Sunday, August 19, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဏ္ဍိုင်များ၏တာဝန်



နိဒါန်း
  မြန်မာ့နွေဦး တစ်နှစ်ခွဲ ကျော် အချိန်ကာလသို့  ရောက်ရှိ လာချိန်တွင် မြန်မာ နိုင်ငံ အတွက် စိန်ခေါ်မှု များမှာ တစ်စထက် တစ်စ ပိုမို ထင်ရှား ရုပ်လုံး ပီပြင်လာ သည်ကို တွေ့ရှိ ရသည်။ စာရေးသူ နေထိုင်ရာ    အမေရိကန် ပြည်ထောင်စု တွင် မြန်မာနိုင်ငံ အပေါ်ရှုမြင် သော  သဘောထား အမြင်များ အပြုသဘော ဘက်သို့ ပို၍ ပို၍ တိုးပွားလာသည်ကိုလည်း တွေ့ရှိရသည်။ ဤကာလတွင် အမိမြေနှင့် အဝေးတစ်နေရာသို့ ရောက်ရှိ နေသော်လည်း နိုင်ငံနှင့်  ပြည်သူများ အကျိုးအတွက်  စာရေးသူ တတ်နိုင်သည့် ဘက်မှ အထောက်အကူ ပြုပေးနိုင်လျှင် သေပျော်ပြီ ဟူ၍  ခံယူထားသည်။ ဘက်လိုက်မှု
ကင်း၍  မျှတသော အကြံပြု တိုက်တွန်းချက်များ  ဖြစ်ပေါ် လာစေရန် စာရေးသူ ကြိုးပမ်း ခဲ့သလို  မဖြစ်မနေ လိုအပ် မှသာ  ဆောင်းပါး ရေးသား ပေးပို့ရန် လည်း စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်ကြောင်း ပဏာမ အနေဖြင့် တင်ပြ လိုသည်။


နုနယ်စ ဒီမိုကရေစီ အတွက် ခြိမ်းခြောက်မှု တစ်ရပ်ကို ကျော်လွှားနိုင် ခဲ့ခြင်း

မကြာသေးခင်က ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ် အရေး ကိစ္စသည် နိုင်ငံတကာ အလယ်တွင် ပုံရိပ်ကောင်းများ တိုးမြင့် ရရှိနေသော စာရေးသူတို့ မြန်မာ့ ဒီမိုကရက် တိုက်ဇေးရှင်း အတွက် ခြိမ်းခြောက်မှု တစ်ရပ် အဖြစ်ပေါ်ထွက် လာခဲ့သည်။ ယင်းအရေး အခင်းသည် ရှုပ်ထွေးလှသော သမိုင်းကြောင်း နောက်ခံ များနှင့် ကြီးကြီးမားမား ဆက်နွှယ် ပတ်သက်နေပြီး အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေး စသည့် ပြင်း ထန်လှသော ဆိုးကျိုး များကို ဖြစ်ပေါ်စေ နိုင်သည် အထိ အန္တရာယ် ကြီးမားခဲ့သည်။ သို့သော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ တို့နှင့် အညီ စနစ်တကျ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ခဲ့သောကြောင့် စာရေးသူ နေထိုင်ရာ အမေရိကန် ပြည်ထောင်စု တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကျွမ်းကျင် သူများ၊ စိတ်ဝင်စား သူများအားလုံး အတော်ကလေးပင် အံ့သြခြင်း ကြီးစွာ ဖြစ်ခဲ့ကြ ရသည်။ အမေရိကန် နိုင်ငံခြားရေး ဌာနမှ အရာရှိများ သည်ပင်လျှင် မြန်မာအစိုးရ၏ ကိုင်တွယ် ဖြေရှင်းသွားမှု ကို  အံ့သြချီးမွမ်းရာ ၌ တဖွဖွ ထုတ်ဖော် ပြောကြား ကြသည့် အခြေအနေ အထိ ရောက်ရှိ ခဲ့သည်။
ယခင် နှစ်ပေါင်း များစွာက  မမြင်မတွေ့ ဖူးသော ဒီမိုကရေစီ နည်းလမ်းကျကျ ကိုင်တွယ် ဖြေရှင်းသွား ပုံမှာ  မည်သူမျှ ထင်မှတ် မထားသော ဖြေရှင်းချက် ဖြစ်နေသည်။ တစ်ဆက်တည်း မှာပဲ ပြည်သူ များ သို့ မေတ္တာရပ်ခံချက် အဖြစ် ထုတ်ဖော် ပြောကြား သွားခဲ့သော သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက် များ၊  ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အပါအဝင်  နိုင်ငံတကာ သံတမန်များကို သတင်းစာ ရှင်းလင်းပွဲဖြင့် ရှင်းလင်း ခဲ့ခြင်း၊ တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ရှင်းလင်းကာ သိသာ မြင်သာ စေရန် ရခိုင် ပြည်နယ်သို့ သွားရောက် စေခဲ့ခြင်း၊ OIC ကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ကြား စေခဲ့ခြင်း စသည့် ဆောင်ရွက်ချက် အဆင့်ဆင့် မှာလည်း ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦး၏ ရုပ်ပုံလွှာကို ပီပီသသ ဖော်ဆောင် နိုင်ခဲ့ကြောင်း  တွေ့ရှိ ရသည်။ သို့သော် ဤပြဿနာ ပြီးဆုံးသွား ပြီလား မေးလျှင် မပြီးစီးသေး ကြောင်း၊ ရေရှည် ဖြေရှင်း ဆောင်ရွက်ရမည့်စိန်ခေါ်မှုများစွာကျန် ရှိနေသေးကြောင်း တွေ့ရှိနိုင် သည်

