Monday, August 20, 2012

မွတ်ဆလင် ဆန့်ကျင်ရေး စာများ ဖြန့် ဝေသဖြင့် ဖမ်းဆီးခံ သံတွဲမှ ကျောင်းသားသုံးသီးကို ရုံးထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတ မ်း ဖြန့်ဝေမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထား ရသော ကျောင်းသား (၃) ဦးကို သြဂတ်စ်လ ၁၄ ရက်နေ့က သံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
“ သူတို့က ဘယ်လို ပြောမလဲ ။ သူတို့ဖြန့်တာက မွတ်ဆလင် ဆန့် ကျင်တဲ့ စာတော့ မဟုတ်ပါဘူး။ မွတ်ဆလင် တစ်ဦးက ဗုဒ္ဓဘာဝင် အမျိုး သမီး တစ် ဦးကို လက်ထပ်နိုင်ရင် ပိုက်ဆံ ဘယ်လောက် ပေးမယ်။ ဘွဲ့ရ ပညာတတ် ဆိုရင် ဘယ်လောက်ပေးမယ် စသဖြင့် အဲသလို ရေးထားတဲ့ စာတွေကို သံတွဲမှာ ဖြန့်တဲ့ အတွက်
ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ သူတို့သုံးဦးကို သြဂတ်စ်လ ၁၄ ရက်နေ့ကတော့  ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပါတယ်” ဟု ဖမ်းဆီးခံထားရသူ  ညီမင်းခန့်၏ ယောက်ဖ တော်စပ်သူ ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။
ဖမ်းဆီးခံထားရသူ ကျောင်းသား သုံးဦးမှာ သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်မှ ဦးဘသိန်း၏ သားဖြစ်သူ ညီမင်းခန့်  (အသက် ၂၀)-  ( စစ်တွေအဝေးသင် မြန်မာစာ ပထမနှစ်)၊  သံတွဲ မြို့ သရက်ပင်ကွင်း ရွာမှ အဘ ဦးအောင်ထွန်းကြည်၏သား နိုင်ရဲဦး (စစ်တွေ အဝေးသင် သမိုင်း ပထမနှစ်) နှင့် သံတွဲမြို့ ကြေးနန်းရုံးမှ ဦးမင်းဇော်၏သား ၁၀ တန်းကျောင်းသား ခိုင်ဇော်ဆန်း (အသက် ၁၇ နှစ်)တို့ ဖြစ်ကြသည်။
သူတို့ (၃) ဦးနှင့်  တခြား  GTC နည်းပညာ ကောလိပ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုသန့်စင်ဖြိုး တို့အား မွတ်ဆလင်များမှ ထုတ်သည်ဟု အများက ယုံကြည်နေသော မွတ်ဆလင်များ အနေဖြင့်  မြန်မာ အမျိုးသမီးများကို နှလုံးသားရေး အရ သော်၎င်း၊ စီးပွားရေး အရသော်၎င်း၊ မြန်မာ အမျိုးသမီးတွေကို ထိမ်းမြှား ယူရမယ်ဆိုသော လက်ကမ်း စာရွက်များကို ဖြန့်ဝေမူ၊ လက်ဝယ် သိမ်းဆည်းထားမူဖြင့်  ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နောက်ထပ်  ဇူလိုင်လ ၂၀ ရက်နေ့တွင် ထပ်မံပြီး ဖမ်းဆီးခဲ့သည်။
ဇူလိုင်လ ၂၆ ရက်နေ့တွင် GTC ကျောင်းသား ကိုသန့်စင်ဖြိုးအား  အာမခံနဲ့ ပြန် လွှတ်လိုက် ပြီး ကျန် ကျောင်းသား သုံးဦးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ရဲက  အမှုဖွင့် တရားစွဲဆိုခဲ့သည်။
“ ၁၄ ရက်နေ့က ရုံးထုတ်တဲ့ အခါ တရားလိုဘက်က ထည့်ထားတဲ့ သက်သေတွေကို စစ်ပါတယ်။ သက်သေ တွေရဲ့  ထွက်ဆိုချက်ကတော့ မဆိုးပါဘူး။ တယောက်နှစ်ယောက်စ စစ်ဖို့ ကျန်ပါ သေးတယ်။ သင်းသင်းမြတ် ဆိုတဲ့ အမျိုးသမီးတစ်ဦးနှင့် ရဲတပ်ကြပ် သုံးဦးကျန်ပါသေးတယ်။ သူတို့ကို စစ်ဆေးဖို့  သြဂတ်စ်လ၂၄ ရက်နေ့  ရုံး ပြန်ချိန်း ထားပါတယ်” ဟု ကိုထွန်းဖေက ဆက်ပြောသည်။
အမှုကို တရားလိုအဖြစ် သံတွဲမြို့နယ်  မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးက တရားမ၀င် စာရွက် စာတမ်း ဖြန့်ဝေမူ ပုဒ်မ ၅၀၅(ခ)တပ်ပြီး တရားလို လုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ပထမပိုင်းတွင် ကျောင်းသား သုံးဦး အမှုကို ရှေ့နေတဦး တစ်ယောက်မှ လိုက်ပါ ဆောင်ရွက်ရန် မရှိခဲ့သော်လည်း ယခုအခါ  ရှေ့နေ ဒေါ်ခင်စန်းမြင့်မှ လိုက်ပါဆောင်ရွက်ပေးမည်ဟု သိရသည်။
ကျောင်းသားသုံးဦး၏အမှုနှင့် ပတ်သက်၍ သံတွဲ ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းကိုင်သူ ရဲဝန်ထမ်းတစ်ဦးက “ အပြစ်ရှိလို့ ဖမ်းထားတာ ဖြစ်တယ်” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။
ပထမအကြိမ် ဖမ်းဆီး ပြန်လွတ်ပေးပြီး  ဒုတိယတကြိမ် ဒုရဲလုပ်စိုးလွင်က စစ်ဆေးစရာရှိသည်ဟု ခေါ်ဆောင်သွားပြီး  ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုသည့်အပေါ် မြို့ခံများက အထူး မကျေ နပ်မှုများ  တိုးပွားနေသည်ဟု စုံစမ်းသိရှိရသည်။
မောင်ရမ္မာ

From -နိရဉ္စရာသတင်းဌာန.   

No comments:

Post a Comment