Thursday, September 20, 2012

မုန်း၍မဟူ

ခုတလော မြဝတီက ဇာတ်ကားတွေတင်တော့ ကြည့်ဖြစ်သည်။ သို့သော် 
မနေ့ညက တစ်ခါကဧရာဝတီညများကို ပြန်ကြည့်ဖြစ်သည်။ ဝထ္ထုသည် ဝထ္ထုလို ရသပါသကဲ့သို့ ရုပ်ရှင်သည်လဲ အသက်ဝင်လှသည်။ အင်္ဂလိပ်ကို တော်လှန်သောမျိုးဆက်၊ ဂျပန်ကိုတော်လှန်သော မျိုးဆက်နှင့် နှောင်းပိုင်း မျိုးဆက် ၃ဆက်ကို ဆက်စပ်ပြထားသော ဝထ္ထုနှင့်စာလျင် ပေးသည့်ရသနည်းသော်လည်း အပြင်အဆင်၊ အလင်းအမှောင်၊ ဇာတ်ဆောင်တွေ မြိုင်မြိုင်ကြီးနဲ့မို့ တစ်သက်တာအတွင်း အတော်ကြိုက်သော
မြန်မာရုပ်ရှင်လဲဖြစ်လို့ ပြန်ကြည့်မိသည်။ စကားလုံးတို့ဖြင့် ဇာတ်ကောင်ကို ဘောင်ခတ်မထား၊ ဇာတ်ကောင်တို့က အပြိုင်းအရိုင်း အသက်ဝင်လျက် စကားတို့ပြောသော ဇာတ်ကား တစ်ကားဖြစ်သည်။ မင်းသား ဟင်္သာ(လွင်မိုး)က သူ့မမအိမ့်စိုးမေ(ထွန်းအိန္ဒြာဗိုလ်) ရှိတဲ့ စခန်းလိုက်အလာ နောက်က ဂျပန်က ကပ်ပါလာခဲ့သည်။ တိုက်ပွဲဖြစ်ပြီး စခန်းပြောင်းဖို့လုပ်တော့ ဟင်္သာက သူ့ချစ်သူမမ နောက်လိုက်မယ်။ သူ့မမက မင်းမလိုက်နဲ့။ သည်လိုနဲ့ မင်းလိုက်ရဲတယ်ဆိုရင် လူသတ်ရဲတယ်ဆိုတာ သက်သေပြလို့ ဆိုပြီး ဂျပန်အလောင်းကို လှံစွပ်နဲ့ထိုးခိုင်းတယ်။ ဟင်္သာက ပြောတယ် “လူတစ်ယောက်ကိုသတ်ဖို့ လေ့ကျင့်နေစရာမလိုပါဘူးမမ။ သူ့ဟာသူ သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခါ ဒေါသအလျောက် သူ့ဟာသူဖြစ်သွားမှာပါတဲ့” အဲဒီအခါ ထွန်းအိန္ဒြာဗိုလ်က ပြန်ပြောလိုက်တယ် “ငါတို့က ဒေါသနဲ့သတ်နေကြတာ တိုက်နေကြတာ မဟုတ်ဘူး ဟင်္သာ” တဲ့။

