Monday, August 20, 2012

ရေကြီးပြီးကာစ ဆောင်ရန် ရှောင်ရန်များ

 ယေဘုယျ ဆောင်ရန်၊ ရှောင်ရန်များ
  • အာဏာပိုင်များ၊ တာဝန်ရှိသူများ၏ ခွင့်ပြုချက် မရရှိသေးပဲ အိမ်ပြန်ရန် ဆန္ဒမစောသင့်ပါ။
  • ရေကျသွားသော်လည် နေရာ အတော်များများမှာ အန္တရာယ် ကင်းပြီဟု ယူဆ၍ မရနိုင်သေးပေ။ ရေတိုက်စားမှု၊ ကြာမြင့်စွာ ရေအောက်နစ်မြုပ်နေမှုကြောင့် အဆောက်အဦးများ၊ လမ်းများ၊ တံတားများမှာ ပျက်စီးပြိုကျရန် အလွန်လွယ်ကူ နေတတ်သည်။ ပြိုကျပျက်စီးနေသော
  • ဓါတ်အားလိုင်းများကလည်း အန္တရာယ် ဖြစ်နိုင်ခြေရှိသည်ကိုလဲ သတိကြီးကြီး ထားသင့်ပါသည်။
  • မိမိတို့၏ အိမ်နီးနားချင်း များထဲမှ မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို အကူအညီပေးရန်ကိုလဲ မမေ့သင့်ပါ။
  • ရေနစ်မြုပ်မှုကြောင့် ဖြစ်ပွားတတ်သော အိမ်များ၊ အဆောက်အဦးများ၏ အက်ကြောင်းများ၊ ပျက်စီးမှုများကိုလဲ သေသေချာချာ စစ်ဆေးပြီးမှ အန္တရာယ် မရှိလောက်မှန်း သေချာမှ ဝင်ရောက် နေထိုင်သင့်ပါသည်။
  • ရေမြုပ်နေသေးသည့် ရေတင်နေသေးသည့် အဆောက်အဦးများမှ ခပ်ဝေးဝေးနေသင့်ပါသည်။
  • ရေမြုပ်ခံထားရသော အဆောက်အဦးများအတွင်းသို့ ဝင်ရောက်ရာတွင် သတိကြီးကြီးထားပြီးမှ ဝင်ရောက်သင့်ပါသည်။
  • ရေကြောင့် ပြိုကျ ပျက်စီးနိုင်သော မျက်နှာကျက်များ၊ နံရံများ စသည်တို့ကို စေ့စေ့စပ်စပ် ရှာဖွေပြင်ဆင်သင့်ပါသည်။
  • လည်ရှည်ဖိနပ်များ ဝတ်ဆင်ခြင်း၊ လက်နှိပ်ဓါတ်မီး အသုံးပြုခြင်း စသည့်လိုအပ်သည့် ပစ္စည်း ပစ္စယများဖြင့်သာ ဝင်ရောက် စစ်ဆေးသင့်ပါသည်။ ရေနစ်မြုပ်ခံထားရသော ပစ္စည်းများကို မမြင်ရသော ဘက်တီရီးယားများ၊ အဆိပ်သင့် ပစ္စည်းများ ရှိနေနိုင်ပါ၍ ကိုင်တွယ်ရာတွင် လက်အိတ်အသုံးပြုပြီးသာ ကိုင်တွယ်သင့်ပါသည်။ 
  • အဆောက်အဦး၏ နံရံများ၊ တံခါးများ၊ ပြုတင်းပေါက်များကို သေသေချာချာ စစ်ဆေးပြီး ပြိုကျမည့် အန္တရာယ် ရှိမရှိကို ဦးစွာစစ်ဆေးသင့်ပါသည်။
  • ရေနစ်မြုပ်ခံထားရသော အဆောက်အဦးများထဲတွင် ရေကြီးရေမြုပ်စဉ်က ရေနှင့်မျောပါလာသော မြွေကဲ့သို့သော အဆိပ်ရှိသတ္တဝါများ ခိုအောင်းနေတတ်သဖြင့် သတိကြီးစွာ ထားသင့်ပါသည်။ အမှိုက်သရိုက်များကို ဖယ်ရှားရာတွင် တုတ်ချောင်းများကို အသုံးပြုခြင်းဖြင့် ဖယ်ရှားသင့်ပါသည်။
  • ရေကြီးပြီးကာစတွင် ကြွက်များပေါများစွာ တွေ့ရှိရတတ်ပါသည်။ ရေဝပ်နေသော နေရာများကြောင့် အထူးအဖြင့် ခြင်ကဲ့သို့သော အင်းဆက်များလဲ ပိုမိုပေါက်ပွား လာတတ်ပါသည်။ ထို့ကြောင့် တိရစ္ဆာန်များ၊ အင်းဆက်များကြောင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားရအောင် အထူးသတိရှိ သင့်ပါသည်။
  • ရေဝင်နေသော မြေအောင်ထပ်များရှိပါက အဆောက်အဦး ထိခိုက်ပျက်စီးခြင်း မရှိစေရန်အတွက်  တစ်ရက်လျှင် သုံးပုံတစ်ပုံခန့်စီသာ ရေများခပ်ထုတ် စုပ်ထတ်သင့်ပါသည်။
  • ကျန်းမာရေး ထိခိုက်မှု နည်းစေရန်အတွက် ပျက်စီးနေသော အိမ်သာများ၊ ရေဆိုးပိုက်များ၊ ရေဆိုးမြောင်းများ စသည်တို့ကို ဦးစားပေး ပြင်ဆင့်သင့်ပါသည်။ အိမ်သာကျင်းများကို ပြန်လည်ဖုံးအပ်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။
  • ရေကြီး၊ ရေတက်နေသော နေရာများတွင် ကလေးများ သွားရောက်ဆော့ကစားခြင်းကို ခွင့်မပြုသင့်ပါ။ ရေစီးကြောင်းများ နှင့် မြောပါတတ်ခြင်းနှင့် ရေတွင်ပါလာတတ်သော ဘက်တီးရီးယားများနှင့် ဓါတုအဆိပ်အတောက်များကြောင့် အန္တရာယ်ဖြစ်ပွားနိုင်သောကြောင့်။
  • ရေကျသွားသည့်အခါ ခြေနင်းစရာများ၊ ကြမ်းပြင်များမှာ ရွှံ့များ ညွန်များကြောင့် ချောနေတတ်ပါသဖြင့် သတိကြီးစွာထား၍ သွားလာသင့်ပါသေးသည်။

ရေကြီး ရေတက်စဉ် စွန့်ခွာခဲ့သော အိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင်

(၁) လျှပ်စစ်အန္တရာယ်
  • မီးခလုပ်များ၊ ဖြူးစ်များ အစရှိသည်တို့ကို ပိတ်ထားရန်၊ ဖြုတ်ချထားရန် ဦးစားပေး လုပ်ဆောင်သင့်ပါသည်။
  • ပျက်စီးနေသော ပြတ်တောက်နေသော မီးလိုင်းများ၊ လျှပ်စစ် အသုံးအဆောင်များကို ဖယ်ရှား ရှင်းလင်းထားသင့်ပါသည်။
  • ရေဝင်ထားသော၊ ရေစိုနေသေးသော၊ ရွှံဗွက်များ၊ အမှိုက်များ ဝင်နေသော လျှပ်စစ် အသုံးအဆောင် ပစ္စည်းများကို လုံးဝမသုံးသင့်ပါ။
  • ရေစုပ်မော်တာများသည် ရေစိုခံမဟုတ်ပါက ရေဝင်ထားလျှင် မသုံးသင့်ပါ။
  • လျှပ်စစ်ကျွမ်းကျင်သူ၊ တာဝန်ရှိသူများ၏ စစ်ဆေးပြီးစီးကြောင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ကြောင်း မှတ်ချက် ခွင့်ပြုချက် မရရှိပဲ မည်သည့် လျှပ်စစ်ပစ္စည်မှ အသုံးမပြုကြစေရန် တိုက်တွန်းပါသည်။

(၂) သဘာဝဓါတ်ငွေ့သုံးမီးဖိုများ

မြန်မာနိုင်ငံ အနေဖြင့် သဘာဝဓါတ်ငွေ့အသုံးပြုမှုမှာ လွန်စွာနည်းပါသောကြောင့် ယေဘုယျအားဖြင့် အန္တရာယ် မရှိဟု ပြောလို့ရသော်လည်း ဓါတ်ငွေ့သုံး မီဖိုများ၊ ဂါတ်စ်အိုးများမှ ဓါတ်ငွေများ စိမ့်ထွက်နေခြင်း မရှိစေရန် သေချာပါစေ။

(၃) ပျက်စီးသွားသော အိမ်သာများနှင့် ရေဖြန့်ဝေရေး စနစ်များ
  • ရေဖြန့်ဝေပေးနေသော ရေပိုက်လိုင်းများ ရှိပါက တာဝန်ရှိသူများ၏ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ကြောင်း မှတ်ချက် တစုံတရာ မရရှိမီ အသုံးမပြုသင့်ပါ။ (ပျက်စီးနေသော အပိုင်းများမှ ရေဆိုးရေညစ်များ ရောပါလာတတ်ပါသည်။)၏
  • အိမ်သာများကို အရင်ဆုံး ပြင်ဆင်သင့်ပါသည်။ ရေဆိုးရေညစ်များ ပတ်ဝန်းကျင်သို့ ဆက်လက်မပြန့်စေရန် အိမ်သာကျင်းများကို သေချာစွာဖုံးအုပ်ထားသင့်ပါသည်။ (သို့မှသာ ဝမ်းရောဂါကဲ့သို့သော ရေကြီးခြင်းကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ ကပ်ဆိုးများမှ ကင်းဝေးစေနိုင်မည် ဖြစ်ပါသည်။)


အစားအသောက်များနှင့် သောက်သုံးရေများအတွက်
ရေကြီး၊ ရေတက်လာသောအခါ ရေများအတွင်း ညစ်ညမ်းသော ပစ္စည်းများ၊ အဆိပ်အတောက်များ၊ ဘက်တီးရီးယားပိုးများ ပါဝင်နိုင်ပါသောကြောင့် မသန့်သော ရေထိထားသော အစားအသောက်များကို စားသောက်ခြင်းမှ ရှောင်ရှားသင့်ပါသည်။ အစားအသောက်များ ပြင်ဆင်၊ ချက်ပြုတ်ရာတွင်လည်း အလွယ်တကူရသော ရေများကို အသုံးမပြုသင့်ပါ။

ရေသန့်စင်ပုံ
ရေကြီး ရေတက်သည့်အခါ သောက်သုံးရေ ရှားပါးခြင်းသည် အဓိကပြဿနာ ဖြစ်တက်ပါသည်။ ရေတွင်း ရေကန်များ အားလုံးလိုလို ရေနစ်မြုပ်ခြင်း ရေများစိမ့်ဝင်ခြင်းကြောင့် သောက်သုံးရန် မသင့်ဖြစ်ခြင်း စသည့်တို့ ဖြစ်တက်ပါသည်။ မသန့်ရှင်းသော ရေများကို သောက်သုံးမိခြင်းကြောင့် ရေကြောင့်ဖြစ်သော ကူးစက်ရောဂါများဖြစ်သည့် မျက်စေ့ရောဂါများ၊ ဝမ်းရောဂါကဲ့သို့ အစာလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါများ ကူးစက် ဖြစ်ပွားတတ်သည်ကို အထူးသတိထားသင့်ပါသည်။

  • သောက်သုံးရေအတွက် အလွယ်တကူရရှိသော ရေများကို အသုံးမပြုသင့်ပါ။
  • အနယ်များ၊ အမှုန်များ မပါစေရန် ရေစစ်၊ အဝတ်သန့်သန့်ဖြင့် စစ်ပြီးမှ အသုံးပြုပါ။
  • မည်သည့်နေရာက ရသည့်ရေဖြစ်စေ ရေကို ကောင်းကောင်းဆူပွက် နေစေရန် ကျိုချက်ပြီးမှ အသုံးပြုသင့်ပါသည်။
  • ကျိုချက်ခြင်းသည် ရေတွင်ပါရှိသည့် ပိုးမွှားများကို သေစေနိုင်သော်လည်း အဆိပ်အတောက်များ၊ ဓါတုပစ္စည်းများမှာ ကျန်ရှိနေနိုင်သောကြောင့် သောက်သုံးရန်အတွက်မူ စိတ်ချရပြီဟု မဆိုနိုင်ပါ။

ရေသန့်စင်ရာတွင် လွန်စွာအသုံးဝင်သော ကလိုရင်းခပ်ပြီး အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါသည်။
  1. ရေသန့်သန့် ရရှိနိုင်မည်ဟု ထင်ရသော နေရာမှ ရေကိုသာခပ်ယူ အသုံးပြုပါ။
  2. အနယ်များ၊ အမှုန်များ မပါစေရန်အတွက် ရေစစ်ဖြင့် သေချာစွာစစ်ပါ။ ရေစစ်မရနိုင်ပါက အဝတ်သန့်သန့်ဖြင့် စစ်ပါ။
  3. တစ်မိနစ်တိတိ ဆူပွက်နေစေသည် အထိ ကျိုချက်ပါ။
  4. အနည်းလေး မိနစ်သုံးဆယ်ခန့်အထိ အအေးခံပါ။ (အအေးမခံပဲ ကလိုရင်းဆေးရည် ခပ်ပြီးသုံးပါက အသုံးမဝင်ပါ)
  5. ရေတစ်ဂါလံကို ကလိုရင်း ၁၆ စက်ခန့် ရောနှောပါ။ ရေနှစ်လီတာ ရေဗူးဆိုလျှင် ၈ စက်ခန့်၊ တစ်လီတာဘူးဆိုလျှင် ၄ စက်ခန့် ထည့်ပေးပါ။ (ဆိုဒီယမ် ဟိုက်ပိုကလိုရိုက် (sodium hypochlorite) ၅.၂၅ ရာခိုင်နှုန်း သို့ ၆ ရာခိုင်နှုန်းသည် လုံလောက်သော ပမာဏ ဖြစ်ပါသည်။)
  6. သမအောင် မွှေပါ။ 
  7. အခြား အနံ့များ၊ အရသာများ၊ အရောအနှောများ ထပ်မထည့်မိစေရန် သတိပြုပါ။  (ကလိုရင်းကို ဆိုဒီယမ် ဟိုက်ဒရောဆိုက် အဖြစ်လဲ ရရှိနိုင်ပါသည်။)
  8. မိနစ် ၃၀ လောက်ထားပါ။
  9. ကလိုရင်းအနံ့ ရမရကို စမ်းသပ်ပါ။ အကယ်၍ ကလိုရင်းနံရပြီဆိုပါက စိတ်ချစွာ အသုံးပြုနိုင်ပါပြီ။ အနံ့မရပါက နောက်တစ်ကျော့ ထပ်လုပ်ပါ။ (ထပ်မံ၍ ရေတစ်ဂါလံကို ကလိုရင်း ၁၆ စက်ခန့် ရောနှောပါ။ ရေနှစ်လီတာဘူးဆိုလျှင် ၈ စက်ခန့်၊ တစ်လီတာဘူးဆိုလျှင် ၄စက်ခန့် ထည့်ပေးပါ။ သမအောင် မွှေပါ။ နောက်ထပ် မိနစ်သုံးဆယ် စောင့်ပါ။ ကလိုရင်အနံ့ ရမရကို စမ်းသပ်ပါ)
  10. နှစ်ကြိမ်တိုင် ပြုလုပ်ပြီး ကလိုရင်း အနံ့ မထွက်လာသည့် အဆိုပါရေသည် အသုံးပြုရန်မသင့်ပါ။ ထိုရေကို သွန်ပြစ်ပြီး နောက်ထပ် ကလိုရင်းခပ်နိုင်ရန် ရေကိုရှာပါ။
ကလိုရင်းသည် အရည်အဖြစ် လည်းကောင်း၊ ဆေးပြားအဖြစ် လည်ကောင်း ရရှိနိုင်ပါသည်။ ကလိုရင်းခပ်ခြင်း သန့်စင်ခြင်းကို မပြုလုပ်မီ အညွှန်းစာကို သေချာစွာဖတ်ရှုပြီး နားလည် သဘောပေါက်စေရန် ပြုလုပ်ထားသင့်ပါသည်။ ဝယ်ယူရရှိသော နေရာများ၊ လှူဒါန်းသူများထံမှ အသုံးပြုပုံကို သဘောပေါက်အောင် မေးမြန်ထားသင့်ပါသည်။

ကလိုရင်းသည် သူ့ချည်းဖြစ်ပါက အဆိပ်အတောက် ဖြစ်စေနိုင်သောကြောင့် သိမ်းဆည်းရာတွင် စနစ်တကျ သိမ်းဆည်းစေလိုပါသည်။

နောက်ပိုင်းတွင် Water Guard ကဲ့သို့သော ရေသန့်ဆေးဗူးများ၊ ဆေးပြားဗူးများကို အလွယ်တကူ ရရှိနိုင်သလို အညွှန်းစာများကိုလဲ တိကျစွာ ဗူးအခွံပေါ်တွင် ဖော်ပြထားသောကြောင့် သေချာစွာ ဖတ်ရှုပြီးမှသာ အသုံးပြုပါရန် တိုက်တွန်းပါသည်။

ရေတွင်း ရေကန်များကို ကလိုရင်းခပ်၍ သန့စင်ခြင်း ပြုလုပ်မည်ဆိုပါက ကျွမ်းကျင်သူ အနည်းဆုံးတစ်ဦး ရှိနေစေရန် လိုအပ်ပါသောကြောင့် မဖော်ပြပေးတော့ပါ။


Luminox
20.8.2012
From -ကိုသာပို Facebook

No comments:

Post a Comment