Tuesday, August 28, 2012

မူလသံယုတ် ကျောင်းတိုက် ရှေးဟောင်း အဆောက်အဦအဖြစ်မှ ပယ်ဖျက်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ထားခဲ့သော သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဘုရားအနီးရှိ မူလသံယုတ် ဘုန်းတော်ကြီး ကျောင်းအား စာရင်းမှပြန်လည် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန် စည်ပင်သာယာမှ တာဝန်ရှိသူတဦးက ပြောသည်။


နှစ် ၁၀၀ ကျော် သက်တမ်းရှိသော မူလသံယုတ် ကျောင်းတိုက်၏ သစ်သား အဆောက်အဦမှာ ၂၀၀၇ ခုနှစ်တွင် ပြိုကျပျက်စီးသွားခဲ့၍ ခွင့်ပြုချက်ဖြင့် အသစ် ပြန်လည်ဆောက်လုပ်ခဲ့ရာ ရှေးဟောင်းလက်ရာများ မကျန်ရှိတော့သဖြင့် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သည့် ရှေးဟောင်း အဆောက်အဦ ဥပဒေအရ လက်ရှိတွင် ရန်ကုန်တိုင်းရှေးဟောင်း အဆောက်အဦအဖြစ် ၁၈၈ လုံး ကျန်ရစ်သည်။

ရှေးဟောင်း အနုပညာလက်ရာများဖြင့် တန်ဆာဆင်ထားသော ၁၉၅၀ ပြည့်နှစ် မတိုင်မီက အဆောက်အဦ များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်သည်။
ကျောက်တံတား မြို့နယ်သည် ထိုကဲ့သို့ အဆောက်အဦ ၃၇ လုံးဖြင့် အများဆုံး ရှိနေသည်။

ရန်ကုန်မြို့လယ်ပိုင်းရှိ သိမ်ဖြူလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်း တို့တွင် စည်ပင်က သတ်မှတ်ထားသော ရှေးဟောင်း အဆောက်အအုံ အများအပြား ရှိနေရာ ‘ရှေးဟောင်း အမွေအနှစ်ဇုန်’ အဖြစ် သတ်မှတ်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ စည်ပင်က တင်ပြထားသည်။

ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ခြင်းဖြင့် နိုင်ငံခြားသားများအား  ဆွဲဆောင်နိုင်ပြီး ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်း ဝင်ငွေတိုးစေမည်ဟု စည်ပင်က ယုံကြည်လျက် ရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဌာနတခု ဖြစ်သော UNESCO ကလည်း ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းပေးရန် စိတ်ဝင်စားလျက်ရှိသည်ဟု မြို့ပြမြေယာနှင့် မြေစီမံခန့်ခွဲမှုဌာန ဒု-ဌာနမှူး ဦးတိုးအောင် က ပြောသည်။

ရှေးဟောင်း အဆောက်အဦဟု သတ်မှတ်ထားသည်များအနက် ဝန်ကြီးများရုံး၊ နိုင်ငံခြားရေးရုံးနှင့် တရားရုံးချုပ်တို့ကို ပုဂ္ဂလိကသို့  ပြန်လည် အငှားချထားပေးပြီးဖြစ်ကာ ပြင်ဆင်လိုပါက မူလပုံစံ မပျက်အောင် ပြင်ဆင်ရမည် ဖြစ်သည်။

No comments:

Post a Comment