Saturday, August 25, 2012

DIL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်း ယာဉ်အစီး(၈ဝဝ)နှင့် ကုန်သေတ္တာ အလုံး (၅ဝဝဝ) ကျော်ထားရှိနိုင်

Dagon Seikkan International Logistics Co, Ltd(DHL) ၏ အပြည် ပြည်ဆိုင်ရာ ကုန်သေတ္တာ ယာဉ် ရပ်နားစခန်းနှင့် ကုန်သေတ္တာ စခန်းဖွင့်ပွဲ အခမ်းအနားကို  သြဂုတ် ၂၂ ရက် နံနက် ၉ နာရီ က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ရွှေလီလမ်းရှိ DHL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ Dagon Seikkan International Logistics Co, Ltd(DHL) ဥက္ကဋ္ဌ ဒေါက်တာ ကျော်ညွန့်လွင် က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ရေဘေးအတွက်  အလှူငွေ ကျပ်သိန်း (၅ဝ)ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ ပေးအပ် လှူဒါန်းသည်။
ထို့နောက်DHL ကုန်သေတ္တာယာဉ် ရပ်နားစခန်းနှင့် ကုန်သေတ္တာ စခန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်ကြသော စည်ပင် သာယာရေး ဝန်ကြီး ဦးလှမြင့်၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်နှင့်DHL ဥက္ကဋ္ဌ ဒေါက်တာ ကျော်ညွန့်လွင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် DHL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်းတို့ကို ရှုရပ်မျှော်စင်မှ ကြည့်ရှု စစ်ဆေး ကြသည်။
ယင်း DHL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်းမှာ မြေဧရိယာဧက(၅ဝ)ရှိပြီး ကုန်သေတ္တာ ယာဉ်အစီး(၈ဝဝ)နှင့်  ကုန်သေတ္တာ အလုံး (၅ဝဝဝ)ကျော် ထားရှိနိုင်ကာ ၂၄ နာရီ ဝန်ဆောင်မှု  ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ဒလမြို့နယ်  ဆာပါချောင် ကျောင်းစုရပ်ကွက် တွံတေးတူး မြောင်း(သုည) မိုင်အနီး မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျမှု အခြေအနေ နှင့် ဆိပ်ကြီး ခနောင်တို မြို့နယ် တွံတေးတူးမြောင်း (သုည)မိုင်အနီး ဆိပ်ကြီး ကျွန်းအငူ ကမ်းပါးပြိုကျမှု အခြေအနေ များကိုကြည့်ရှု စစ်ဆေး သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး မြစ်ရေ တိုက်စားမှု လျော့ပါး ရေး၊ ထပ်မံ၍ မြစ်ကမ်းပါး ပြိုကျမှု မရှိစေရေး အတွက် ယာယီ အစီ အစဉ်ဖြင့် မြစ်ကမ်းပါး တစ်လျှောက် တုတ်ရိုက်ပြီး သဲအိတ်များ၊ သစ်ရွက်ဆွေးများ ထည့်သွင်း၍ ကမ်းထိန်းနံရံ ဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment