from - ပြည်သူ့ခေတ်
ကိုယ်တိုင်က ကျောင်းဆရာ။ တပည့်ပေါင်းများစွာကို နိုင်ငံတော်အတွက်
လူချွန် လူမွန်များ ဖြစ်အောင် မွေးထုတ် သင်ကြားပေးလာသူ။ သည်မြေး
တစ်ကောင်ကျမှ အရှုံးပေးရတော့မည်လား။ သူနှင့်အတူ ပူးပူးကပ်ကပ် နေရင်း
ထိုင်ရင်း စားရင်း သောက်ရင်း သွန်သင် လမ်းတည့်ပေးမှ ဖြစ်တော့မည့် အနေအထား။
သမီးဖြစ်သူက
ရုပ်ရှင် လက်မှတ် ၀ယ်လာသည်။ ရုပ်ရှင်ရုံတွင် ရုပ်ရှင်မကြည့် ဖြစ်သည်မှာ
ဆယ်စုနှစ်ချီ၍ ကြာခဲ့ပြီ။ ရုပ်မြင်သံကြားများမှ ဇာတ်လမ်းတွဲများ
ရုပ်ရှင်များ ကာတွန်းကားများကို အိုးမကွာ အိမ်မကွာ ကြည့်နိုင်ကတည်းက
ရုပ်ရှင် ရုံများသို့ မသွားဖြစ်။
ကားဖြင့် ရုံဝအရောက်
လိုက်ပို့သဖြင့် အဆင်ပြေသည်။ သို့မဟုတ် သွားရ လာရသည်ကိုက မလွယ်ကူ။
လိုင်းကားဖြင့် ကျပ်ကျပ်သိပ်သိပ် သွားရန်ကလည်း မလွယ်။ အငှားကားဆိုသည်ကလည်း
“ဆင်”ဖိုးထက် “ချွန်း”ဖိုးက ကြီးမည့်ကိန်း။
ငယ်စဉ်ကမူ
ရုပ်ရှင်ဆိုလျှင် အရူးအမူး။ ယနေ့ခေတ်အခေါ် Crazy ဟု ဆိုရမည်။ ကျုပ်တို့ခေတ်က
“ဂျိန်းစ်ဘွန်း” ‘one armed sword man’ ဆိုလျှင် အပင်ပန်းခံ၍
တိုးတိုးဝှေ့ဝှေ့ တန်းစီပြီး ကြည့်ကြသည်။ လက်မှတ်မှောင်ခို ကာကွယ်သည့်
စီမံချက်အရ “လက်မှတ်ဝယ်ပြီး ရုံအတွင်းသို့ တန်းဝင်ရသည့် စနစ်” ဆိုလျှင်လည်း
မညည်းညူ။ ချွေးသံရွှဲရွှဲဖြင့်လည်း ရုပ်ရှင်ကြည့်တတ်သည်။
“(လက်မှတ်မှောင်ခို)ဆိုတာ ဘာလဲ...”
ဖိုးသားတို့ခေတ်တွင် မှောင်ခိုစနစ် မရှိတော့သဖြင့် တော်ပါသေးသည်။ မကောင်းသည့်စနစ် တစ်ခုမို့ ဖိုးသားကို အသိမပေးလို။
“ဖိုးသား...ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးပြုရမယ်နော်...”