နိုင်ငံသားဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေစသည် တို့ကို ပြန်လည် သုံးသပ်ခြင်း အပြင် ယင်းဥပဒေ များနှင့် စပ်လျဉ်းသော    ဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များကို အလေးထား၍ ဆက်လက် အကောင် အထည် ဖော်ဆောင် ရွက် နိုင်ရေးမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ် အဖြစ် တွေ့ရှိ ရသည်။ တရားဥပဒေ စိုးမိုးရေး ဟူသည်   အုပ်ချုပ်ရေး မဏ္ဍိုင် တစ်ခုတည်း သာမက အခြားသော မဏ္ဍိုင်ကြီး များမှလည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားကြရမည့် ရေရှည် လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ် နေသည်။ ပြည်တွင်းရှိ ဘာသာရေး အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင် များ၊ လူမှု အဖွဲ့အစည်း များ၏ ပံ့ပိုးကူညီမှု များလည်း မရှိမဖြစ် လိုအပ်သည် ဖြစ်ရာ နိုင်ငံသားတိုင်း ၏ တာဝန် သဖွယ်ဖြစ် နေကြောင်း တွေ့ရှိ နိုင်သည်။


စိတ်မကောင်း ဖွယ်ရာ ပွတ်တိုက်မှုများ


ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဥပဒေ အားလုံး၏ အခေါင် အချုပ် ဥပဒေ ဖြစ်ကြောင်း ဥပဒေ ပညာရှင်တိုင်း အလို အလျောက် နားလည် သဘော ပေါက်ပြီး ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး တစ်ခုခုမှ ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လျစ်လျူရှုသည့် သဘော ဆောင်ရွက်လာ ပါက အကျိုးဆက် အားဖြင့် မည်သို့မည်ပုံ ဖြစ်ပေါ်လာ မည်နည်း။ ခြိမ်းခြောက်မှု အဆင့် မဟုတ်တော့ သည့် ဘေးအန္တရာယ် အဆင့်သို့ ရောက်ရှိ သွား နိုင်သည်။ အာဏာကြီး (၃)ရပ် ကိုယ်တိုင် အခြေခံ ဥပဒေကို လျစ်လျူရှုပြီ ဆိုမှတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် စက္ကူစုတ်သာသာ ဘဝသို့ သက်ဆင်းသွားပြီ ဖြစ်၍  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပျက်ပြယ်သွားပြီ ဟူသော သဘောသို့ ရောက်ရှိ သွားနိုင်သည်။ ထို့ကြောင့်လည်း   နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် စနစ်တကျ ပိုင်းခြား သတ်မှတ် ထားခြင်း ဖြစ်သည်။ မဏ္ဍိုင်ကြီး တစ်ရပ်ရပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်း (သို့မဟုတ်) လျစ်လျူရှုခြင်း (သို့မဟုတ်) ဖောက်ဖျက်ခြင်း (သို့မဟုတ်) အလားတူ လုပ်ဆောင် ချက် ကို ဆောင်ရွက်ရာ ရောက်စေသော လုပ်ဆောင်ချက် တစ်ခုခု လုပ်ဆောင်ခြင်း ပြုလုပ်ခဲ့ ပါလျှင်  ယင်းမဏ္ဍိုင်သည် အန္တရာယ် ကြီးမားလှသော အနေ အထားသို့ စတင် ဦးတည်နေပြီဟု မှတ်ယူ နိုင်သည်။


