Friday, July 20, 2012

ဖမ်းဆီးရမိထားသော KIA တပ်မှ အရာရှိနှစ်ဦးအား မြစ်ကြီးနားသို့ ပို့ဆောင်

ဇူလိုင်၁၉
            ကချင်ပြည်နယ်အတွင်းမှာနယ်မြေ လုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရတပ်ဖွဲ့တစ်ဖွဲ့နဲ့ KIAတပ်ဖွဲ့ တို့ ဇူလိုင်လ (၁၆)ရက်နေ့က မြစ်ကြီးနားမြို့ရဲ့တောင်ဘက်က ဟူးကပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အစိုးရတပ် တွေလာနေတယ်လို့ သတင်းကြိုတင်ရထားတဲ့အတွက် KIAတပ်ဖွဲ့ကလူအင်အား(၅၀)နဲ့ ဟိုကပ် ကျေးရွာက စောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရ တပ်တွေက KIA တွေစောင့်ဆိုင်းနေတဲ့လမ်းကြောင်းကိုအသုံးမပြုဘဲ တစ်ခြား လမ်းကနေ ရွာထဲကို ၀င်လာခဲ့တဲ့အတွက် တိုက်ပွဲဟာ KIA မျှော်လင့်ထားသလို အနိုင်မရခဲ့ပါဘူး။ KIA တပ်မဟာ(၂) ရင်း(၅)မှ ဒုတပ်ရင်းမှူး ဗိုလ်ကြီးခွန်ဆိုင်းနဲ့ ဒုမြို့နယ်မှူးဆင်ယောင်တို့ကို အစိုးရတပ်က ဖမ်းမိသွားခဲ့ ပါတယ်။
 


            တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ KIAတပ်ဖွဲ့ တွေ အမြဲတန်းလှုပ်ရှားနေတဲ့နယ်မြေမဟုတ်တဲ့အပြင် ဗိုလ်ကြီး ခွန်ဆိုင်းနဲ့ ဆင်ယောင်တို့အဖွဲ့အနေနဲ့ လိုင်ဇာဌာနချုပ်ရဲ့ အမိန့်အရ ရိက္ခာဆန်ရှာဖွေတောင်းခံဖို့၊ လုပ်ငန်းရှင်တွေ ဆီကနှစ်စဉ်ကြေး   ကောက်ခံဖို့နဲ့ KIA တပ်ဖွဲ့အတွက် လူသစ်စုဆောင်းဖို့ သွားလာနေစဉ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ ဗိုလ်ကြီးခွန်ဆိုင်းတို့ (၂)ဦးကိုတော့ မြစ်ကြီးနားတိုင်းမှူးရဲ့ အမိန့်အရ မြစ်ကြီးနား တိုင်းစစ်ဌာန ကိုသွားရောက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ သူတို့(၂)ဦးကို အစိုးရတပ်တွေက ညှင်းပန်း နှိပ်စက်ခြင်း မရှိတဲ့ အပြင်   ကောင်းမွန်စွာဆက်ဆံခဲ့လို့ ဗိုလ်ကြီး ခွန်ဆိုင်းက အံ့သြနေမိတဲ့အကြောင်းနဲ့ သူတို့သိထားတဲ့ သတင်းတွေနဲ့ လက်တွေ့အခြေ အနေကွာခြားတဲ့အကြောင်း မြစ်ကြီးနား မြို့က ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးကနေ တစ်ဆင့် ပြန်လည် ပြောပြပါတယ်။
            ဗိုလ်ကြီးခွန်ဆိုင်းတို့အနေနဲ့ သူတို့လို KIA လက်အောက်ငယ်သားတွေအနေနဲ့ အစိုးရနဲ့ အမြဲတန်း ငြိမ်းချမ်းရေး ယူချင်ပေမယ့် လိုင်ဇာဌာနချုပ်က ခေါင်းဆောင်တွေနဲ့ KIO ကသဘောထားတင်းမာနေတဲ့ ဦးအင်ဘန်လ၊ ဦးဂမ်ရှောင် တို့ကြောင့် ငြိမ်းချမ်းရေးမရတာဖြစ်တယ်လို့လဲပြောပါတယ်။ KIA တပ်ဖွဲ့ဝင် အများစု အနေနဲ့ စစ်တိုက်ချင်စိတ် လုံးဝ မရှိတော့တဲ့အပြင် စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေရတဲ့ သူတို့ကချင်လူမျိုးတွေ အပေါ် မှာလည်း အလွန်ပဲစိတ်မ ကောင်းဖြစ်နေကြပါတယ်။ ဒါ့ကြောင့်လည်း KIA တပ်ဖွဲ့တွေကနေ ထွက်ပြေး နေတဲ့ ကချင်စစ်သားတွေဟာ တစ်နေ့ ထက်တစ်နေ့ပိုမိုများပြား လာနေ ပါတယ်။ ခုလိုမျိုး အစိုးရတပ်တွေက ကောင်းမွန်စွာဆက်ဆံတယ်ဆိုတဲ့ သတင်းအမှန်သာ ကြားသိကြရင် KIA တပ်ဖွဲ့ဆိုတာ လိုင်ဇာမြို့ပေါ်လောက်မှာပဲ ရှိတော့မှာပါ။
            KIA/KIO လူကြီးတွေကတော့ သူတို့တပ်တွေကို သတင်းအမှန်ဘယ်တော့ပြောမပြတဲ့အပြင် သူတို့ (KIA/KIO) က ငြိမ်းချမ်းရေးယူချင်ပေမယ့် အစိုးရတပ်တွေက တိုက်နေလို့ဆိုတဲ့သတင်းမှားမျိုးတွေ၊ KIA က စစ်သားတွေကို အစိုးရတပ်က ဖမ်းမိသွားရင် အရမ်းကြီးနှိပ်စက်ပြီး သတ်ပစ်တယ်ဆိုတဲ့ သတင်းမှားမျိုးတွေ ပေးထားတဲ့အတွက် KIA ကချင်တပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ကိုင် တိုက်နေရခြင်းဖြစ်တယ်လို့လည်း ဗိုလ်ကြီး ခွန်ဆိုင်းက သူ့ရဲ့အမြင်နဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။ ကချင်ပြည်နယ် အတွင်းမှာရှိနေတဲ့ KIA တပ်ဖွဲ့တွေအနေနဲ့သတင်း အမှန်မသိရတဲ့အပြင် အစိုးရကိုမုန်းတီးရေး၊ အစိုးရ စစ်တပ်တွေကိုမုန်းတီးရေးတွေ ၀ါဒဖြန့်နေတာတွေကြောင့် ကချင်ပြည်နယ်မှာစစ်ပွဲတွေ ကြာရှည် နေခြင်း ဖြစ်တယ် လို့လဲ အဆိုပါငြိမ်းချမ်းရေး အကျိုးဆောင်က ထောက်ပြ ပြောဆို သွားပါတယ်။
အယ်ခွန်နော်

No comments:

Post a Comment