ်းပိုရှိရမယ်။ ဥပဒေနဲ့အညီ နေထိုင်သူတွေ ဖြစ်ရမယ်။ အခွင့်အရေးကို မရသင့်ဘဲ မယူတဲ့သူတွေ ဖြစ်ရမယ်။ ကိုယ်ကျိုးထက် နိုင်ငံအကျိုးကို ရှေးရှုရမယ်။ ဘက်တွေမထားဘဲ ညီညွတ်ရမယ်။ နာကြည်းစရာတွေ၊ ခံစားရတာတွေ၊ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ကြရမယ်။ အရေးအကြီးဆုံးက အပြောင်းအလဲတွေအတွက် စိတ်ပိုင်းဖြတ်ပြီး ဖြစ်ရမယ်။ သတ္တိရှိရမယ်။ ခံနိုင်ရည်ရှိရမယ်။
ကျွန်တော်တို့ ဘယ်တော့မှ နောက်ပြန်မသွားချင်တော့ဘူး . . .။

No comments:

Post a Comment