Monday, August 27, 2012

လွတ်မြောက်သွားသော ခြင်္သေ့အား လန်ဒန်ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေ


လန်ဒန်အနီးတွင် လွတ်မြောက်သွားသည်ဟု ယုံကြည်ရသော ခြင်္သေ့တစ်ကောင်ကို ရဲတပ်ဖွဲ့ က မြေလှန်ရှာဖွေနေကြောင်း သိရှိရသည်။ လန်ဒန်မြို့ပြင်ဘက် ဆင်ခြေဖုံး တောတန်းများ တွင် ခြင်္သေ့ဟိန်းသံများ ကြားနေရပြီးနောက် လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ရဲများသည် အဆိုပါ သားရဲ တိရစ္ဆာန်ကြီးအား ရှာဖွေရေးလုပ်ငန်း စတင်လာခဲ့သည်။




အနီးအနားတွင် နေထိုင်သူများအား အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ရန် ရဲများက မှာကြားထားသည်။ အဆိုပါ ခြင်္သေ့ကြီးကို လန်ဒန်အရှေ့ဘက် ကလက်တန်အွန်ဆီး အနီးရှိ လယ်ကွင်းများအတွင်း လူအချို့က တွေ့မြင်ခဲ့သည့်နောက် အရေးပေါ် အခြေအနေဖြင့် ခြင်္သေ့ဖမ်းပွဲကို စတင်လာခြင်း ဖြစ်သည်။ အက်ဆက်စ် ရဲတပ်ဖွဲ့က လူအများ၏ တိုင်ကြားမှုများကို လက်ခံရရှိပြီးနောက် စိန့်အိုဆစ်သ် ကျေးရွာအနီးရှိ လယ်ကွင်းများကို အထူးဂရုပြု ရှာဖွေ စုံစမ်းလျှက် ရှိနေသည်။



တနင်္ဂနွေနေ့ကမူ သားစား သတ္တဝါကြီး၏ သွားလာနေမှုကို ဓာတ်ပုံမှတ်တမ်း ရရှိလာကြောင်း သိရသည်။ လက်ရှိတွင် ရဲဝန်ထမ်း (၃၀)ကျော်တို့သည် အန္တရာယ် ကြီးမားသော တိရစ္ဆာန်ကြီးအား ခြေရာကောက်ရင်း အလုပ်များနေဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ကိုချက်စတာ တိရစ္ဆာန်ရုံမှ ကျွမ်းကျင်သူများကိုပါ အကူအညီ တောင်းခံပြီး ခြင်္သေ့ကြီးအား ရှာဖွေနေကြောင်း သတင်းများက ဖော်ပြသွားသည်။

No comments:

Post a Comment