သူကတော့ ဒီအထိပဲ ပြောသွားပါတယ်။ သူသေကိုယ်သေဆိုပြီး လက်နှက်အစုံ နည်းလမ်းအစုံနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လုပ်ကြံသတ်ဖြတ်နေကြတာ ဒေါသနဲ့ သတ်နေကြတာမဟုတ်ဘူး ဆိုရင် ဘာအတွက် ဖြစ်မလဲ။ ဇာတ်လမ်းရဲ့ တစ်နေရာမှာတော့ ဟင်္သာက သူတို့အမေကို မမှီလိုက်တဲ့ သူ့သားသမီးတွေကို ပြောပါတယ် “တစ်ခါတစ်ခါ သိပ်ကိုနဲပါးတဲ့ ဖြစ်နိုင်ချေမျှော်မှန်းချက်လေးအတွက် အသက်တွေ၊ဘဝတွေ၊စည်းစိမ်တွေနဲ့ လဲယူရတာမျိုး ရှိပါတယ်တဲ့” သြော်…ရေးသူက “ဂျူး”။ ဒီဆရာမ သေနှတ်သံတောင် ကောင်းကောင်းကြားဖူးရဲ့လား မသိဘူး။ အတော်လဲ တွေးနိုင်သိနိုင်သူပါပဲ။
ဒီဇာတ်လမ်းထဲမှာ လက်နှက်ကိုင်ထားသမျှကို လူကြမ်းစိတ်ကြမ်းတွေ အဖြစ်အသက်သွင်းထားသလို တော်လှန်သူရယ်၊ ဂျပန်ရယ်၊ စစ်တပ်ရယ်။ သူပုန်ရယ်မခွဲခြားပဲ ခြယ်မှုန်းထားပြန်ပါတယ်။ ကျွန်တော်တို့ ကြည့်နေကျ  သေနှတ်ကိုင် လက်နှက်ကိုင်တာချင်းအတူတူ ပျောက်ကျားဝတ်တွေကအမှား၊ အစိမ်းဝတ်တွေကအမှန် ဒီလမ်းကြောင်းထဲက ခွဲထွက်လာတော့ ဘယ်နှကြိမ်ကြည့်ကြည့် အတော်ကြည့်လို့ကောင်းပါရဲ့။


အဲဒီထဲမှာပါပဲ ဟင်္သာက အေးအောင်ကို ခေါ်လိုက်တယ်။ ဗျူယိုကရက်လေးတဲ့။ မမအိမ့်စိုးမေရဲ့ အဖေ ခရိုင်ဝန်မင်းက ဗျူယိုကရက် သည်ဗျူယိုကရက်ကမွေးပြီး ဗျူယိုကရက်လမ်းစဉ်လိုက်နေသူမို့ ဗျူယိုကရက်လေးတဲ့။ ဇာတ်ကားကို ကြည့်ရင် မင်းသားနေရာကသာ ဝင်ခံစားတတ်တာမျိုး မဟုတ်တော့ ဟင်္သာခေါ်တဲ့ ဗျူယိုကရက်လေးဆိုတာ အေးအောင်နဲ့အတူရောလို့ ကိုယ့်ကိုယ်ပါ ခေါ်နေသလိုပါပဲလေ။ ဒါပေမယ့် အင်္ဂလိပ်ပြေးတယ်၊ ဂျပန်ဝင်တယ်။ ဂျပန်ပြေးတယ်။ အင်္ဂလိပ်ပြန်လာတယ်။ သည်အထိ ဗျူယိုကရက်ဆိုတာ ဗျူယိုလမ်းကြောင်းပေါ် မတ်မတ်ရပ်နိုင်သရွေ့ ဗျူယိုကရက်ဆက် ဖြစ်ခွင့်ရှိသေးတယ်ဆိုတာ ပြသွားသေးတယ်။ အစိုးရအဆက်ဆက်အတွက် ဗျူယိုကရက်လိုအပ်ချက်ကိုလဲ မြင်လိုက်ရသလို ဗျူယိုကရက်တို့ရဲ့ မျိုးချစ်စိတ်နဲ့ သူတို့ရဲ့ တော်လှန်သူတွေအပေါ်ကို ပံ့ပိုးလိုမှုကိုလဲ ပြသွားသေးတယ်။ ဗျူယိုကရက်ဆိုတာ ယန္တရားကြီးရဲ့ ပင်နီယံတွေပဲမို့လား။ လေးစိတ်ရှိရင် လေးချက်တွန်း၊ အပြားလိုက်ထားရင် အပြားလိုက်လည်၊ ဒေါင်လိုက်ထားရင် ဒေါင်လိုက်လည် ဒါကိုဗျူယိုကရက် ယန္တရားထဲက ဗျူယိုကရက်တစ်တွေရယ်လို့ ခေါ်ကြတာပဲမို့လား။ လေးစိတ်ရှိလျက်နဲ့က ၃ချက်လည်ရင် အပြားလိုက်ထားလျက် ဒေါင်လိုက်လည်ရင် ကမ်းနားသစ်ပင် စာရင်းဝင်တွေ အမြစ်ကပါပြုတ်မပေါ့။ လိုအပ်သော ချောဆီ လောင်စာဆီ လျှပ်စစ်ရနေသ၍ သတ်မှတ်နုန်းထားအတိုင်း အပတ်ရေအပြည့်လည်ဖို့ ဗျူယိုကရက်တွေမှာ တာဝန်ရှိတယ်မို့လား။ ဒရိုင်ဘာ အဆက်ဆက်၊ အင်ဂျင်ကို ကြိုက်သလိုပြောင်း၊ ဒီဇိုင်းကိုကြိုက်သလိုထွှင် စီယာတိုင်တို့ သဘောအရတော့ ဘယ်ဆိုဘယ် ညာဆိုညာဆိုတာဘယ်တော့မှ မပြောင်းဘူးမို့လား။ သည်တော့ အစိတ်ပြည့်လည်။ နေသားတကျရှိတဲ့ ဗျူယိုကရက်ဆိုတာ အစိုးရ မင်းအပေါင်းတို့ သည်းခြေကြိုက် မရှိမဖြစ်ရေပေါ်ဆီစစ်စစ်ပါပဲ။ ရေကိုနှောက်လိုက်တုန်းခဏ ပြန်ငြိမ်တာနဲ့ သူကအပေါ်ကရောက်စမြဲပါပဲလေ။ ကျွန်တော်ကတော့ ဗျူယိုကရက်ဆိုတာ သရက်ပင်ပေါ်မှာ နှလုံးသားကို ထားထားရတဲ့ မျောက်လို့ထင်တာပါပဲ။ နေ့တိုင်း မိကျောင်းစီးနေရတာကိုး။



ဗျူယိုကရက်တို့ တာဝန်က ဒေါင်လိုက်ဆို ဒေါင်လိုက်။ အလျားလိုက်ဆို အလျားလိုက် ထားတဲ့အတိုင်းလည်ဖို့ဆိုတော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်သိရပါတယ်။ ငါက ဒေါင်လိုက်လား၊ အလျားလိုက်လား၊ အစိတ်ဘယ်နှစိတ်ရှိသတုန်းပေါ့။ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ကောင်တစ်ကောင်တည်းကို ကျန်တာတွေက ပို့ပေးနေရာတမျိုး ဆိုရင်ကြည့်မလှသလို ဗျူယိုကရက်ကို အခြားလူတွေက ဝိုင်းရံရရင်လဲ ကြည့်မလှတတ်ပါဘူး။ ဟင်္သာနေရာကျသူက ဟင်္သာနေရာ ပီပြင်ရသလို၊ အေးအောင် နေရာက ဗျူယိုကရက်ကျကျပီပြင်မှဖြစ်မှာပါ။ ဟင်္သာအရည်အချင်းနဲ့ အေးအောင်မဖြစ်နိုင်သလို၊ အေးအောင်စိတ်ဓါတ်နဲ့ အိမ့်စိုးမေကိုမရနိုင်ပါဘူး။ သည်တော့ ကိုယ်ကျရာ ကိုယ့်ဘဝက စစ်သားဆိုတော့ သေနှတ်ကလေး ကောက်ကိုင် ကျွန်တော် ဘာလုပ်ရမှာတုန်းခင်ဗျာ လို့မေးကြည့်လိုက်ချင်သေးသပေါ့။ Forrest Gump ဇာတ်ကားထဲကလို “မင်းစစ်ထဲဝင်လာတာ ဘာလုပ်ဖို့လဲ။” “ ဆရာကြီးခိုင်းတာ လုပ်ဖို့ပါ”ဆိုတော့ “ဂွတ်ဂျော့ ဖေါရက်စ် မင်းအိုင်ကျူ၈၀ ကျော်မယ်”  ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် စာရင်းချုပ်လိုက်ရင်တော့ သည်အဖြေနီးနီးပဲ ပြန်ထွက်ပါလိမ့်မယ်။ “မောင်တို့ရဲ့ မူလတာဝန်ဖြစ်တဲ့ စစ်ကိုနိုင်အောင်တိုက်ဖို့” သည်စကားကို ခုကျွန်တော်တို့ကျောင်းစ တက်စဉ်မှာ မှာကြားသလို ကျောင်းဆင်းလို့ အပွင့်တင်ပေးလိုက်တော့လဲ မှာလိုက်ပါသေးတယ်။ “စစ်ကို နိုင်အောင်တိုက်ရမယ်”
ဟုတ်တာပေါ့ ကျွန်တော်တို့က စစ်သား၊ စစ်ကို နိုင်အောင်တိုက်ရမှာပေါ့။ စစ်ကိုနိုင်ဖို့ဆို စစ်အောင်ရာသော အချက်ကြီးများ ၊ရည်၊စု၊ပစ်၊ခိုင်၊ဒု၊တိုက်၊တိုက်….ဘာညာ တွေလုပ်။ နောက်…..စစ်ဆိုတာ တိုက်ပွဲတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ တိုက်ပွဲတွေကိုလဲ အသက်ရှင်လျက် ကျော်ဖြတ်နိုင်အောင်ကြိုးစား။ စစ်ပွဲဆိုတာ ပြီးတဲ့အခါ ကိုယ့်ဘက်က အနိုင်ဆိုတာ ကျန်ခဲ့အောင် ဘက်စုံ ထောင့်စုံကနေ လုပ်။ ဒါကိုယ့်အလုပ်ကိုး။