စကားကို လမ်းကြောင်း ပြောင် ရသည်။
မြေးကလေးက တအံ့တသြ မော့ကြည့်သည်။ မြန်မာဘာသာဖြင့် ပြောလိုက်သော စကားကို
နားလည်ဟန်မတူ။ မြေးကို ရှင်းပြချိန်မရ။ အဘယ့်ကြောင့် ဆိုသော်
ရုပ်ရှင်ပြချိန်က နီးနေပြီ။ အပေါ်ထပ်လည်း ဖြစ်ပြန်။ လူကလည်း
ချောင်ချောင်ချိချိ။ အလွန်ဆုံးရှိပါမှ ပရိသတ်နှစ်ဆယ်ထက် ကျော်အံ့မထင်။
ကိုယ့်ခုံနေရာကို အလွယ်တကူ ရှာဖွေ သွားရောက်နိုင်သည်။
ထိုင်၍မျှ မကြာခင် မီးများ မှိန်သွားတော့သည်။ ထင်သည့်အတိုင်း နိုင်ငံတော်
အလံသစ်က ပိတ်ကားပေါ်တွင် တလူလူ လွှင့်ထူလာသည်။ နိုင်ငံတော် သီချင်းကလည်း
ထက်ကြပ်မကွာ။ ထူးခြားသည်က နိုင်ငံတော်သီချင်း တီးလုံးက ခြေဆင်းအစမှ
အဆုံးတိုင် ဖွင့်ပေးသည့်အချက်။ ယခင်က ဤမျှ အချိန်မကြာလှ။
တပ်မတော်သား မဟုတ်သော်လည်း ကျုပ်ကနိုင်ငံတော်အလံကို သတိဆွဲလျက်
လေးလေးနက်နက် လေးလေးစားစား အလေးပြုတတ်သည်မှာ ငယ်စဉ်ကတည်းက အလေ့အကျင့်။
နိုင်ငံတော်အလံတွင် စိတ်ရောကိုယ်ပါနှစ်၍ အလေးပြုနေချိန်တွင်မှ ဖိုးသားက
လက်ကို ကုတ်လာသည်။ စိတ်မရှည်။
“သား... နိုင်ငံတော်အလံကို
လေးလေးစားစား အလေးပြုလေ...၊ ဘာလို့ အဘိုးကို လက်ကုတ်နေရတာလဲ ...” ကျုပ်အသံက
တိုတိုတောင်းတောင်း။ ဖိုးသားက နည်းနည်းမျှ ကြောက်ဟန်မပြ။ သူ့နှုတ်ခမ်းသို့
လက်ညှိုးဖြင့် ထောင်လိုက်ပိတ်ပြသည်။ သူက ခေါင်းကို ခပ်ဆတ်ဆတ် လှုပ်ရှားလျက်
မေးငေါ့ပြသည်။ သူ ဩန်ရာသို့ အသာငဲ့အကြည့်။ ကျုပ်တို့ မြေးအဘိုး နှစ်ယောက်သာ
ထိုးထိုးထောင်ထောင် မတ်တတ်ရပ်လျက်သား။ အခြား မည်သူမျှ ထိုင်ရာမှမထ။
နိုင်ငံတော်အလံကို အလေးမပြုကြ။
ဖိုမ အတွဲကလေးများကလည်း
ထိုင်လျက်သား ခေါင်းချင်း ပူးပူးကပ်ကပ်။ အထိုင်ပျက်သည်နှင့်
တစ်ဦးကိုတစ်ဦး လွတ်ထွက်သွားမည်ကို စိုးရိမ်နေကြသည့် အလား။
ကလေးသူငယ်များသည်လည်း မုန့်စားမပျက်။ လူကြီးများကလည်း မဆိုမဆုံးမ။
ကျုပ်တို့ မြေးအဘိုး နှစ်ယောက်တည်းမှ နှစ်ယောက်တည်း။ ကျုပ် ဟိုဟိုသည်သည်
လှမ်းကြည့်သည်။ ရုပ်ရှင်ရုံ တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကို သော်မျှမမြင်။
ကျုပ်ကောင်းစွာ မှတ်မိသည်။ ယခင်က နိုင်ငံတော်အလံအား အလေးမပြုသူများကို
အရေးယူခွင့်ရှိသည်။ ယခု ဤသို့ မဟုတ်ကြတော့ပြီလား။
မြေးကလေးကို တစ်လမ်းလုံး နှိုးဆော် သွန်သင်လာခဲ့မိသည့် ကျုပ်။ နိုင်ငံတော်
အလံကို အလေးပြုရကောင်းမှန်း မြေးကလေးကို နက်နက်နဲနဲ သိစေလိုသည့် စေတနာနှင့်
ရည်ရွယ်ချက်။ ကျုပ် မှားယွင်းသွားလေသည်လား ဟူသော အတွေး။ ကျုပ်
ဖိုးသားကိုပင် မျက်နှာပူချင်ချင်။
.......
မှတ်မိပါသေးသည်။
သည်အကြောင်းကို မေ့ဖျောက်ထားခဲ့သည်မှာ ကြာပြီ။ မိတ်္ထီလာတွင် တာဝန်ကျစဉ်က
“၁၉၇၀ ပြည့်နှစ် သမ၀ါယမအသင်းများ ပြန်လည် ဖွဲ့စည်းရေးကာလ”။ ကျုပ်က သမ၀ါယမ
ဦးစီးဌာနမှူး။ ဖွဲ့စည်းရေးကော်မတီများတွင် သမ၀ါယမ ဦးစီးဌာနမှ
ကိုယ်စားလှယ် ထည့်ပေးရသည်။
သမ၀ါယမအသင်းများ ပြန်လည်
ဖွဲ့စည်းရေး အစည်းအဝေးများကို တစ်နိုင်ငံလုံး တစ်ပြေးညီ ပုံစံတကျ
ကျင်းပကြရသည်။ အစည်းအဝေး အစီအစဉ်က အစ လွှဲပြောင်း ဆောင်ရွက်ခွင့်မရှိ။
ပထမဆုံး အစီအစဉ်သည် နိုင်ငံတော်အလံအား အလေးပြုခြင်း။ ဒုတိယ အစီအစဉ်က
ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား
အလေးပြုခြင်း။ ပုံသေ သတ်မှတ်ချက် ဖြစ်သည်။
အသင်းတစ်သင်း
ဖွဲ့စည်းပြီးတိုင်း ဖွဲ့စည်းရေး အစီရင်ခံစာ ရေးကြရသည်။ ဖွဲ့စည်းရေးကော်မတီ၏
အစီရင်ခံစာများကို အသေးစိတ် ဖတ်ရသည်။ စိစစ်ရသည်။ ပြည့်စုံလျှင် စုစည်းလျက်
အထက်သို့ တိုးတက်မှု အစီရင်ခံရသည်။ သည်တာဝန်များကို ကျုပ်က ဆောင်ရွက်ရသည်။
ထူးထူးခြားခြား အစီရင်ခံစာတစ်စောင်က ကျုပ်အား တုန်လှုပ်စေခဲ့ဖူးသည်။ အဖွဲ့
ဥက္ကဋ္ဌက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကိုယ်စားလှယ်။ သူက သီးခြား
တင်ပြသည့်စာ။
သူ့အဖွဲ့တွင် ပါဝင်သော သမ၀ါယမ ဦးစီးဌာနမှ
ကိုယ်စားလှယ်သည် နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်များအား
အလေးမပြုသည့် အကြောင်း။ တိုင်ကြားသည် မဟုတ်သော်လည်း မိမိ၏ ၀န်ထမ်းအား
သွန်သင်ပေးပါရန် အသိပေးချက်။
တစ်ကြိမ်မက၊ နှစ်ကြိမ်တုန်းက
မသိမသာ။ သုံးကြိမ်တိုင်ခဲ့သည့်အခါ လွှဲရှောင်၍ မရတော့။ မိမိ၏ ဌာန
ကိုယ်စားလှယ်ကို ခေါ်တွေ့ရပါတော့သည်။
သူက အလေးမပြုသည်မှာ ဟုတ်မှန်ကြောင်း ၀န်ခံသည်။
“ခင်ဗျားက အခမ်းအနားမှာ အတွင်းရေးမှူး အခမ်းအနားမှူး၊ ခင်ဗျားက ပရိသတ်ကို
အလေးပြုဖို့ အမိန့်ပေးပြီးတော့ ခင်ဗျားကိုယ်တိုင်က အလေးမပြုဘူး ဆိုတာ
ဖြစ်သင့်သလား”
“မှန်ပါတယ်...မဖြစ်သင့်ပါဘူး...၊ ဒါပေမဲ့
ကျွန်တော်တို့ ဘာသာက ဘုရားက လွဲလို့ ဘယ်သူ့ကိုမှ အလေးမပြု ဦးမညွတ်ရဘူးလို့
ပြဋ္ဌာန်းထားပါတယ်...ဒါကြောင့် ...”
