Wednesday, September 5, 2012

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ဒီမိုကရေစီခိုင်မာရေးကို ဦးတည်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

From- 7Day News Journal

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ပြည်သူများအား ဒီမိုကရေစီ ခိုင်မာရေးကိုသာ ဦးတည် ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီ အရွယ်ရောက် ခိုင်မာလာပါက ဒီမိုကရေစီခေါင်းဆောင်များ မလိုအပ်တော့ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာကပင် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး ဟု သတ်မှတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်က... စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒေသခံများအား ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးဒဏ်သင့် ရပ်ကွက်တချို့သို့ သွားရောက်ကာ ကျန်းမာရေးရန်ပုံငွေအတွက် မတည်ငွေ ကျပ်သိန်း ၂၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒေသခံများ တင်ပြကြ သည့် လိုအပ်ချက်များကို နားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့သည်။ ပုသိမ်မြို့နယ် အင်န်အယ်လ်ဒီ ရုံးချုပ်ရှေ့ရှိ ဒေသခံလူထုများအား မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းဟောပြော သွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကနေပြီး ပြည်သူတွေကို အားလုံး ဒို့ပဲ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလို လုပ်ပေးမယ်ဆိုရင် ပြည်သူတွေက ဘယ်တတ်တော့မလဲ။ ကျွန်မတို့ ပြည်သူတွေကို သန်မာစေ ချင်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်စေချင်တယ်။ မိဘကောင်းတွေက သားသမီးတွေကို သူတို့ကို အားကိုးစရာ မလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် လုပ်ပေးရမယ်။ ငါတို့ကိုပဲ အားကိုးစေချင်တယ်ဆိုရင် စစ်မှန်တဲ့မေတ္တာ မဟုတ်တော့ဘူး။ ဒါအတ္တပဲ။ ပြည်သူပြည်သားတွေကို ဒီမိုကရေစီ အရွယ်ရောက်အောင် ကျွန်မတို့က အမြန်ဆုံးတွန်းပို့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ အရွယ်ရောက်သွားလို့ရှိရင် ဒီမိုကရေစီခေါင်းဆောင်တွေကို မလိုအပ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားမယ်။ ငါတစ်ယောက်တည်း အမြဲနေရာမှာ ရှိရေးအတွက်ဆိုပြီး လုပ်နေတဲ့ပုံနဲ့ဆို ရင်တော့ ကျွန်မတို့ပြည်သူတွေဟာ ဒီမိုကရေစီအတွက် ခိုင်မာတဲ့ အခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး”ဟု ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားနှင့် ပတ်သက်၍ သတင်းစာဆရာ ဦးရဲနိုင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ခေါင်းဆောင်တွေအပေါ်မှာ မှီခိုဖို့ မလိုတော့ဘူး။ ဒါဟာ ခေါင်းဆောင်တွေ မှ မဟုတ်ဘူး။ အစိုးရကလည်း ဒီအတိုင်းပဲ။ တကယ့် မှန်ကန်တဲ့စနစ်မှာ အစိုးရရဲ့ အခန်းကဏ္ဍ ဟာ မကြီးမားတော့ဘူး။ ဘာလို့လဲဆိုတော့ စနစ်က မှန်ကန်သွားပြီ။ လူတွေက ရင့်ကျက်သွားပြီ။ ပုံမှန်လည်ပတ်သွားပြီပေါ့။ နိုင်ငံရေးပညာရှင်တချို့ ပြောတာရှိတယ်။ ရှိမှန်းမသိတဲ့ အစိုးရက အကောင်းဆုံးအစိုးရလို့။ တစ်ခုပဲ စိုးရိမ်ပူပန်စရာ ရှိတာက အဲဒီစနစ်ကလည်း မမှန်သေးဘူး ။ ပြည်သူအများစုကလည်း ဒီမိုကရေစီ ရင့်ကျက်မှု ကျင့်သားမရသေးဘူး။ လူ့အဖွဲ့အစည်းက စနစ်နဲ့ကျင့်သား မှန်ကန်မှု မရှိသေးတဲ့အချိန်မှာ ခေါင်းဆောင်တွေ ဆုံးရှုံးသွားမယ် ဆိုရင်တော့ အဲဒါကြောက်စရာ ကောင်းပါတယ်”ဟု မှတ်ချက်ပေးသည်။

“အခု ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့ပုံစံကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ပိုပြီးရင့်ကျက် လာတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ တစ်ခုပဲ စိုးရိမ်ပူပန်မှုက အဖွဲ့အစည်းဆိုတဲ့ ရှုထောင့်နဲ့ ကြည့်မယ်ဆို ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူတစ်ဦးအပေါ်မှာ မှီခိုနေရမှုက များတယ်လို့ မြင်တယ်”ဟု ဦးရဲနိုင်မိုးက ဆက်လက်ပြောသည်။

ပုသိမ်မြို့သို့ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ လာသော ဒေါ်အောင်ဆန်းစုကြည်သည် ရေဘေးသင့် ရပ်ကွက်များတွင် ပါဝင်သော အမှတ်(၁၂) ရေကြည်ဦး ရပ်ကွက်နှင့် အမှတ်(၁၄) ဥမ္မာဒန္တီရပ်ကွက်တို့သို့ သွားရောက်ခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျန်းမာရေးရန်ပုံငွေ အတွက် ငွေကျပ်ဆယ်သိန်းစီကို မတည်ပေးခဲ့ပြီး ရန်ပုံငွေထိန်းသိမ်းရေး ကော်မတီများကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

“အဓိကက ပိုက်ဆံမဟုတ်ပါဘူး။ ဒီရန်ပုံငွေကို ဘယ်လိုထိန်းသိမ်းမယ်။ ဘယ်လိုသုံးမယ်ဆိုတာပဲ။ ဒီရန်ပုံငွေလေးကို ထိန်းသိမ်းပြီးတော့ တကယ်လိုအပ်တဲ့ သူတွေကို ဘယ်သူ့ကို ဘယ်လောက်ပေးမယ်။ ဘာအတွက်ပေးမယ်။ အဲဒီလို လုပ်တတ်ကိုင်တတ်အောင်လို့ပါ။ ဒီရန်ပုံငွေဟာ အရေးပေါ်ရန်ပုံငွေ ဆိုတော့ နောက်ကုန်သွားမှာပဲ။ ကုန်သွားပေမယ့်လည်း ဒီရန်ပုံငွေကို ထိန်းသိမ်းသုံးစွဲတဲ့နေရာမှာ ရသွားတဲ့ အတွေ့အကြုံတွေကတော့ ကုန်သွားပျောက်သွားမှာ မဟုတ်ဘူး။ ကိုယ့်ရပ်ရွာအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အသုံးဝင်မယ့် အတွေ့အကြုံတွေ ဖြစ်ပါတယ်”ဟု သူမကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရေဘေးသင့် ပြည်သူများ တွေ့ဆုံရာတွင် ရေကြီးရခြင်း အကြောင်းအရင်း များနှင့် လတ်တလော ကြုံတွေ့နေရသော ကျန်းမာရေးအပါအ၀င် အခက်အခဲပြဿနာများကို တင်ပြခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment