မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွယ်တန်းလျက်ရှိသည့်
ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၌ မြန်မာနိုင်ငံအတွင်း
ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း
ဖြတ်သန်းခ(Right of Way) အဖြစ် ရရှိမည့် ငွေကြေးပမာဏသည် သဘာဝသယံဇာတ၊
လူမှုစီးပွားရေး နစ်နာဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ၍
လွှတ်တော်မှ ပြန်လည်စိစစ်မှုများပြုလုပ်ရန် လိုအပ်နေကြောင်း လေ့လာသူများ၏
သုံးသပ်ချက်အရ သိရှိရပါသည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့
ပိုက်လိုင်းစီမံကိန်းကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်နိုင်ငံ CNPC South-East Asia Pipeline
Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ကမ်းလွန်လုပ်ကွက်၌
သဘာဝဓာတ်ငွေ့ ကုဗပေ ၄ ဒသမ ၅ ထရီလျံမှ ၇ ဒသမ ၇ ထရီလျံကြား ရှိနိုင်ကြောင်း
ခန့်မှန်းထားပြီး စီမံကိန်းမှ နှစ်ပေါင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း
တစ်ရက်လျှင် သဘာဝဓာတ် ငွေ့ ကုဗပေသန်း ၅၀၀ ထုတ်လုပ်နိုင်မည်ဟု
ခန့်မှန်းထားကြောင်း သိရသည်။
တောင်ကိုရီးယား ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းက ရွှေသဘာဝဓာတ်ငွေ့
စီမံကိန်း၏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံတန်ဖိုးရှိသော ပိုက်လိုင်း၊
ဆိပ်ကမ်းအပါအ၀င် ဆက်စပ်လုပ်ငန်းများကို တည်ဆောက်မည်ဖြစ်ပြီး
ဒေ၀ူးအပြည်ပြည်ဆိုင်ရာကုမ္ပဏီသည် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့
စီမံကိန်းမှရရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ၌
စတင်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် မြန်မာနိုင်ငံကို
ပိုက်လိုင်းဖြတ်သန်းသွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း
ဖြတ်သန်းခ(Right of Way) အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း
ရရှိမည်ဖြစ်ပြီး မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းတွင်လည်း
ပိုက်လိုင်းလမ်းကြောင်းဖြတ်သန်းခ (Right of Way) အဖြစ် တစ်နှစ်လျှင်
အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်းရရှိ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို
ဖြတ်သန်းပို့ဆောင်ရသည့်အတွက်(Transit Fee)အဖြစ် ရေနံပမာဏတစ်တန်လျှင်
အမေရိကန် တစ်ဒေါ်လာရရှိမည်ဖြစ်ကာ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့်
ရေနံပမာဏအချိုးအစား တစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ
ထုတ်ပြန်ချက်အရ သိရသည်။
''ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခအတွက် တစ်ခါပေးရတယ်။ နောက်တစ်ခုက
မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင်ရတဲ့အတွက်(Transit Fee )ကဘယ်လောက်ဆိုတာ
ရတယ်။ နောက်တစ်ခုက Crude Oil အတွက် ဘယ်လောက်ရမယ်ဆိုတာ ရှိတယ်။
နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ တကယ်လို့ စစ်ဖြစ်နေတဲ့ဒေသကို ပိုက်လိုင်း
ဖြတ်သန်းသွယ်တန်းမယ်ဆိုရင်တော့ insurance အတွက် ဘယ်လောက်၊ dangerousfees က
ဘယ်လောက်ဆိုတဲ့ နှစ်ခု ထပ်ပေးရတာ။ စစ်ဖြစ်နေတဲ့ ဒေသမဟုတ်ရင်တော့ သုံးချက်ပဲ
ပေးရပါတယ်''ဟု စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သူ ဘူမိအင်ဂျင်နီယာတစ်ဦးက
ပြောပြခဲ့သည်။
ရခိုင်ပြည်နယ်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို
ပိုက်လိုင်းသွယ်တန်း၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊
ရှမ်းပြည်နယ်တို့ကိုဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့မည်
ဖြစ်သည်။ ထို့အတူ အရှေ့အလယ်ပိုင်းမှ တင်ပို့မည့်ရေနံများကို
ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် ပိုက်လိုင်းသွယ်တန်းကာ တရုတ်နိုင်ငံသို့
ပို့ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။
ပိုက်လိုင်းဖြတ်သန်းရာ ဒေသအတွင်း၌ ဒေသခံများ၏ လယ်ယာမြေ ဆုံးရှုံးမှုများ၊
ပြောင်းရွှေ့ရမှုများ၊ မြေဆုံးရှုံးမှုအတွက် ထိုက်သင့်သော လျော်ကြေးငွေ
မရရှိမှုများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု
ဒေသခံများထံမှ သိရှိရ သည်။ ဆုံးရှုံးမှုနစ်နာမှုများနှင့် နှိုင်းစာပါက
ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခများမှာ နည်းပါးနေသည့်အတွက်
စီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ယခုထက်ပိုပြီး အကျိုးအမြတ်
ရရှိသင့်ကြောင်း၊ ပြန်လည်စိစစ်မှုများ ရှိသင့်ကြောင်းလည်း သုံးသပ်မှုအချို့
ရှိနေပါသည်။
''တခြားနိုင်ငံတစ်ခုရဲ့ စီးပွားရေးက ကိုယ့်နိုင်ငံထဲက
ဖြတ်သွားရမှာဆိုတော့ ဖြတ်သန်းခရရှိတာက နိုင်ငံတကာ စံနှုန်းအတိုင်း
ရရှိသင့်တာပေါ့။ သူများနိုင်ငံတွေရနေတဲ့ နှုန်းအတိုင်း ရတယ်ဆိုရင်တော့
နိုင်ငံအတွက်လည်း အကျိုးရှိတဲ့အတွက် ဘာမှ မပြောလိုပါဘူး။
နိုင်ငံတကာစံနှုန်းအတိုင်း ရစေချင်တာပေါ့။ နောက်ပြီးတော့
ပိုက်လိုင်းတစ်လျှောက်ကို လုံခြုံရေး ယူပေးရမယ်ဆိုရင်လည်း နိုင်ငံတကာမှာ
ရရှိနေတဲ့အတိုင်းပဲဖြစ်သင့်၊ ရသင့်ပါတယ်။ အရင်လုပ်ခဲ့တဲ့သူတွေ အနေနဲ့လည်း
တာဝန်ယူပေးသင့်တယ်လို့ ထင်ပါတယ်။ ဖြတ်သန်းခအနေနဲ့ရတဲ့ ငွေတွေကလည်း
နိုင်ငံတော်ဘဏ္ဍာထဲပဲ စီးဝင်ရမယ်''ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင်က
ပြောကြားသည်။
''သဘာဝ သယံဇာတလို့ပြောရင် ဒါနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်။
အဲဒီတော့ဒါတွေ ထုတ်သုံးစွဲတော့မယ်ဆိုရင် နိုင်ငံသားအားလုံးကို
ကိုယ်စားပြုတဲ့ လွှတ်တော်လို နေရာမျိုးမှာ ဆွေးနွေးပြီးတော့ ဘယ်လောက်ပမာဏ
ထုတ်သုံးမယ်။ ဘယ်လောက်ပမာဏ အရန် ထိန်းသိမ်းထားမယ်ဆိုတာမျိုးကအစ အလေးအနက်ထား
ပြုလုပ်ရမယ့်ကိစ္စ။ လွှတ်တော်မပေါ်ပေါက်ခင်မှာ ရေးထိုးချုပ်ဆိုတဲ့၊
ဒီလိုမျိုး သယံဇာတ ထုတ်ယူတဲ့ကိစ္စမျိုးဟာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး
ပြန်သုံးသပ်သင့်တယ်။ လွှတ်တော်ဟာ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊
လွှတ်တော်ဆန္ဒဆိုတာ တကယ်ပီပြင်လာဖို့ဆိုရင် ကျွန်တော်တို့အခုတည်ဆဲ
စာချုပ်စာတမ်းတွေဟာ ကျွန်တော်တို့နိုင်ငံသားတွေအပေါ်မှာဘယ်လောက်ထိ
အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာကို စနစ်တကျ ပြန်ပြီးသုံးသပ်ဖို့၊
စစ်ဆေးဖို့ လိုမယ်လို့ထင်တယ်''ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံအထိ အဆင့်ဆင့်သွယ်တန်းရာ၌
ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက်တွင် လယ်ယာမြေဆုံးရှုံးမှုများသည်
အမြင်သာဆုံးသော နစ်နာမှုများဖြစ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။
''ပိုက်လိုင်းဖြတ်သန်းလို့ နစ်နာသူတွေအတွက် လျော်ကြေးကို
ဒီနှစ်ဆန်းပိုင်းကစပြီး လျော်တယ်။ နှစ်ရစ်ခွဲပြီး လျော်မယ်လို့
ပြောခဲ့ပေမယ့် အခုချိန်ထိ လျော်ကြေးမရသေးတဲ့သူတွေရော နောက်တစ်ရစ် လျော်ကြေး
မရသေးတဲ့သူတွေ ရှိတယ်။ လျော်ကြေးပေးတဲ့သူတွေက ယာမြေနဲ့
သီးစားမြေမှားတယ်လို့ အကြောင်းပြပြီး အခုချိန်ထိပေါ် မလာတော့ဘူး။
ဒီပိုက်လိုင်းကြောင့် လယ်မဲ့ယာမဲ့ ဖြစ်သွားတဲ့သူတွေ ရှိတယ်။ တချို့လည်း
ကိုယ်ပိုင်တဲ့မြေရဲ့ အလယ်တည့်တည့်က အခွဲခံလိုက်ရလို့ ဟိုဘက်လည်း စိုက်မရ၊
ဒီဘက်လည်း စိုက်မရဖြစ်နေတယ်''ဟု ပြင်ဦးလွင်မြို့နယ် ရေခြံစုရွာမှ
တောင်သူတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်-မြန်မာ ရေနံနှင့်
သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ မကွေးတိုင်းဒေသကြီးတွင် ပွင့်ဖြူမြို့နယ်အတွင်း
ခုံစုနှင့် ရှားတောကျေးရွာများအနီးမှလည်း ဖြတ်သန်းရာတွင် ခုံစုကျေးရွာအနီး
ထောက်ရှာပင်နှင့် ကျစ်ခင်စိုက်ခင်းများ၏ ရေနုတ်မြောင်း သဖွယ်တည်ရှိနေသော
ကျစ်ရိုးကို ကန့်လန့်ဖြတ်ပိတ်၍ သွယ်တန်းထားကြောင်း သိရသည်။
''ဒီရိုးထဲက ကျွန်တော်တို့ ငရုတ်စိုက်ခင်းတွေက ရေတွေတင်မဟုတ်ဘဲ
ရိုးအထက်မှာရှိတဲ့ လယ်ကွင်းတွေထဲက နှုတ်ထုတ်လိုက်တဲ့ ရေတွေပါ စီးဝင်တာပါ။
အခုရိုးကို ကန့်လန့်ဖြတ်ကြီး ပိုက်လိုင်းကဖြတ်ထားတော့ ရေကိုတားထားသလို
ဖြစ်နေပြီး စိုက် ခင်းတွေထဲကို လျံဝင်လာတော့မှာပါ''ဟု ပွင့်ဖြူမြို့နယ်
ခုံစုကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
ပွင့်ဖြူမြို့နယ်နှင့်မင်းဘူး (စကု) မြို့နယ်များအတွင်းရှိ ဒေသခံများ၏
ပြောပြချက်အရ ပိုက်လိုင်းဖြတ်သန်းမည့် စိုက်ခင်းဧရိယာများအတွက်
လျော်ကြေးပေးရာတွင် မြေအမျိုးအစားနှင့် စိုက်ပျိုးသည့် သီးနှံတူညီသော်လည်း
လျော်ကြေးသတ်မှတ်မှု မတူညီခဲ့ကြောင်း သိရသည်။
''ဦးလေး ယာခင်းထဲမှာ ပိုက်လုံးဖြတ်မယ့်ဧရိယာကိုတိုင်းပြီး
လျော်ကြေးပေးခဲ့ပေမယ့် တကယ်လာလုပ်တော့ မြစ်အောက်ကြမ်းပြင်ကို
ဂလိုင်ဖောက်တဲ့စက်ကြီးတွေ ထိုင်တာရယ်၊ တခြားပစ္စည်းတွေ ပုံတာရယ်၊
ဂလိုင်ဖောက်လို့ ထွက်လာတဲ့ သဲတွေပုံတာ ရယ်ရှိခဲ့တော့ သူတို့
တကယ်တိုင်းတာတဲ့ ဧရိယာထက်ကျော်ရုံမကဘဲ တခြားလျော်ကြေးမရတဲ့သူတွေရဲ့
ယာခင်းအထိပါ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်''ဟု ပွင့်ဖြူမြို့နယ်
ခုံစုကျေးရွာမှ တောင်သူတစ်ဦးက ပြောပြသည်။
ပိုက်လိုင်းသည် မကွေးတိုင်း ဒေသကြီးငဖဲ၊ ပဒါန်း၊ မင်းဘူး(စကု)၊
ပွင့်ဖြူ၊ ရေနံချောင်း၊ မကွေး၊ ချောက်မြို့နယ်များအတွင်း ဖြတ်သန်းသွားသည်။
လယ်ယာမြေများတွင် ဖြတ်သန်းရာ၌ ပိုက်လိုင်းသွယ်တန်းပြီးသည်နှင့် ယာမြေကို
ပကတိပြန်လည် စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်ပေးပါမည်ဟု လျော်ကြေးပေးစဉ်
ပြောကြားခဲ့သော်လည်း ပိုက်လုံးများ မြေဖို့ပြီးချိန်တွင်
စိုက်ခင်းများအတွင်း မြေစာပုံများ ကျန်ရှိခဲ့ကြောင်း၊ လျော်ကြေးငွေရရှိသော
လယ်ယာမြေများနှင့် ဆက်စပ်စိုက်ခင်းများတွင် ပိုက်လုံးပုံခြင်း၊
ကားဖြတ်မောင်းခြင်း၊ မြေစာပုံခြင်းများ ပြုလုပ်ခဲ့၍ လျော်ကြေးမရရှိဘဲ
စိုက်ခင်းအချို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒီလိုမျိုး တစ်ဖက်သတ်စာချုပ်တွေ ဆက်ချုပ်နေမယ်ဆိုရင် စီးပွားရေးအရရော ဆက်ဆံရေးအရပါ ထိခိုက်လာနိုင်တယ်။ မြစ်ဆုံတုန်းကလည်း ရာခိုင်နှုန်း ၉၀၊ ၁၀ ပဲရှိခဲ့တယ်။ အခုလည်းမြစ်ဆုံလို မဖြစ်သင့်ပါဘူး။ မဟာဗျူဟာ အရရော အမျိုးသားလုံခြုံရေးအရပါ ထိခိုက်ခံပြီးတော့ ပေးထားတာနဲ့ရရှိမယ့် ပမာဏကို လွှတ်တော်က ပြန်စိစစ်သင့်ပါတယ်။ တကယ်ဖြစ်သင့်တဲ့ ပမာဏ ဟုတ်၊ မဟုတ် ပြန်စိစစ်တွက်ချက်ဖို့ လိုမယ်။ စိစစ်ဆဲကာလမှာတော့ ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းထားရမှာပါ။ |
ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်အတွင်းက WWF International မှ
ပညာရှင်တစ်ဦး လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းကြောင့်
သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခဲ့၍ တောင်ကတုံးများဖြစ်ပေါ်ခြင်း၊ ဒီရေ
တောဂေဟစနစ်များ ယိုယွင်းနိုင်ခြေ ရှိနေခြင်း၊ မြေဆီလွှာပြုန်းတီးမှုများ
ဖြစ်ပေါ်နေခြင်း၊ သစ်တောပြုန်းတီးမှု မြင့်တက်ခြင်း၊ မြေယာဆုံးရှုံးမှု၊
အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုများ တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာတွင်
ဖော်ပြခဲ့သည်။ ''အခုက ပကတိအနေအထား ပျက်သွားတာ။တောပျက်တယ်။ တောင်တွေပျက်တယ်။
လယ်တွေပျက်တယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ကျဆင်းပျက်ပြားသွားတာပဲ။
အဆိုးထဲကနေ အကောင်းရနိုင်သမျှ ထိန်းဖို့လိုတယ်လို့ မြင်ပါတယ်''ဟု
မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က
ပြောကြားသည်။
ရခိုင်ပြည်နယ် ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ လုပ်ငန်းလုပ်ကွက်သည် အလျား ၎
ဒသမ ၈ မိုင်၊ အနံ ၃ ဒသမ ၂ မိုင်ခန့်နှင့် စုစုပေါင်း အကျယ် ၄၃၉၀
