ကျွန်တော်တို့
မြန်မာနိုင်ငံမှာ ခေတ်ပြောင်း စနစ်ပြောင်းခဲ့တာ
အခုဆိုရင်တစ်နှစ်ကျော်သွားခဲ့ပြီး ယခင် ဆယ်စုနှစ်ပေါင်းများစွာမရှိခဲ့တဲ့
လွှတ်တော်တွေဟာ သက်တမ်းတစ်နှစ်ကျော်ကာလအတွင်းမှာပဲ များစွာ
အသက်ဝင်လာခဲ့တာကို တွေ့ရပါတယ်။ လွှတ်တော်သက်တမ်းကာလ ၁၈ လတာအတွင်း ဥပဒေသစ် ၂၈
ခု ပြဌာန်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပယ်ဖျက်ရမဲ့ ဥပဒေတွေ၊
အသစ်ပြဌာန်းရမဲ့ ဥပဒေတွေ
အများကြီးရှိနေ သေးတဲ့အတွက် လွှတ်တော်ရဲ့ဥပဒေပြဌာန်းနိုင်မှု၊ တစ်နည်းအားဖြင့် လွှတ်တော်ရဲ့ အဓိကအကျဆုံးတာဝန် ကို အကောင်အထည်ဖော်နိုင်မှု နှုန်းထားအပေါ် အားမလို၊ အားမရဖြစ်နေကြတဲ့လူတွေလဲ ရှိပါတယ်။ ဒါပေ မယ့် နှစ်ပေါင်းများစွာ အဆက်ပြတ်လာတဲ့ တာဝန်တစ်ခုကို အခုလောက်အချိန်တိုအတွင်းမှာ ဒီလောက် လုပ်နိုင်တာကိုပဲ ချီးကျူးစရာလို့ မြင်ပါတယ်။ ဘတ်ဂျက်ကိစ္စတွေမှာလဲ လွှတ်တော်ဟာ ပြည်သူလူထု မျက်နှာကို ထောက်ထားပြီး မကုန်သင့်တာမကုန်ရအောင်၊ တိုင်းပြည်ဘဏ္ဍာကို အကျိုးအရှိဆုံး အသုံးပြု နိုင်အောင် ဆောင်ရွက်ခဲ့တာတွေကို တကယ်ချီးကျူးသင့်ပါတယ်။ လွှတ်တော်တွင်းမှာလဲ ပါတီစွဲ၊ ၀ါဒစွဲတွေ မရှိသလောက်နဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် တက်တက်ကြွကြွဆွေးနွေးနေကြတာတွေကို စကိုင်းနတ် ရုပ်သံကတစ်ဆင့် မြင်ရတော့ တကယ်လေးစားမိပါတယ်။
ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများဟာ လုပ်ပိုင်ခွင့်(သို့မဟုတ်) အာဏာနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံဖြစ်လွန်းတယ်လို့ မြင်မိပါတယ်။ ပထမအကြိမ်ကတော့ ဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်မှာ အတည်မပြုမီ အခြေခံဥပဒေနဲ့ ညီ/မညီ စိစစ်ဖို့ ခုံရုံးကို ပို့ဖို့ကိစ္စပါ။ အဲဒီကိစ္စမှာ ဥပဒေ ကြောင်းအရ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက် အတော်အရုပ်ဆိုးပြီး၊ မဖြစ်သင့်တဲ့ကိစ္စလို့ ကျွန်တော်မြင်တယ်။ ပြောရရင် အရေးမကြီးလှတဲ့ကိစ္စတစ်ခုအတွက် ငါသာဆရာကြီးပုံစံလုပ်တဲ့အတွက် လွှတ်တော်နှစ်ရပ် စိတ်ဝမ်းကွဲစရာဖြစ်ခဲ့ရပါတယ်။
အခုတစ်ခါလဲ လာပြန်ပြီ။ လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် အခြေခံဥပဒေခုံရုံးကို အပြတ်ရှင်းဖို့ ကျိုးစားလာပြန်ပါပြီ။ သာမန်အားဖြင့် စဉ်းစား ကြည့်ရင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေကို Check and Balance လုပ်နိုင်ဖို့အတွက် လွှတ်တော် ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သင့်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေ မယ့် ဖြစ်သင့်တယ်ဆိုတာနဲ့ အခြေခံဥပဒေနဲ့ ညီ/မညီဆိုတာ တစ်ခြားစီပါ။ အခုဟာက လွှတ်တော်ကော်မ တီတွေဟာ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုတာနဲ့ ခုံရုံးဥက္ကဌနဲ့အဖွဲ့ဝင်တွေကို ထွက် ခိုင်းတာကတော့ ငါတို့လိုချင်တာလုပ်မပေးရင် ဖြုတ်မယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ တကယ်လို့ လက်ရှိ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ထွက်သွားပြီး နောက်တစ်ဖွဲ့တက်လာတဲ့အခါ သူတို့ကလဲ အခြေခံဥပဒေအရ လွှတ်တော် ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်လို့ ဆုံးဖြတ်ခဲ့ရင် သူတို့ကိုလဲ ဖြုတ်မှာပဲလား။ နောက်ဆုံး ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်ပါလို့ ဆုံးဖြတ်ပေးတဲ့အချိန်ထိ ဖြုတ်နေမှာလား။
ကျွန်တော့်အမြင်အရ ကိုယ်လိုချင်တာဘာလဲ။ ဘယ်နည်းနဲ့လုပ်နိုင်မလဲ။ ဒါပဲအရေးကြီးတယ်လို့ထင်ပါ တယ်။ အခုလို ကိုယ့်သဘောအတိုင်း မလုပ်ရင် အပြတ်ရှင်းမယ်ဆိုတာ ဒီမိုကရေစီခေတ်ကြီးမှာ မဖြစ်သင့် တော့ဘူးလို့ ထင်ပါတယ်။ ဒီလိုကိစ္စနဲ့ ခုံရုံးကို ဖျက်ဆီးလိုက်မယ်ဆိုရင် နောင်ဆိုရင် ခုံရုံးကလွတ်လွတ် လပ်လပ် ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရဲ ပါတော့မလား။ ပြီးတော့ ဒီကိစ္စက နိုင်ငံနဲ့လူမျိုးအကျိုးစီးပွား အတွက် အလွန်အရေးကြီးနေတဲ့ကိစ္စမို့လား။
ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းကနုနယ်လှပြီး အခြေခိုင်လှသေးတာမဟုတ်ပါဘူး။ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားအတွက် အရေးကြီးတဲ့ လုပ်စရာတွေ၊ ဥပဒေပြုစရာတွေ၊ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက် နေတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ငါတို့လိုတာလုပ်မပေးသူ ငါ့ရန်သူဆိုပြီး မိမိတို့ ကိုယ်ကျိုးစီးပွားကိုပဲ အားကျိုးမာန်တက်လုပ်ကြတော့မှာလားလို့ မဲဆန္ဒရှင် ပြည်သူတယောက်အနေနဲ့ လွှတ်တော်ကိုယ်စာလှယ်တော်ကြီးများကို မေးခွန်းထုတ်လိုက်ချင်ပါတယ်။

From -မြန်မာမျိုးချစ် Facebook
No comments:
Post a Comment