ယခုအခါ မြန်မာ့မြေသို့ မျှော်ကြည့်လိုက်သော် အပြန်အလှန် ထိန်းကျောင်းခြင်း သဘော သဘာဝကို နားမလည်ခြင်း၊ အတွေ့ အကြုံမရှိ သေးခြင်း၊ လုပ်ပိုင်ခွင့် စည်းများ တိကျပြတ်သားစွာ မရှိသေးခြင်း သက်ဆိုင်ရာ ပုဂ္ဂိုလ် များ၏ ဥပဒေရေးရာ အရည်အသွေး လိုအပ်ချက် များရှိနေခြင်း စသည့် အချက်များကြောင့် ကြားဝင် စွက်ဖက်သည့် သဘောသို့ သက်ရောက် စေနိုင်သော လုပ်ဆောင်ချက်များ ထွက်ပေါ် လာနိုင်သည့် အလားအလာ များကို စိတ်မကောင်း ဖွယ်ရာ  တွေ့ရှိ ရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတကာမှ မည်သို့ပင် ဝေဖန်ပြောကြား နေကြစေကာမူ  မြန်မာနိုင်ငံ ၏ အသွင် ကူးပြောင်းရေး မူလဗီဇနှင့်  လိုက်လျော ညီထွေဖြစ်သော  မူဘောင် တစ်ရပ် ဖြစ်ကြောင်း  ဥပဒေ ပညာရှင်  အတော်များ များက လက်ခံထား ကြသည်။ အာဏာကြီး (၃)ရပ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အညီအမျှ ပိုင်းခြား ထားသော နယ်နိမိတ် စည်းများကို လေးစားကြရန် လိုအပ်သလို  မဏ္ဍိုင်ကြီး တစ်ခုစီ၏ သီးခြား လွတ်လပ်မှု၊ အနှောင်အဖွဲ့ ကင်းရှင်း မှု၊ အပြန်အလှန် လေးစားမှု စသည်တို့ကို ဦးထိပ် ထားကြရန်  လိုအပ်သည်။ ထိုသို့  လိုက်နာပါမည့် အကြောင်း ကိုလည်း ကျမ်းသစ္စာ ကျိန်ဆိုထား ကြသူများ ဖြစ်နေသည်။ မိမိတို့ ကိုယ်တိုင် ကျမ်းကျိန်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယင်းပုဂ္ဂိုလ် များက လိုက်နာရန် ပျက်ကွက် လာပြီဆိုလျှင် အခြေခံ ဥပဒေ၏ အာဏာ တည်မှုသည် မေးခွန်းထုတ် ဖွယ်ရာ ဖြစ်လာ ပေမည်။   အလားတူ  မဏ္ဍိုင်ကြီး (၃)ရပ်မှ ကျမ်းကျိန် ထားသူများ ကိုယ်တိုင် လိုက်နာရန် ပျက်ယွင်း ခဲ့ပါလျှင် ကျန်နိုင်ငံ သားများ အနေဖြင့် မည်သို့ စခန်းသွား ကြမည်နည်း။ အမှန်တကယ် ရင်လေး ဖွယ်ရာ ကောင်းသလို နိုင်ငံနှင့် ပြည်သူများ၏ အနာဂတ် အတွက်လည်း စိုးရိမ် ထိတ်လန့် ဖွယ်ရာ ကောင်းလှသော ခြောက်အိပ်မက် ကြီးတစ်ခုလည်း ဖြစ်နေသည်။ ဥပဒေတို့၏ အခေါင် အချုပ်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဏ္ဍိုင်ကြီး တစ်ရပ်ရပ်က စိန်ခေါ်သည့် အနေအထား ရောက်ရှိလာပြီ ဆိုလျှင်  စာရေးသူ အနေဖြင့် ပြောစရာစကား တစ်စွန်း တစ်စပင် မရှိနိုင်တော့ပါ။
 
