Friday, September 14, 2012

မြန်မာ့ရာဘာ အရည်အသွေး မြှင့်ဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဘရာဇီး၊ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် နိုင်ငံတကာ ရာဘာဖွံ့ဖြိုးမှု သုတေသန အဖွဲ့ဝင်နိုင်ငံများက စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။


“ရာဘာက ကမ္ဘာ့လိုအပ်ချက် မြင့်တဲ့အနေအထားမှာ ရှိနေတဲ့ ကုန်ပစ္စည်းတခု ဖြစ်နေလို့သာ ကျနော်တို့ မြန်မာ့ ရာဘာက ရောင်းတန်းဝင်ပြီး ရောင်းလို့ရနေတာ။ ဝယ်ယူလိုမှု နည်းသွားပြီး ထုတ်လုပ်မှု များလာတဲ့အခါကျရင် အရည်အသွေး ကောင်းကောင်းပဲ ရွေးဝယ်ကြမှာ။ အခု ကျနော်တို့ ရာဘာတွေက သူများနိုင်ငံတွေနဲ့ ယှဉ်ရင် အရည်အသွေးပိုင်း လိုအပ်ချက် အများကြီးရှိလို့ ဈေးရတာချင်း ကွာတယ်” ဟု မြန်မာနိုင်ငံ ရာဘာလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့် ကရှင်းပြသည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတကာ ရာဘာဖွံ့ဖြိုးမှု သုတေသနအဖွဲ့ IRRDB ၏ အတွင်းရေးမှူး မလေးရှားနိုင်ငံမှ ဒေါက်တာ အဗ္ဗဒူ အဇစ် အက်စ် ခေကဒါး လည်း တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား စသောနိုင်ငံများမှ ပညာရှင် ၃ဝ ဝန်းကျင် ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာဘာ အဓိက စိုက်ပျိုးထွက်ရှိရာဒေသများမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ ဖြစ်သည်။ အရည်အသွေးမြင့် ရာဘာထွက်ရှိသည့် ဧက ၁ဝဝ ကျော်အထက် ရာဘာခြံကြီးများမှာ ရာဘာခြံစုစုပေါင်း၏ ၁ဝ ရာခိုင်နှုန်းသာရှိပြီး ကျန် ၉ဝ ရာခိုင်နှုန်းမှာ ၁ဝ ဧက မှ ၁၅ ဧက အကျယ်အဝန်းသာရှိသော ခြံငယ်များဖြစ်ကြသည်။ အဆိုပါ ခြံငယ်များ၏ ရာဘာအရည်အသွေး တိုးမြှင့်နိုင်ရေးကို ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးတည်ဆွေးနွေး သွားမည်ဖြစ်ကြောင်း IRRDB ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရာဘာတန်ချိန် ၉၅,ဝဝဝ တင်ပို့ရန် မျှော်မှန်းထားသည့် မြန်မာနိုင်ငံသည် ဧပြီလမှ ဇူလိုင်လအထိ တန်ချိန် ၂,ဝဝဝ ခန့်ကို တရုတ်နှင့် မလေးရှားနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့ပြီး ဖြစ်သည်။

မြန်မာ့ရာဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ စသော နိုင်ငံများသို့လည်း တင်ပို့ရောင်းချလေ့ရှိသည်။

လက်ရှိ ရာဘာပေါက်ဈေးမှာ အရည်အသွေးမြင့် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃,ဝဝဝ၊ အလတ်တန်းစားဖြစ်လျှင် ဒေါ်လာ ၂,၉ဝဝ ဝန်းကျင်နှင့် အရည်အသွေးနိမ့် ၁ တန်လျှင် ဒေါ်လာ ၂,၇၅ဝ တို့ အသီးသီးရှိကြသည်။

No comments:

Post a Comment