Saturday, August 18, 2012

ဥက္ကြံမို့က ဘိုးဘွားတို့ရဲ့ ကောက်ကြောင်း


ကျွန်မ ဒီတစ်ခေါက် ဥက္ကြံမို့က “ ဦးမောင်ရုံး + ဒေါ်ရင် ရဲ့ ဘိုးဘွား ရိပ်သာ ” အလှူ မှာတော့ အရင် တစ်ခါ ရွှေသံလွင် အလှူတုန်းကလို အဘိုးအ ဘွား တွေကို သူတို့ရဲ့အကြောင်း မေးခွန်းတွေနဲ့ အသေးစိတ် မမေးချ င် တာ့ပါဘူး။ဘာလို့လည်းဆိုတော့ကျွန်မရဲ့နှိုက်နှိုက်ချွတ်ချွတ် တ မေးခွန်းတွေ ကြောင့် ဘိုးဘွားတွေရဲ့ ဒတင်္ဂ ပျော်ရွှင်ကြည်နူးရတဲ့ အခိုက် အတန့် အချိန်လေးတွေကို ပျက်စီးသွားမှာ စိုးရိမ်မိလို့ပါဘဲ။ ဒီအတွေးဝင်လာတာကပထမအကြိမ် ရွှေသံလွင် အလှူက ပြန်လာထဲက
ခံစားမိခဲ့ရတာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ တော့ အကြမ်းဖျင်း သူတို့ပြောသလောက်လေးပဲ ကျွန်မ မှတ်သားလာခဲ့ပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ အကြောင်းအရာ လေး တွေက အရင်ကလောက် ပြည့်စုံမှု ရှိမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရိပ်သာ ရောက်လာ တဲ့ ဘိုးဘွားတွေအားလုံးမှာ စိတ်ဝင် စားစရာ နောက်ခံ ပုံရိပ်တွေ ကိုယ်စီရှိနေမှာ သေချာပါတယ်ရှင်။ တကယ်လို့များ အဖိုးအဖွား များရဲ့ ပုံရိပ်များနဲ့ နာမည်များ လွဲမှား မှုရှိရင် ခွင့်လွှတ်နားလည်ပေးကြပါနော်။
ကဲ.. အဖွားဒေါ်ရင်မြက စလိုက်ကြရအောင်နော်။
အဖွားဒေါ်ရင်မြက သုံးဆယ်မြို့ဇာတိပါ။ အသက်က ၇၈နှစ်။ သားသမီး ၇ယောက်ရှိတယ်။ အားလုံးက အဝေးမှာ နေကြတယ်။ သား သမီးတွေ အားလုံးက အတူလာနေကြဖို့ ပြောပါတယ်။ ကိုယ်တိုင်ကိုက မနေချင်တာ။ ဒီမှာနေရတာ စိတ်ချမ်းသာတယ်။ ကော်မတီ ၀င်တွေက စေတနာရှိ တယ်။ စောင့်ရှောက်ကြတယ်။ ဆရာဝန် တွေက အစ ကျန်းမာရေး စောင့်ရှောက်ပေးကြတယ်။ ဘာလို့ ဒီလို နေရာမျိုးမှာ မနေနိုင်ရမှာလည်းနော်။ ဒီရောက်တာ ၅နှစ်ရှိနေပြီ ။