ပြည်ထောင်စု အဆင့်အဖွဲ့ အစည်း ဖွင့်ဆိုချက်


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ (၂၈-၃-၂ဝ၁၂) ရက်နေ့တွင် ''လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း'' ဆုံးဖြတ် ခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက သဘောတူ လက်ခံခြင်း မရှိဘဲ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံ နှစ်ကြိမ် တိုင်တိုင် တင်ပြခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက  နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ပေးပို့၍ တောင်းဆိုချက် နှစ်ရပ် ပေးပို့ခဲ့သည့် သတင်းကို ကြားသိ လိုက်ရသည်။ ထိတ်လန့် တုန်လှုပ်ခြင်း ကြီးစွာဖြစ်ပေါ် ရသည့်အပြင်  ဝမ်းနည်း ကြေကွဲ ဖွယ်ရာ အတွေးများလည်း တွေးမိသည်။


လွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သဘော သဘာဝ၊ လုပ်ငန်း တာဝန်၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ် ချက်စသည် တို့ကို သတိ လက်လွတ် ဖြစ်သွား ကြပြီလား ဟူသော မေးခွန်းသည်  ပဲ့တင်ထပ်နေသော မေးခွန်း ဖြစ်လာ ခဲ့သည်။  အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့ မည်သည် အခြေခံ ဥပဒေကို စောင့်ကြပ် ရသူဖြစ်ပြီး  အခြေခံ ဥပဒေ တစ်ခုတည်း ကိုသာ ကိုင်ဆောင် ကြရသူများ ဖြစ်ကြသည်။ အခြား ဥပဒေများတွင် အခြေခံ ဥပဒေနှင့် ကွဲလွဲသော ပြဋ္ဌာန်း ချက်များ   မည်သို့ပင် ပါရှိနေစေကာမူ  အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များ ကိုသာ ကောက်ယူခြင်း၊ အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များကို အခြေပြု၍ အဆုံးအဖြတ် ပြုခြင်းတို့ ဆောင်ရွက် ကြရသည်။
ဤသည်မှာ ယင်းခုံရုံး တို့၏ လုပ်ထုံး လုပ်နည်းနှင့် သဘော တရားသာ ဖြစ်သည်။ ဥပဒေ ပြုရေး မဏ္ဍိုင်ကို ဆွဲကိုင် ထားသူများ အနေဖြင့် လုပ်ဆောင်ရန် နည်းလမ်း များစွာ ရှိသည့်ကြားမှ ဤနည်း လမ်းတစ် ခုတည်း ကိုသာ ရွေးချယ် ဆောင်ရွက် လာခြင်းသည်  သာမန် ပွတ်တိုက်မှု တစ်ရပ် မဟုတ်တော့ဘဲ မြန်မာနိုင်ငံနှင့် နိုင်ငံသား တို့၏အနာဂတ် ကိုပါ  ကြီးကြီးမားမား  ထိခိုက် စေသည့် တိုက်ခိုက်မှု တစ်ရပ် အသွင် ဆောင်လာ သည် ကို စိတ်မ ကောင်းဖွယ်ရာ တွေ့ရှိရသည်။



ပြည်သူ့ လွှတ်တော်၏ ဤကြိုးပမ်း ဆောင်ရွက် ချက်သည် -


(၁) အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသော ခုံရုံး၏ လုပ်ပိုင် ခွင့်နှင့် တာဝန်ကို လျစ်လျူရှုရာ ရောက် သွား စေပြီး ခုံရုံး၏ အခန်း ကဏ္ဍကို နိဂုံးချုပ် စေလိုက်ခြင်း ဖြစ်သည်။


(၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသော ဒီမိုကရေစီ အနှစ်သာရ သဘောများ၊ တရား စီရင်ရေး မဏ္ဍိုင်၏ သီးခြား လွတ်လပ်စွာ တည်ရှိ မှုတို့ကို ပျက်သုဉ်း စေပြီး အခြေခံ ဥပဒေဆိုင်ရာ အမြင့်ဆုံး တရားရုံး ဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအား Rubber Stamp အမည်ခံ တံဆိပ်တုံး ထုသည့် အခြေ အနေသို့ ရောက်ရှိ စေခြင်း ဖြစ်သည်။


(၃) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ မူလကိုယ်ထည် အနှစ်သာရ ဖြစ်သော အပြန် အလှန် ထိန်းကျောင်းမှု ယန္တရားနှင့်  ညီမျှစေသော  ချိန်ခွင်လျှာကို ပျက်စီး စေခြင်း ဖြစ်သည်။


(၄) သမိုင်း တွင်မည့် လုပ်ဆောင် ချက်တစ်ရပ် ဖြစ်လာမည် ဖြစ်သလို နှောင်းလူတို့မှ စံနမူနာ ယူဖွယ်ရာ သမိုင်းအမှား တစ်ရပ် အမွေထား ရစ်ခဲ့ခြင်း ဖြစ်သည်။


(၅) မြန်မာ့ ဒီမိုကရေစီ၏ အနာဂတ်သည် ခြိမ်းခြောက်မှု အဆင့်သာ မဟုတ်တော့ဘဲ အန္တရာယ် ကျရောက် သည့် အဆင့်သို့ ကူးပြောင်း ရောက်ရှိ စေခြင်းဖြစ်၍  နိုင်ငံတကာ အသိုင်း အဝိုင်း၏  ယုံကြည် လေးစားမှု၊ အထူးသဖြင့် ဒီမိုကရေစီ ကူးပြောင်းရေး ဖတ်စာအသစ် ဖြစ်သော မြန်မာ့ နွေဦး၏ အနာဂတ်ကို ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။



ပြည်သူ့ လွှတ်တော် သာမက ပြည်ထောင်စု လွှတ်တော် သည်ပင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ  အငြင်းပွားမှု များအတွက်  အဆုံးအဖြတ် ပြုပိုင်ခွင့် မရှိပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များကို အဓိပ္ပာယ် ဖွင့်ဆို ပိုင်ခွင့် မရှိပါ။ အလားတူ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသည် လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များသည် လည်းကောင်း လုပ်ပိုင်ခွင့် မရှိကြပါ။ ဤသည်မှာ ယင်းတို့ အားလုံး စောင့်ထိန်း လိုက်နာရန် ကျမ်းကျိန် ထားသော အခြေခံဥပဒေ အရသာ ဖြစ်သည်။  ယင်း တာဝန်များကို လုပ်ဆောင်ရန်  အခြေခံ ဥပဒေက  အပ်နှင်းထား သည်မှာ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးတစ်ခု တည်းသာ ရှိသည်။ စာရေးသူ တို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်  စက္ကူစုတ် သာသာ စာအုပ် တစ်အုပ် ဘဝကို သက်ဆင်း ကျရောက် သွားတော့မည့် အရေးမှာ နိုင်ငံတော် နှင့် နိုင်ငံသား များ၏ အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင် နေသည်ကို လွှတ်တော် ကိုယ်စားလှယ်များ  သတိပြု သင့်ပေသည်။ အထူးပြု တိုက်တွန်း လိုသည့် အချက်မှာ အခြေခံ ဥပဒေကို   ဆန့်ကျင်သော မှားသည်- မှန်သည် စုံကန် ငြင်းဆန် နေခြင်းထက် လုပ်ဆောင် သင့်သည့် နည်းလမ်းကို အခြေခံ ဥပဒေ နှင့် အညီ  မှန်မှန် ကန်ကန် ရွေးချယ် နိုင်ရေးပင် ဖြစ်သည်။



