Tuesday, August 14, 2012

ဘုရင်ကြီး နေတဲ့နေရာ နန်းတော်တဲ့လား

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးက လည်း  ဂျပန် ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။
"အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား"
"ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်"

"အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။"
"နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ"

"တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။"
"မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ"

"တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား"
"မင်းအဘိုးအရင်ကော"

"တပည့်တော် အဘေး နေသွားပါတယ် ဘုရား"
"ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ"

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့

"သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား" ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။
(ဂျပန် ဇင်ပုံဝတ္ထု)
World Of Wisdom မှကူးယူဖော်ပြသည်။

From -BuddhismBeams  Facebook

No comments:

Post a Comment