အဲဒီလို စစ်ပွဲဆိုတာကြီး မပြီးမချင်း နေ့စဉ်ဘဝတွေ၊ တိုက်ပွဲတွေ ကျော်ဖြတ်တဲ့အခါ ၁-ကိုယ်မသေဖို့၊ ကိုယ့်မနာဖို့ အားမလျော့ဖို့အားထုတ်ရသလို၊ ၂ တစ်ဘက်လူသေဖို့၊ နာဖို့ အားလျော့ဖို့ အားထုတ်ရတော့တာပေါ့။ အဲသည်အခါ ဟိုးအပေါ်က ဂျူးရဲ့ ဝထ္ထုဇာတ်ကောင် အိမ့်စိုးမေပြောသလို ဒေါသနဲ့ သတ်ကြတာ မဟုတ်ဘူး ဆိုတာ သတိရတယ်။ ဒေါသနဲ့သတ်ကြတာ မဟုတ်ပေမယ့် ဒေါသကင်းရဲ့ပါ့မလား။ မကင်းပါ ဘယ်လိုမှမကင်းနိုင်ပါ။ သို့သော် ဆရာမပြောလိုသည်က တွေ့ရာသချိုင်းဓါးမဆိုင်း ဆိုတဲ့ဒေါသမျိုးကိုပြောတာပဲ ဖြစ်နိုင်ပါတယ်။ အဲသလို အငြိုးအတေးကြီးကြီးနဲ့ ဒေါသဖြစ်လာရင် ဒါဟာ စစ်ပွဲကို ကိုယ်ကတိုက်တာမဟုတ်တော့ပဲ။ စစ်ပွဲထဲမှာ ကိုယ်ကသားကောင် စစ်ရဲ့စေရာကို လိုက်ရတော့မယ့် စစ်ရဲ့သားကောင်ဖြစ်နေရတော့မှာပါ။ ဒါကြောင့် သတ်ရပြီးရော၊ တိုက်ရပြီးရော ဒေါသကြီးနဲ့ သတ်နေကြတာ တိုက်နေကြတာ မဟုတ်ဘူးလို့ သူဆိုလိုဟန်တူပါတယ်။


ရန်သူ့ယူနီဖေါင်းတွေ့တာနဲ့ သတ်ချင်တာ။ အလံကိုတွေ့တာနဲ့ ဒေါသထွက်တာ။ ရန်သူ့အလောင်းကိုတောင် မုန်းတာ။ အဲသလိုစိတ်ဒဏ်ရာတွေ ရသွားပြီဆိုရင် စစ်ထဲမှာ ပါဝင်တိုက်ခိုက်နေကြသူတွေဟာ စစ်ရဲ့သားကောင်တွေ လုံးလုံးဖြစ်ကြရတော့တာပါပဲ။
ကျွန်တော်တို့က စစ်တိုက်ကြမယ့်လူ(လူ) တွေပါ။ စစ်မီးထဲကိုဝင်ကြမယ့် လောင်စာတွေ ဖြစ်လို့မရပါဘူး။ အဲသလိုမဖြစ်ရအောင်လို့ စစ်အောင်ဖို့ဆို သည်လိုလုပ်၊ တိုက်ပွဲထဲမှာ အသက်ရှင်ဖို့ ဒါတွေပြင်။ သည်လိုအနေထားမှာ သည်နားကိုချိန်ပစ်။ သည်လိုလူဆို သည်လိုသတ်။ ဒါကို နာနာလေ့ကျင့်ပေးလိုက်တာပါ။ စိတ်ဝေဒနာ၊ ရုပ်ဝေဒနာကို အကြမ်းနည်းနဲ့ ခံနိုင်အောင် လေ့ကျင့်ပေးလိုက်တာပါ။ ဒါ့အပြင် မူလတာဝန်က “စစ်ကိုနိုင်အောင်တိုက်ဖို့ပါ” “စစ်ကိုတိုက်နေဖို့ချည်း မဟုတ်သလို စစ်ပွဲရှည်ကြာဖို့လဲ မဖြစ်သင့်ပါဘူး။ မြန်မြန်စစ်နိုင်မှ မိမိတာဝန်ကျေပါလိမ့်မယ်။ စစ်နိုင်ဖို့ဆိုတာ စစ်ပွဲပြီးမှရပါတယ်။ မြေသိမ်းလို့လဲမရသလို၊ ရွာတွေအကုန်မီးရှို့လိုက်လို့လဲ စစ်ပွဲဟာ မပြီးနိုင်သေးပါဘူး။ စစ်ပွဲပြီးဖို့ဆိုတာကလဲ တစ်ဖက်သက်ပြီးလို့ မရစကောင်းပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တာဝန်ဟာ စစ်ပွဲပြီးတဲ့ အချိန်မှာ အနိုင်ဟာ ကိုယ့်လက်ထဲမှာ ရှိဖို့ အစွမ်းကုန်ကြိုးစားကြရမှာပါ။ အနိုင်အရှုံး မြန်မြန်ထွက်ဖို့ စစ်ပွဲမြန်မြန်ပြီးဖို့လိုပါတယ်။



ကျွန်တော်တို့ ဆီမှာ အဖွဲ့စည်းပေါင်းက ABCD အက္ခရာစဉ်လိုက်ရင် ဖုန်းစာအုပ် တစ်အုပ်စာလောက် ထွက်လာနိုင်ပါတယ်။ မူဝါဒအရ၊ ဘာအရ ညာအရ၊ အရပေါင်း သောင်းခြောက်ထောင်အရ စစ်မီးသည် အလျံလျံ အငြီးငြီးပါ။ စစ်ဟူသည် အမှားဖြစ်ပါသည်။ စစ်သည်ပင်လျင်အမှားဖြစ်ပါသည်။ တရားသောစစ်၊ မတရားသောစစ်၊ ဘာစစ်၊ ညာစစ်၊ ဒီစစ်ပွဲတွေ ဘယ်တော့ပြီးမှာလဲ။ ဒီစစ်ပွဲနောက်မှာ ဘာစစ်ပွဲကျန်နိုင်သေးသလဲ။ ဘယ်သူနဲ့လဲ။ ဘာတွေပြင်ရဦးမလဲ။ စစ်သားမို့ စစ်ကိုကြောက်နေလို့ မဖြစ်ပါ။ စစ်သားအဖို့စစ်သည် ဖွားဘက်တော်ပါ။ စစ်သည် မိုးကောင်းကင်ပါ။ စစ်သည် ဘိုးဘွားအမွေပါ။ သစ်သားပေတံကလေး နဲ့တဒိုင်းဒိုင်းပစ်နေကြသော ကလေးတို့ အော်ဟစ်ဆူညံနေကြဆဲ။