အဖွားဒေါ်အေးကြည်က အသက် ၈၅နှစ်ရှိပြီ။ ဟသာင်္တမြို့သူ။ ရိပ်သာရောက်တာ ၆နှစ်ရှိနေပြီ။ ခင်ပွန်း ဖြစ်သူက အသက် ၆၀မှာ ဆုံးသွားပြီ။ ရှိတဲ့သားလေး တစ်ယောက်ကလည်း ဆုံးသွားတာကြာပြီ။ ဥက္ကြံမို့က တူမဆီလာရင်း ဒီရိပ်သာမှာ နေဖြစ်သွားတာပါ။ ဒီမှာ အစားအသောက် ကောင်းကောင်းကျွေးတယ်။ တရား တစ်နေ့ ၂ကြိမ်ထိုင်ရတယ်။ တရားစိတ်အေးလက်အေး ရှုမှတ်ရလို့ စိတ်ချမ်းမြေ့မှုရပါတယ်။
အဖွားဒေါ်ကြင်ညွန့်၊ အသက် ၉၀နှစ်သာဆိုတယ် အရွယ်တင်လိုက်တာ။ ကျန်းမာရေးကောင်းမှကောင်း။ အပျိုကြီးဖြစ်ပြီး ဥက္ကြံမို့ ဇာတိဖြစ်တယ်။ ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိတော့လို့ ဒီရိပ်သာမှာပဲ ခေါင်းချမယ်တဲ့။ ရောက်တာက ၃နှစ်ရှိနေပြီ။ ဟာသ ဇ၀နဥာဏ်ရွှင်သူ။ ဒါကြောင့် အသက်ရှည် ကျန်းမာ တာနေမှာ။
အဖွားဒေါ်လှမြင့်က ဥက္ကြံမို့သူ။ အသက်က ၆၉နှစ်။ သားချင်းတွေ တစ်ယောက်မှ မရှိတော့။ ဒီအဖွားကလည်း အပျိုကြီး။ သွားတွေ လည်း တစ်ချောင်းမှ မရှိရှာတော့။ သွားငုတ်စိ မဲမဲလေး၂ချောင်းသာရှိတော့တာကို ပါးစက်ဟပြ လို့ ကြည့်ခဲ့ရသေးတယ်။ အဖွား ဒေါ်ကြင်ညွန့်က  “ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ ဘယ်သူ့ ငှါးလိုက် သလဲ မသိဘူး ” လို့ တဖက် ကုတင်ကနေ လှမ်းစတယ်။
အဖွားဒေါ်ညွန့်ရီက မန္တလေးဇာတိ။ ဥက္ကံက အမျိုးတွေက ဒီရိပ်သာကို ခေါ်လာပေးတာ။ ခင်ပွန်းဖြစ်သူက ၁၉၈၈ ခုနှစ်မှာ ဆုံးတာ။ သားတစ် ယောက်ရှိပေမယ့် ရှမ်းပြည်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး အသက်၂၀နှစ်ထဲ က ထွက်သွားလိုက်တာ ခုထိကို မတွေ့ရတော့ ပါဘူး.. တဲ့။ အသက် ကတော့ ၈၀နှစ်ရှိနေပါပြီ။
ဥက္ကံဇာတိ အဖွား ဒေါ်ခင်မြက အသက် ၇၇နှစ်ရှိပါပြီ။ ရိပ်သာရောက်တာ ၁နှစ်နဲ့ ၆လပဲ ရှိပါသေးတယ်။ တူမတွေ ဥက္ကံမှာရှိပေမယ့် ဒီမှာပဲ နေချင်သူပါ။ ဒီမှာ သေတဲ့အထိနေမယ်လို့ သံဓိဌာန်ချထားသူပါ။
အဖိုးဦးညွန့်၊ ၇၈နှစ်က ပင်စင်စား ရဲဝန်ထမ်းတစ်ဦးပါ။ ဥက္ကံဇာတိဖြစ်ပြီး ရိပ်သာကို ၂၀၀၅ ခုနှစ်ထဲက ရောက်တာပါ။ လူပျိုကြီးဖြစ်ပြီး ပျော်ရွှင်တတ် သူပါ။ ကျန်းမာရေး အခုထိကောင်းနေပြီး ဘုရားပေးတဲ့ ကုသိုလ်ကြောင့် မျက်စိရော၊ နားရောကောင်းနေဆဲပါ။