ရွေးချယ် စရာ အခြား နည်းလမ်း မရှိတော့ပြီလား

 ပြည်သူ့ လွှတ်တော် သည် အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌ နှင့် ခုံရုံး အဖွဲ့ဝင် များကို စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် သုံးပုံ နှစ်ပုံကို ကျော်လွန် သော လွှတ်တော် ကိုယ်စားလှယ် (၃ဝ၁) ဦးက  လက်မှတ် ရေးထိုး  ထောက်ခံ ထားသည်ဟု သိရှိရသည်။ သို့ဆိုလျှင် ယင်းတို့ လိုလားသော  ပြည်ထောင်စု အဆင့် ရရှိရေး ရည်မှန်းချက် ကိုရရှိ ထားသော ကိုယ်စားလှယ် အင်အားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း သို့မဟုတ်  ဖြည့် စွက်ခြင်းများ ဆောင်ရွက်လျှင် ကောမရနိုင် ဘူးလား။ ဤသည်မှာ စာရေးသူ၏  ဥပဒေ ဆိုင်ရာ ရှုမြင် ချက်ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ် များက လက်ခံ- လက်မခံ ဟူသည်မှာ လည်း အတိအကျ မသိရှိ နိုင်ပါ။ ထိုသို့ အခြေခံ ဥပဒေ ပြင်ဆင်နိုင် ပြီဆိုလျှင် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် အခြေခံ ဥပဒေ အတိုင်း ပြောင်းလဲ ပြင်ဆင် ဆုံးဖြတ် ပေးရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက် ခဲ့ပါလျှင် ခုံရုံး တစ်ဖွဲ့လုံး နုတ်ထွက် သွားစရာကော လိုအပ် ပါမည်လား၊ အဖြေမှာ ရှင်းနေ ပေသည်။


 ပြည်သူ့ လွှတ်တော် အနေဖြင့် ပြည်ထောင်စု အဆင့် လိုချင်ရုံ သက်သက် ပဲလား၊ (ဥပဒေ ပြုရေး မဏ္ဍိုင်၏ စည်းလုံး ညီညွတ်မှု နှင့်  လူအများစုကို အကြောင်း ပြု၍) ကျန်မဏ္ဍိုင် များအပေါ် လွှမ်းမိုး လိုသည်လား ဤသည်ကို လွှတ်တော် ကိုယ်စားလှယ် များ ကိုယ်တိုင်သာ  သိရှိ နားလည် ကြပေ လိမ့်မည်။ စာရေးသူ သည် ဥပဒေ ပညာရှင် တစ်ဦးဖြစ်၍ ဥပဒေ ရှုထောင့် မှသာ စဉ်းစား တွေးတော ခြင်းဖြစ်သည်။ ထောက်ခံမှု ဤမျှ ရရှိထား သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်သည့် လုံလောက်သော အင်အားကို ရရှိထား သည်ဟု ယူဆနိုင်သော လွှတ်တော်သည် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း ပြုလုပ် ရုံဖြင့် ပြီးစီး အောင်မြင် နိုင်သည့် နည်းလမ်းကို မည်သည့် အတွက် ကြောင့် ဆောင်ရွက်ခြင်း မပြုကြ ပါသနည်း။


တစ်ဖန် ယင်းတို့၏ လွှတ်တော် အတွင်း ထောက်ခံမှု ရရှိရေး စည်းရုံး စုစည်း ထားသော လက်မှတ် ရေးထိုး ထားခြင်း၏ ရည်ရွယ်ချက်မှာ လည်းမည်သူ့ အကျိုးစီးပွား အတွက် ဖြစ်ပါ သနည်း ဟူသည်ကို ဆက်လက် တွေးတော ဆင်ခြင် ကြည့်သော အခါ  အထူး ပင်ဝမ်းနည်း ကြေကွဲ ဖွယ်ရာ ကောင်းသော အဖြေ တစ်ရပ်ကို ရရှိလာ သည်။ စာရေးသူတို့ နိုင်ငံသည် တစ်ဦးချင်း ဝင်ငွေ(၁) ဒေါ်လာ အောက် ရရှိသော ပြည်သူ အများစု၊ အလွန်အမင်း ဆင်းရဲ နွမ်းပါးသူများ ဟုသတ်မှတ် နိုင်သော ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး DLC နိုင်ငံ အဆင့် ဖြစ်သည်။ ယင်းတို့၏ အကျိုးစီးပွား နှင့် လွှတ်တော် ကော်မတီများ၏ အကျိုးစီးပွား မည်သည်ကို အလေးထား၍ ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရ သောအခါ အထူးပင် စိတ်မကောင်း ဖြစ်မိ ပေသည်။