“စစ်ပွဲတစ်ရာ နွဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲတော့ မနွဲချင်တော့ဘူးကွယ်”တဲ့။ ချစ်ရမှာ တယ်ကြောက်ကြသည်ထင်ပါရဲ့။ ခေတ်ကပေးတဲ့အခါ၊ နိုင်ငံကပေးတဲ့အခါ စစ်သားသည် စစ်ပွဲကို ကျရာနေရာမှ ကောက်ကိုင်လိုက်ကြတတ်ပါသည်။ ကျရာနေရာတွင် ပီပြင်ကြရမည်ဖြစ်သည်။ လွယ်ထားသော သေနတ်ကို ဦးအောင် အတွဲလိုက် မဆွဲမိလျင် တရုတ်လုပ် ငရုပ်ကျည်ပွေ့ လက်ပစ်ဗုံးသည် သေချာပေါက် ကိုယ့်ဆီရောက်လာမှာပါ။ တိုက်ပွဲထဲတွင် ရှင်သန်ဖို့လိုပါသည်။ စစ်ကိုနိုင်ဖို့လိုပါသည်။ စစ်နဲ့အတူ လောင်ဖို့မလိုပါ။ စစ်မီးကို ဆက်ရှို့ဖို့လဲမလိုပါ။ စစ်ပွဲသည် တစ်ချိန်တွင် ပြီးရမည်ဖြစ်သည်။ ကျွန်တော်တို့ အသက်ခန္ဓာမြဲစဉ်တွင် ပြီးချင်လဲပြီးမည်။ အသက်နဲ့ခန္ဓာ အိုးစားကွဲပြီးမျှသာ ပြီးချင်လဲပြီးမည်။ မည့်သို့ပင် အဆုံးသတ်ပါစေ ထိုအခါ ကျွန်တော်တို့နိုင်ဖို့သည် ကျွန်တော်တို့ မူလတာဝန်ဖြစ်သည်။ စစ်သည် ဆက်မည်လော စစ်သည်ရပ်မည်လောသည် ယန္တရားထဲက ပင်နီယံသွားတို့ မေးစရာမလိုအပ်သော အရာဖြစ်သည်။ ယန္တရားကို မောင်းနှင်သူတို့ သဘောရှိပါ့။ စစ်ရှိနေသမျှ နိုင်အောင် ကြိုးစားရန်သာရှိသည်။စစ်သားသည် စစ်ကိုမရှာအပ်၊ စစ်ကိုမဖန်တီးအပ်၊စစ်ကိုမလိုလားအပ်၊ စစ်ကိုမချစ်အပ် သို့သော် စစ်ကိုရှောင်ရန်မဟုတ်။ စစ်တိုက်တတ်ရမယ်။ စစ်ပွဲဝင်ရဲရမည် သို့သော် ဒေါသဖြင့်မဟုတ် အမုန်းဖြင့်မဟုတ် မုန်း၍မဟူ။ ထို့အတွက် နှလုံးသားကို သရက်ပင်တွင် တင်ထားခဲ့ဖို့သေချာပေါက်လိုပါသည်။ ကျန်ရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မိမိနှစ်သက်သလို ဖွင့်ဆိုနိုင်ကြပါသည်။( ဤစာစုပါ စာလုံးများအားလုံးသည် မိမိသဘောထား သက်သက် အယူအဆသက်သက် ရေးသားထားခြင်းသာဖြစ်ပါကြောင်း)
ကျန်းမာချမ်းသာကြအောင် အားထုတ်နိုင်ကြပါစေ။ ကျွန်တော်မောင်ဟန်ပါ။
 မူရင့်လင့် -https://www.facebook.com/mg.han2

No comments:

Post a Comment