Wednesday, August 22, 2012

ရှောင်ရှားရမည့် နိုင်ငံရေးအကျပ်အတည်း (ကိုဝ)

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ၂၀၁၂ခုနစ်၊ သြဂုတ်လ ၂၁ရက် မတိုင်မီ ဆန္ဒအလျောက်နုတ်ထွက်မပေးဘူးဆိုရင် စွပ်စွဲပြစ်တင်ရလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သြဂုတ်လ ၁၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုဖတ်လိုက်ရတော့ ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့ အတွေးနဲ့စိုးရိမ်သွားမိပါတယ်။ပြည်သူ့လွှ တ်တော်အမတ် ၃၀၁ဦးကလွှတ်တော်အခွင့်အရေးကော်မတီကတစ်ဆင့် တင်ပြချက်အပေါ် မူတည်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အခုလိုပြောလိုက်တာပါ။ ပြဿနာရဲ့အခြေခံက ၂၀၁၂ခုနစ် မတ်လ
၂၈ရက်နေ့မှာချမှတ်ခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ဆုံးဖြတ်ချက်ပါ။

အဲဒီဆုံးဖြတ်ချက်ရဲ့သဘောကဒီလိုပါ။ လွှတ်တော်အသီးသီးကဖွဲ့စည်းထားတဲ့ ကော်မတီကော်မရှင်နဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေအဖြစ် ထည့်သွင်းအဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိဘူးဆိုတဲ့ သဘောပါ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရခြင်းရဲ့ အကြောင်းခံက ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းလွှာ တစ်ရပ်ကိုသူတို့ခုံရုံးကိုတင်ပြလာလို့ပါ။

နိုင်ငံတော်သမ္မတကဒီလိုတင်သွင်းလွှာတင်ပြတယ်ဆိုတော့ ဘာတွေများ ဝိဝါဒဖြစ်စရာရှိလဲလို့ တွေးမိပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေရဲ့ပုဒ်မ ၂(ဇ) မှာ “ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့xxxxx ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းထားသည့် ကော်မတီကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်းဆိုလိုသည်” ဆိုပြီးရှင်းရှင်းလင်းလင်းရေးထားပါတယ်။ ဒီတော့ လွှတ်တော်အသီးသီးရဲ့ ကော်မတီကော်မရှင်နဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်ဆိုတာအငြင်းပွားစရာမရှိပါဘူး။ ဒီလောက် ရှင်းနေတဲ့ ကိစ္စကိုနိုင်ငံတော်သမ္မတကဘာလို့ တင်သွင်းလွှာတင်ပြရတာလဲ။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတာဘယ်လိုမျိုးလုပ်ကိုင်ခွင့် ရှိပါတယ်ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာသဘောကွဲလွဲဟန် ရှိပါတယ်။

          နိုင်ငံတော် ရှေ့နေချုပ်ကနိုင်ငံတော်သမ္မတရဲ့ကိုယ်စားလွှတ်တော်အသီးသီးရဲ့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်သွင်းခဲ့တာပါ။

ဒီတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပေါ် ဘယ်လိုအချက်တွေအပေါ် မူတည်ပြီးစွပ်စွဲပြစ်တင်လိုတာလဲဆိုတာ ကြည့်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန် သလိုဥပဒေအရပေးအပ်တဲ့ တာဝန်ကိုမကျေပွန်ဘူးဆိုတဲ့ အချက်နှစ်ချက်အပေါ် မူတည်ပြီးစွပ်စွဲ ပြစ်တင်တာပါ။ အခုလိုစွပ်စွဲပြစ်တင်ဖို့ ကြိုးစားတာဟာဒုတိယအကြိမ်ပါ။ ပထမအကြိမ်ကဧပြီလ ၂၆ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ၂၀၀ က ပြုလုပ်ခဲ့တာ ပါ။ ပထမအကြိမ် စွပ်စွဲ ပြစ်တင်စဉ်ကဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်တွေကိုမလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက် ပါပါတယ်။ ဒီအကြောင်း ပြချက်ကဘာကိုဆိုလိုတာလဲဆိုတာကတော့ မရှင်းလင်းပါဘူး။

စွပ်စွဲပြစ်တင်တယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းရဲ့ သဘောကို ကြည့်ဖို့လိုပါတယ်။ ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း) ရဲ့ သုံးပုံနှစ်ပုံကစွပ်စွဲပြစ်တင်မှုဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သမ္မတကနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်စဲပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မထံပေးပို့တဲ့ သ၀ဏ်လွှာမှာ စွပ်စွဲပြစ်တင်မှုကိုရှောင်လွှဲနိုင်ဖို့အတွက် ခုံရုံးကိုတင်သွင်းခဲ့တဲ့ သမ္မတရဲ့ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ ခုံရုံးအဖွဲ့က ဆန္ဒအလျောက် နုတ်ထွက်ပေးဖို့ကိုတောင်းဆိုထားပါတယ်။


ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမဟုတ်ဘူးဆိုတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် လွှတ်တော် အသီးသီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာထိခိုက်သလို လွှတ်တော်လုပ်ငန်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ရာမှာကန့်သတ်မှု၊ ခက်ခဲမှုနဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒီလိုကန့်သတ်မှု ခက်ခဲမှုနဲ့ ထိခိုက်မှုတွေကိုတင်ပြထားတဲ့အတွက် လွှတ်တော် အသီးသီးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အကြား ဆက်ဆံရေးအခြေအနေအရပ်ရပ်အပေါ်မူတည်ပြီးဒီပြဿနာ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။ (၉-၈-၂၀၁၂) နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာမောင်အေးချမ်း (ဟားဗတ်) က ‘အခြေခံဥပဒေတွေမှာ အာဏာခွဲဝေမှု အညီအမျှ ပေးထားပေမယ့် လက်တွေ့ ကျင့်သုံးကြတဲ့အခါ မဏ္ဍိုင်ကြီးတစ်ရပ်ရပ်က အုပ်ချုပ်ရေးမဏ္ဍိုင်ကိုစိန်ခေါ်လာနိုင်တဲ့ အနေအထားတွေ ဖြစ်လာတတ်ပါတယ်‘  လို့ ရေးထားတဲ့အတွက် စွပ်စွဲပြစ်တင်မှု ဖြစ်စဉ်ကိုများရည်ရွယ်ထားသလားလို့ တွေးမိပြီးပိုစိုးရိမ်မိလာ ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ်ရေးအာဏာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အပြည့်အ၀ ကျင့်သုံးပိုင်ခွင့်ရှိသလိုဥပဒေပြုရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကအပြည့်အ၀ ကျင့်သုံးပိုင်ခွင့် ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးမဏ္ဍိုင်အကြားအပြန်အလှန် ထိန်းကျောင်းနိုင်မှုကနည်းပါးပါတယ်။ အမေရိကန်နိုင်ငံမှာဘတ်ဂျက်အတည်ပြုရေးအတွက် သမ္မတနဲ့ ကွန်ဂရက်တို့ဟာအသည်းအသန်အားပြိုင်ရပြီးနောက်ဆုံးစက္ကန့်အထိအပြန်အလှန် အပေးအယူ အလျော့အတင်းလုပ်ကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်သမ္မတတင်ပြတဲ့ ပြည်ထောင်စုအဆင့် အသုံးစရိတ်ကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်တာမျိုးလျှော့ခွင့်ပြုတာမျိုးလုပ်ပိုင်ခွင့် မရှိပါဘူး။ အမေရိကန်နိုင်ငံမှာကွန်ဂရက်ရဲ့ သုံးပုံနှစ်ပုံကသာမထောက်ခံဘူးဆိုရင် သမ္မတကဥပဒေတစ်ရပ်ရပ်ကို ဗီတိုမဲပေးပြီးပယ်ဖျက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သမ္မတကဥပဒေတစ်ရပ်အပေါ် သဘောထားမှတ်ချက်ပေးနိုင်ပေမယ့် ပြည်ထောင်စုလွှတ်တော်ကသာဒီမှတ်ချက်ကိုလက်မခံဘူးဆိုရင် သမ္မတကသဘောမတူပေမယ့် ဒီဥပဒေဟာ အသက်ဝင် အတည်ဖြစ်သွားမှာပါ။ ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် (သို့မဟုတ်) ပြည်ထောင်စုလွှတ်တော်ရဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ထိန်းကျောင်းနိုင်တဲ့ အခွင့်အာဏာဟာအမေရိကန်နိုင်ငံလိုအားမကောင်းပါဘူး။ ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရကိုအမေရိကန် နိုင်ငံလိုထိန်းကျောင်းနိုင်ဖို့ဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှပဲ ဖြစ်နိုင်မှာပါ။


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နဲ့ သဘောထားရယူဖို့ သမ္မတနည်းတူ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ကလည်း တိုက်ရိုက် တင်သွင်းပိုင်ခွင့် ရှိပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခုံးရုံးထံတင်သွင်းလွှာတစ်ရပ် တင်သွင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးရဲ့ သဘောထားကိုထပ်မံစဉ်းစားပေးဖို့ တောင်းဆိုမယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ အရခုံရုံးရဲ့ ဆုံးဖြတ်ချက်ကအပြီးအပြတ်ပါ။ ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်မှသာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးကစွပ်စွဲ ပြစ်တင်တဲ့ အဆင့်အထိတက်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကိုကျင့်သုံးတာဟာ ၂ နှစ် မပြည့်သေးပါဘူး။ ဒီလိုနုနယ်လှတဲ့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံတော်သမ္မတကခုံးရုံးထံသူတင်ပြထားတဲ့ တင်ပြလွှာကို ပြန်ရုပ်သိမ်းရမယ် ဆိုရင် (ဒါမှမဟုတ်) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးတစ်ဖွဲ့လုံးနုတ်ထွက်ရမယ်ဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးအလားအလာပုံရိပ်အပေါ် ထိခိုက်သွားနိုင်ပါတယ်။ တိုင်းပြည်ဟာ နိုင်ငံရေးအကျပ်အတည်း တစ်ခုကို ဦးတည်နေတယ်ဆိုတဲ့ ပုံရိပ်မျိုး ဖြစ်ပေါ်မလာအောင် အုပ်ချုပ်ရေးမဏ္ဍိုင်ရော ဥပဒေပြုရေးမဏ္ဍိုင်ပါ လက်တွဲညီညီ ကြိုးပမ်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

From -Sawthida Aung facebook


1 comment:

  1. အမေရိကန်မှာသမတကကာကွယ်ရေးဥိးစီးချုပ်ပါ

    ReplyDelete