စာရေးသူ နေထိုင်ရာ အမေရိကန် ပြည်ထောင်စု၏  ငွေကြေး ဘဏ္ဍာ၊ အခွန် အကောက်၊ တစ်ဦးချင်း ဝင်ငွေ၊ စီးပွားရေး အခြေအနေ စသည် တို့နှင့် စာရေးသူတို့ မြန်မာ နိုင်ငံကို နှိုင်းယှဉ် ကြည့်လျှင် အစစ အရာရာ ကွာခြား နေသည်မှာ အားလုံး အသိပင် ဖြစ်သည်။ ဥပဒေ ပြုရေး တွင် လွှတ်တော်က အခွင့် အာဏာ ရယူထားသည် ဆိုသော် ငြားလည်း စာရေးသူတို့ အခြေခံ ဥပဒေနှင့် ကွာခြား သည်မှာ အမေရိကန် သမ္မတ သည် ဥပဒေ ပြုရေး၌  ဗီတိုအာဏာ Veto နှင့် အိတ်ဆောင် ဗီတို Pocket Veto  အပ်နှင်း ထားသည်ကို တွေ့ရှိ နိုင်သည်။ သို့သော် အတုယူဖွယ်ရာ ကောင်းသည်မှာ   သမိုင်း ကြောင်း တစ်လျှောက်  မည်သည့် အမေရိကန် သမ္မတ ကမှ  ဗီတို အာဏာကို အသုံးပြု ခဲ့ခြင်း မရှိခဲ့သော အချက် ဖြစ်သည်။  အပြန်အလှန် ထိန်းကျောင်းမှု အတွက် စံထား ဖွယ်ရာ သင်ခန်းစာ လည်းဖြစ်သည်။


အမေရိကန် တွင် ဆီနိတ်တာ၊ ကွန်ဂရက် လူကြီးမင်း တို့မှာ အုပ်ချုပ်ရေး ဘက်မှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိများ နည်းတူ အဆောင် အယောင်များ၊ ခံစားခွင့်များ ရရှိ ခံစားခွင့် ပေးအပ် ထားသည်။ သို့သော် တန်းတူ ရည်တူ သတ်မှတ်ခြင်း မျိုးတော့ မဟုတ်ပါ။ အဓိက ကျသော အချက်မှာ စာရေးသူတို့ နိုင်ငံရှိ အမတ်မင်းများ အရေ အတွက် နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ ပင်ဖြစ်သည်။ စာရေးသူ လေ့လာရသလောက် လွှတ်တော် နှစ်ရပ် ပေါင်းတွင် ဖွဲ့စည်းထား သော(၄ဝ) ကျော် ၌ ကော်မတီဝင်/ ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း (၆ဝဝ) ကျော်ရှိ နေကြောင်း တွေ့ရှိ ရသည်။ ဤအချက် အရ ပြည်ထောင်စု ဝန်ကြီး အဆင့်ရှိ လွှတ်တော် အမတ်ပေါင်း (၆ဝဝ) ကျော် ရှိလာမည် ဆိုသည့် သဘောကိုဆောင်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် အစိုးရ အုပ်ချုပ်ရေး ဘက်၌ ပြည်ထောင်စု ဝန်ကြီးဌာန (၃ဝ) ကျော် နှင့် ပြည်ထောင်စု ဝန်ကြီးအဆင့် (၃ဝ) ကျော်ရှိ နေသည် နှင့် နှိုင်းယှဉ် ကြည့်သော အခါ ပိုမို၍ပင် ရင်မော မိပေသည်။ စာရေးသူ မြင်ယောင်မိ သည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကောင်းစွာ နားလည်ခြင်း မရှိသေးသော၊ ဆင်းရဲတွင်းက ယခု ထက်တိုင် ရုန်းမထွက် နိုင်သေးသော၊ လွှတ်တော် ကိုယ်စား လှယ်များ မိမိတို့ အကျိုးကို လုပ်ဆောင်ခြင်း မရှိလျှင်  ပြန်လည် ခေါ်ယူ ဖြုတ်ချ နိုင်သော (မူလမဲ ဆန္ဒရှင် စုစုပေါင်း၏ တစ်ရာ ခိုင်နှုန်းသာ လိုသည်) အခွင့် အာဏာ ရှိသည်ကိုပင် မသိ ရှိကြ သေးသော မြန်မာပြည်သူ များပင် ဖြစ်သည်။