ဘာသာရေးကို
အကြောင်းပြသဖြင့် အခက်တွေ့ခဲ့ရသည်။ အချို့ဘာသာများ ကလည်း ဤသို့
ပြင်းထန်လွန်းသည်။ အကောင်းဆုံး နည်းလမ်းက သူ့အား ထပ်မံ တာဝန်မပေးရန်သာ
ရှိတော့သည်။ မကြာခင် သူ ပြောင်းရွှေ့ခွင့် ရရှိသွားသည်။ သူ့မိသားစုလည်း
အနေပျက် အထိုင်ပျက်။ မတတ်နိုင်ခဲ့။
“သည်နိုင်ငံတွင်
နေထိုင်ပါလျက် သည်နိုင်ငံ၏ အလံတော် သည်နိုင်ငံ၏ အာဇာနည်
ခေါင်းဆောင်များကိုမျှ မလေးစားလျှင် သည်နိုင်ငံတွင် မည်ကဲ့သို့ ဆက်လက်
နေထိုင်သင့်ပါမည်နည်း”ဟု ထိုစဉ်က ခပ်တင်းတင်း သုံးသပ် ပြောဆိုမိသည့် စကား။
........
ဇာတ်ကားဇာတ်လမ်း သရုပ်ဆောင်များထံ စိတ်က မရောက်။
အိမ်တွင်နေလျှင် အကောင်းသား။ ရုပ်ရှင်ရုံတွင် ရုပ်ရှင်လာကြည့်မိသည်ကိုက
ကျုပ်အမှား။ စိတ်ဓာတ်က ကျချင်ချင်။ နောင်တရချင်ချင်။ မီးလင်းလာသည့်အခါ
ပတ်ဝန်းကျင်ကို ကျုပ် လှည့်ပတ် စူးစမ်း အကဲခတ်သည်။ ဘာသာမတူ လူမျိုး ကွဲများ
မည်ရွေ့မည်မျှ ပါလေသည်ကို သိလိုသည်။ နိုင်ငံတော်အလံအား အလေးမပြု
သူများကြောင့် စိတ်တွင် လိပ်ခဲတည်းလည်း။
ရုပ်ရှင်ရုံ
ဝန်ထမ်းများက သတိမပေးကြတော့ပြီလားဟုလည်း အပြစ်မတင်လို။ မြန်မာလူမျိုး
မြန်မာပြည်သား မြန်မာပရိသတ်သည် မြန်မာနိုင်ငံတော် အလံအပေါ် မည်သို့
သဘောထားကြလေသနည်း။ အတွေးက ရှုပ်ရှုပ်ထွေးထွေး ချာချာလည်။
အမှတ်အသား မှားယွင်းခဲ့လေရော့သလား မသိ။ ယခင်က ရုပ်ရှင်ရုံများတွင်
နိုင်ငံတော်အလံအား မတ်တတ်ရပ်၍ အလေးမပြုသူများ ရှိခဲ့ဖူးသဖြင့် အရေးယူရန်
စီမံခဲ့ဖူးသည်။ စာတမ်းထိုးသည်လား၊ အသံထွက်၍ နိုင်ငံတော်အလံအား အလေးပြုရန်
သတိပေး နှိုးဆော်ခဲ့ဖူးသည်လားကိုမူ မမှတ်မိ။
သည်စာ မရေးမီ
သဘောထား သိရှိနိုင်ရန် မသိမသာနှင့် သိသိသာသာ မေးမြန်းစူးစမ်းကြည့်သည်။
လူငယ်တစ်ယောက်က အကြောင်းအချက် ထောက်ပြ သည်က နှစ်ချက်။
၁။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ကလည်း အစီအစဉ် မစတင်မီ နံနက်တိုင်း
နိုင်ငံတော်အလံကို လွှင့်ထူသည်။ နိုင်ငံတော် သီချင်းကို ထုတ်လွှင့်သည်။
ထိုကာလတွင် မည်သူတို့က ၀ုန်းခနဲ ထ၍ အလေးပြုကြပါလေသနည်း။
၂။
အခမ်းအနားများတွင် “နိုင်ငံတော်အလံအား အလေးပြု”ဟု အမိန့်ပေးသူ ရှိသည်။
ရုပ်ရှင်ရုံများတွင် ဤသို့ အမိန့်ပေးမည့်သူ မရှိသဖြင့် လိုက်နာရန် လိုအပ်
ပါသလား။
........