ဧကခန့်ရှိသည်ဟု သိရှိရသည်။ သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခြင်းကို ၂၀၁၃ ခုနှစ်
မေလ ၁ ရက်နေ့ဟု မျှော်မှန်းထားကာ ဓာတ်ငွေ့စက်ရုံမှတစ်ဆင့်
ကျောက်ဖြူမြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းမည့် နေရာများမှာ
မင်းတက်တောင်၊ ပျားတဲ ကျေးရွာအနီးမှ မဒဲကျွန်းသို့ ပို့ဆောင်ကာ
ယင်းမှတစ်ဆင့် အမ်းမြို့နယ်၊ တပ်တောင်၊ ဆင်ခေါင်း၊ အမ်း၊ မင်းဘူး၊
ရေနံချောင်း၊ ကျောက်ပန်း တောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊
နမ့်ဆန်၊ မုံးဝှီ၊ မူဆယ်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့
သွယ်တန်းသွားမည်ဖြစ်သည်။
ရေနံစိမ်းပိုက်လိုင်း သွယ်တန်းခြင်းစီမံကိန်းမှာ အရှေ့အလယ်ပိုင်းမှ
သယ်ဆောင်လာမည့် ရေနံစိမ်းများကို မဒဲကျွန်းတွင်ဆောက်လုပ်မည့် Crude Oil
Terminal သို့ ပို့ဆောင်ပြီး Oil Tanker Port မှတစ်ဆင့်
ရေနံစိမ်းပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယှဉ်တွဲသွယ်တန်းကာ
တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် ၂၀၀၀ပြည့်နှစ်မှစတင်ကာ အာရှ-ပစိဖိတ်ဒေသတွင်
သဘာဝဓာတ်ငွေ့အား ပိုက်လိုင်းဖြင့် ပြည်ပကို အများဆုံးတင်ပို့သော
နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ပိုက်လိုင်းဖြင့်
သဘာဝဓာတ်ငွေ့ တင်ပို့သော နိုင်ငံများစာရင်းတွင် ထိပ်သီး ၂၀ ၀င်သော
နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ရွှေနှင့်ဇောတိက စီမံကိန်းများမှ
သဘာဝဓာတ်ငွေ့များ တင်ပို့ချိန်တွင် ကမ္ဘာ့အဆင့် ၁၀ အတွင်း ၀င်လာနိုင်ကြောင်း
သိရပါသည်။ ''မြန်မာနဲ့ တရုတ်ချုပ်ဆိုခဲ့သမျှ စာချုပ်တွေမှာ မြန်မာဘက်က
နစ်နာခဲ့တာချည်းပါပဲ။ ဒီလိုမျိုးတစ်ဖက်သတ် စာချုပ် တွေ ဆက်ချုပ်နေမယ်ဆိုရင်
စီးပွားရေးအရရော ဆက်ဆံရေးအရပါ ထိခိုက်လာနိုင်တယ်။ မြစ်ဆုံ တုန်းကလည်း
ရာခိုင်နှုန်း ၉၀၊ ၁၀ ပဲရှိခဲ့တယ်။ အခုလည်း မြစ်ဆုံလို မဖြစ်သင့်ပါဘူး။
မဟာဗျူဟာအရရော အမျိုးသားလုံခြုံရေးအရပါ ထိခိုက်ခံပြီးတော့ ပေးထားတာနဲ့
ရရှိမယ့်ပမာဏကို လွှတ်တော်က ပြန်စိစစ် သင့်ပါတယ်။ တကယ်ဖြစ်သင့်တဲ့ ပမာဏ
ဟုတ်၊ မဟုတ် ပြန်စိစစ် တွက်ချက်ဖို့ လိုမယ်။ စိစစ်ဆဲကာလမှာတော့
ရပ်ဆိုင်းသင့် ရင်ရပ်ဆိုင်းထားရမှာပါ။ ပိုက်လိုင်း
ဖြတ်သန်းခအဖြစ်ရရှိမယ်လို့ သိထားတဲ့ပမာဏက တစ်နှစ်ကို အမေရိကန်ဒေါ်လာ
ခုနစ်သန်းတောင် မရှိပါဘူး။ တစ်ရက်ကို အမေရိကန် ဒေါ်လာ နှစ်သောင်းလောက်ဆိုတာက
ကလေးကစားသလို ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်မှာ
ပြန်ရှင်းသင့်တယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က
ပြောကြားခဲ့ပါသည်။
http://www.first-11.com/index.php?option=com_content&view=article&id=14594:2012-07-18-04-29-53&catid=42:2009-11-10-07-36-59&Itemid=112
No comments:
Post a Comment