နိဂုံး
အသွင် ကူးပြောင်းစ  ဒီမိုကရေစီ၏ လက်ရှိ အနေအထားတွင် အခွင့်အရေး နှင့် လုပ်ငန်း တာဝန် မည်သည်ကို  ရွေးချယ် ဆောင်ရွက် သင့်သည် ဟူသည်မှာ မိကျောင်းမင်း ရေခင်းပြ စရာ မလိုသော အနေအထား ဖြစ်သည်။ တစ်ဖန်  သိပ္ပံပညာ နယ်ပယ်တွင်  အရာ ဝတ္ထုတို့၏ ရွေ့မြဲ ရွေ့နေလိုသော အင်နားရှား သဘောတရား သည် နိုင်ငံရေး သိပ္ပံ နယ်ပယ်၌ လည်း မှန်ကန် နေသည်ကို တွေ့ရှိလာရ သဖြင့် နိုင်ငံပြု ပုဂ္ဂိုလ်များ ထားရှိ အပ်သော လူမှုကျင့်ဝတ် များနှင့် ပြန်လည် ဆန်းစစ်ရန် လိုအပ် ပါမည်။ နိုင်ငံနှင့် ပြည်သူ အကျိုးနှင့် မိမိကိုယ်ပိုင် အကျိုး ယှဉ်လာလျှင် မည်သည်ကို အလေးပေး ရမည် ဟူသည်မှာ အခြေခံ ဥပဒေတွင် ပါဝင်ခြင်း မရှိသော လူမှုပဋိညာဉ် Social Contract သာ ဖြစ်သည်။ ဤသည်မှာ လိုက်နာရန် ဥပဒေများ၊ စည်းမျဉ်း များဖြင့် ပြဋ္ဌာန်း ထားခြင်း မဟုတ်သဖြင့် ထုတ်ဖော် ပြောရ သည်မှာ လည်း ခက်ခဲ နိုင်သည်။


လွှတ်တော်များ အားကောင်းရန် လိုအပ်သော် လည်းနိုင်ငံ နှင့်ပြည်သူ အကျိုးအတွက် အားကောင်းခြင်း သာဖြစ်သင့်ပြီး အပြန်အလှန် ထိန်းကျောင်းမှုများ ကျင့်သုံး ရာတွင် မိမိတို့ မဏ္ဍိုင် တစ်ရပ်ရပ် ကိုယ်တိုင် သည်လည်း အပြန်အလှန် ထိန်းကျောင်း ခံနိုင်ရမည် ဟူသော ခံယူချက် များရှိရန် လိုအပ် နေပြီ ဖြစ်သည်။ သို့မဟုတ် ပါက ဥပဒေ ပြုရေး မဏ္ဍိုင် အနေဖြင့် ဖော်ဆောင် ထားသော လမ်းကြောင်း အတိုင်း  ဆက်လက် လျှောက်လှမ်းလာ ခဲ့ပါက ဤသည်ပင် စာရေးသူတို့ နိုင်ငံနှင့် နိုင်ငံသား တို့၏ ကံကြမ္မာသာ ဖြစ်သည်ဟု စိတ်မကောင်းခြင်း ကြီးစွာဖြင့် မှတ်ယူ ရတော့မည် ဖြစ်ပေသည်။  ။

မောင်အေးချမ်း (ဟားဗတ်)

From -မြ၀တီ

No comments:

Post a Comment