သူ့စကားက မေးမိသူအား ပူစပ်ပူလောင် ဖြစ်စေ၏။
နိုင်ငံတော်အလံကို အမိန့်ပေးမှ အလေးပြုကြတော့မည်လော။ သည်အတွေးကို “ဦး
ဗိုလ် သခင် ဆရာ အထက် တန်းစား” တို့၏ အတွေးဟု မြင်နိုင်ဖွယ်မရှိ။
ကိုယ့်အသိစိတ်ဖြင့် ကိုယ်လုပ်သင့်သော ကိစ္စ။
သည်ကိစ္စအပေါ် မဖြစ်ညစ်ကျယ် အလွယ်လုပ်၍မရ။ စာအုပ်စာပေ ရှာရ ဖွေရသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃
နှင့် အညီ ပြဋ္ဌာန်းသော “နိုင်ငံတော်အလံ ဥပဒေ” နိုင်ငံတော်အလံကို အ၀ါရောင်
အစိမ်းရောင် အနီရောင်တို့ဖြင့် အောက်ခံထားသည်။ ကြယ်ဖြူတစ်လုံးက အလယ်တွင်
တင့်တင့်တယ်တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလက ထည်ဝါစွာ
အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ် ပြုထားခြင်း ဖြစ်သည်။
“အ၀ါရောင်”က စည်းလုံးခြင်း ညီညွတ်ခြင်း ဉာဏ်ပညာ ကြီးမားခြင်း
ပျော်ရွှင်ခြင်းတို့ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိခြင်းကို
အဓိပ်္ပာယ် ဖော်ညွှန်းသည်။
“အစိမ်းရောင်” က မြေဆီ သြဇာ
ကြွယ်ဝခြင်း ညီညွတ်မျှတခြင်း အေးချမ်း သာယာ စိမ်းလန်းစိုပြည်သည့် နိုင်ငံ
ဖြစ်ခြင်းကို အဓိပ်္ပာယ် ဖော်ညွှန်းသည်။
“အနီရောင်” က ရဲရင့်ခြင်း ပြတ်သား ခြင်းကို အဓိပ္ပာယ် ဖော်ညွှန်းသည်။
“ကြယ်၏ အဖြူရောင်”က သန့်ရှင်း စင်ကြယ်ခြင်း ဖြောင့်မတ်မှန်ကန်ခြင်း
ကရုဏာတရား ပြည့်ဝခြင်း စွမ်းအင်နှင့် ပြည့်စုံခြင်းကို အဓိပ္ပာယ်
ဖော်ညွှန်းသည်။ မြန်မာနိုင်ငံတွင် ယခင်အလံဟောင်းများ၌လည်း “ကြယ်” ပါဝင်သည်။
ကြယ်ကြီး တစ်လုံးတွင် ကြယ်ငါးလုံး ၀န်းရံဖူးသည်။ ကြယ်ကြီး တစ်လုံးတွင်
ကြယ်တစ်ဆယ့် လေးလုံးလည်း ၀န်းရံဖူးသည်။ ယနေ့ နိုင်ငံတော် အလံတွင်မူ
ကြယ်ဖြူကြီးက တစ်လုံးတည်း။
နိုင်ငံတော် အလံတိုင်းတွင်
သူ့အဓိပ္ပာယ်နှင့်သူ။ နိုင်ငံတော်က ဥပဒေဖြင့် ပြဋ္ဌာန်းသော နိုင်ငံတော်အလံကို
လေးလေးနက်နက် လေးလေးစားစား လက်ခံကြရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်။
ကိုယ်တိုင် အပါအ၀င် ပြည်သူ (၉၂.၄၈ ရာခိုင်နှုန်း)က သဘောထား ဆန္ဒပေး ထောက်ခံ
အတည်ပြုထားခဲ့သော ဥပဒေကို မလွဲမသွေ လိုက်နာရမည် မဟုတ်ပါလား။
နိုင်ငံတော်အလံ ဥပဒေ၏ တားမြစ်ချက်နှင့် ပြစ်ဒဏ်အပိုင်းကိုလည်း လေ့လာ ရပြန်သည်။
နိုင်ငံတော်အလံပေါ်တွင် အခြား အမှတ်အသားများ အရာမထင်စေရ။ ပုံသဏ္ဌာန်
အချိုးအစား ပျက်ပြားအောင် မလုပ်ရ။ ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသော
နေရာတွင် အသုံးမပြုရ။ အလံတော်နှင့် တန်းတူ အထက်နေရာများတွင် အခြား အလံ
တစ်ခုခု မထားရှိရ စသည်ဖြင့် တားမြစ်ထားသည်။ နိုင်ငံတော်အလံကို မလေးမစား
မပြုရဟုလည်း တွေ့ရသည်။
နိုင်ငံတော် အလံကို ခွင့်ပြုချက်
မရှိဘဲ တစ်ဝက် လွှင့်ထူခြင်းမပြုရ။ ကျောက်ရုပ် ကျောက်တိုင်များတွင်
နိုင်ငံတော်အလံဖြင့် ဖုံးအုပ်ခြင်း မပြုရ။ နိုင်ငံတော် ဈာပန
စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ခြင်းမှအပ အခြား ရုပ်ကလာပ်များတွင်
နိုင်ငံတော်အလံကို မဖုံးအုပ်ရ။ နိုင်ငံတော်အလံကို သင်္ချိုင်းမြေဖြင့် မထိစေရ။
နိုင်ငံတော်အလံကို အတင်အချပြုရာတွင် မြေပြင် ကြမ်းပြင် ရေပြင်နှင့်
မထိစေရ။ နိုင်ငံတော်အလံကို ဆုတ်ဖြဲ ဖျက်ဆီးခြင်း မပြုရ။
နိုင်ငံတော်အလံဖြင့် ထုပ်ပိုးခြင်း ခင်းကျင်းခြင်း အ၀တ်အထည် ချုပ်လုပ်
ဝတ်ဆင်ခြင်း မပြုရ။
ကောင်းလိုက်သည့် ပြဋ္ဌာန်းချက်များ။
နိုင်ငံတော်အလံအား အလေးမပြုလျှင် မည်သို့ ဆောင်ရွက်သင့်သည်ကိုမူ ရှာမတွေ့။
နိုင်ငံတော်အလံကို မလေးမစား မပြုရဟူသော အချက်နှင့် ယှဉ်တွဲ စဉ်းစားရမည်လား။
သုံးနှစ်အထိ ထောင်ဒဏ်၊ ကျပ်သုံးသိန်းအထိ ငွေဒဏ်ကို အသိပေးမှ ကြောက်ရွံ့
လေးစားကြမည်လား။
ပြောခဲ့ဖူးသော စကားကိုပဲ ပြန်လည် ပြောလိုက်ချင်သည်။
“သည်နိုင်ငံတွင် နေထိုင်ပါလျက် သည်နိုင်ငံ၏ အလံတော်၊ နိုင်ငံ၏ အာဇာနည်
ခေါင်းဆောင်များကိုမျှ မလေးစားလျှင် သည်နိုင်ငံတွင် မည်ကဲ့သို့ ဆက်လက်
နေထိုင်သင့်ပါမည်နည်း ...”
ရန်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၀၅၊ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂)
No comments:
Post a Comment