အဖိုး ဦးသန်းမောင်၊ အသက် ၈၅နှစ်က ဥက္ကံဇာတိပါ။ သားသမီး ၂ယောက်လုံး ဥက္ကံမှာရှိနေပေမယ့် ရိပ်သာ ရောက်တာ ၃နှစ်ရှိ နေပါပြီ။ သားသမီး တွေက အိုလို့ပယ်ထားတဲ့ “ အိုပယ် ” ဖြစ်နေတော့ အိမ်မှာထက် ရိပ်သာမှာနေရတာ ပိုစိတ်ချမ်းမြေ့မှု ရပါ တယ်လို့ ပြောရှာပါတယ်။
အဖိုး ဦးလူနီ၊ အသက် ၇၃ နှစ်ရှိပြီး ဥက္ကံဇာတိပါ ။ ရိပ်သာရောက်တာ ၂လပဲရှိသေးသူပါ။ ရဟန်းဝတ်နဲ့ ၆ ၀ါရပြီးမှ ဇနီးဖြစ်သူ နေမကောင်းဖြစ် လို့ လူထွက်ရတာပါ။ အဖွားက ချိနဲ့ပြီး နေမကောင်းဖြစ်လို့ အင်းစိန်၊ ဖော့ကန်က မောင်လုပ်သူက ဆေးကုဖို့ ခေါ်သွား
ပါတယ်။ အဖွားအတွက် နေကောင်းဖို့ မျှော်လင့်ချက် နည်းပါတယ်။ အဖွားကို သတိရပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ.. သူဆေးကုဖို့ပဲ ကို.. လို့ စိတ်မကောင်းစွာ ပြောရှာပါတယ်။ အဖိုးကတော့ ဒီမှာပဲ သေသည်အထိ အရိုးထုတ်မယ်တဲ့။
အဖိုး ဦးဖိုးဆိတ်က ရိပ်သာမှာ အသက်အကြီးဆုံးပါ။ အသက် ၉၄နှစ်ရှိပြီး ဥက္ကံ၊ ရွာမဇာတိပါ။ ဇနီးဆုံးတာ ၇နှစ်ရှိပါပြီ။ ငယ်စဉ်က လယ်လုပ်ခဲ့သူ လယ်သမားကြီး တစ်ဦးပါ။ ရိပ်သာရောက်တာ ၅နှစ်ကျော်ပါပြီ။ သားသမီးတွေ ၅ယောက်ရှိပေမယ့် ဒီမှာပဲ သေသည်အထိ နေဖို့ ဆုံးဖြတ်ထား ပါတယ်။ အဖိုးက အရပ် ၆ပေ နီးပါးမြင့်ပြီး အသံသြဇာကောင်းသူပါ။ ကော်ဖီ၊ ကိတ်မုန့် တိုက် ချိန်
ဆုတောင်းမေတ္တာ ပို့သစဉ် ကျွန်မသတိထားမိလိုက်တာပါ။
အဖိုးအဖွားတွေရဲ့ ဘ၀လေးတွေက သနား ဂရုဏာသက်စရာ ကောင်းသလို စိတ်ဝင်စားစရာ ကောင်းလွန်း လှပါတယ်။ အဖိုးအဖွားတွေရဲ့ ဆည်းဆာ နေ၀င်ချိန် မတိုင်မီ ဘ၀လေးတွေအတွက် ရိပ်သာက ၀န်ထမ်းတွေရဲ့ ပြုစုစောင့်ရှောက်ပေးမှု၊စေတနာရှင်တွေ ရဲ့ နွေးထွေးယုယမှု တွေက မလွဲမသွေ လိုအပ်နေဦးမှာပါ။
ကျွန်မတို့ အားလုံးဟာလည်း တစ်နေ့ကျရင် မလွဲမသွေ အိုမင်းမစွမ်း ဖြစ်ကြ ရဦးမှာပါ။ တစ်ခါ တစ်ခါ စဉ်းစားမိပါတယ်။ ကျွန်မတို့ရဲ့ ဘ၀ နေ၀င်ချိန်တွေကရော လှပနိုင်ပါ့မလားလို့…။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။



From -မြသွေးနီ ၀ဘ်ဆိုက်

No comments:

Post a Comment