Tuesday, September 25, 2012

အားနည်းသူကို ကူညီပါ

အားနည်းသူကို ကူညီပါဒီနေ့ ဆေးခန်းသွားရင်း စိတ်ကူးရတာနဲ့ City Mart ကိုဝင်လိုက် တယ်။ ပြီးတော့ ကစားစရာတန်းက သေနတ်လေးတွေ သွားကြည့် နေလိုက်တယ်။ (ကျွန်တော်က သေနတ်လေးတွေ စုရတာ ဝါသနာ ပါလို့ပါ)။ အဲဒီမှာ သေနတ်တစ်လက် သွားတွေ့တယ်။ ဈေးတော့ နည်းနည်းကြီး တယ်။ ရိုးရိုး မောင်းတင် ပစ်ရတာမျိုး မဟုတ်ဘဲ ဘက်ထရီ အားသွင်းပြီး ပစ်ရတဲ့ သေနတ်ဗျ။ မောင်းပြန် တင်ပေးစရာ မလိုဘဲ ဆက်တိုက်ပစ်လို့ ရတဲ့ သေနတ်ပေါ့ဗျာ။ ကျွန်တော်လည်း သေနတ် ခရေဇီ ဆိုတော့ ဝယ်မယ်ဆိုပြီး ယူပြီးမှ စိတ်ကူး ပြောင်းသွားတာနဲ့ ဆေးခန်းက ပြန်တော့မှ ဝင်ဝယ်မယ် ဆိုပြီး မှတ်ထားလိုက်တယ်။

ဆေးခန်းရောက် လူနာတွေကုရင်း အဘိုးကြီး လူနာတစ်ယောက် ဝင်လာတယ်။ အသက်မေးကြည့်တော့ ၇၈ နှစ်ရှိပြီတဲ့။ နွမ်းနွမ်း ပါးပါးနဲ့ နောက်မြီးတိုနေတဲ့ ဂျပန်ဖိနပ်လေးစီးလို့။ ရောဂါကတော့ လွန်ခဲ့တဲ့ နှစ်လလောက်က အူကျလို့ ခွဲစိတ်ထားတဲ့ နေရာက သားနံရည်တွေ ထွက်နေတာလို့ ပြောပါတယ်။ သေချာ ကြည့်လိုက်တော့မှ သားနံရည်တင် မကဘဲ အမာရွတ်တစ်ခုလုံး ကွဲချင်နေတာ ဖြစ်ပါတယ်။ ခွဲကြောင်းထိပ် နှစ်ဖက်က ကွဲနေပြီး ပြည်နည်းနည်း တည်နေပါပြီ။ ကျွန်တော်လည်း ပိုးသတ်ဆေးပေး၊ အနာကို ဆေးပြီး ဆေးထည့် လုပ်ပြီး ဆေးရုံကိုသွားဖို့ ညွှန်ကြားရပါတယ်။ အပြင်ဆေးခန်းမှာ လုပ်လို့ မဖြစ်တဲ့အကြောင်း၊ အနာကို သေချာပြန်လုပ်ပြီး ဆေးရုံမှာ ပြန်ချုပ်ရမှာ ဖြစ်ကြောင်း သေချာပြောပါတယ်။ ဒါပေမဲ့ အဘိုးအိုက လုံးဝ သွားချင်ပုံ မရ။ ဘာလို့လဲဆိုပြီး မေးတော့မှ သူက နယ်ကပါ။ သားထောက် သမီးခံလည်း မရှိဘဲ အခုမှ ရန်ကုန်က ခင်မိခဲ့ဖူးတဲ့ သူတစ်ယောက်ရဲ့ကောင်းမှုနဲ့ ခြံတစ်ခြံမှာ ခြံစောင့် လုပ်နေရတဲ့ သူပါ။
ပထမ တစ်ခါ ဆေးရုံတက်ပြီးကတည်းက လိုက်စောင့်ပေးမယ့် သူ၊ လိုက်ကူညီပေးမယ့်သူလည်း မရှိ၊ အဲဒါထက် ဆိုးတာက ပိုက်ဆံ မရှိတော့လို့ အနာသေချာ မကောင်းသေးခင်မှာ ဆင်းခဲ့ရတာလို့ ဆိုပါတယ်။ ဆရာပဲ တတ်နိုင်သလောက် လုပ်ပေးပါ။ ဆေးရုံသွားလုပ်ဖို့ စရိတ် မတတ်နိုင်တော့ပါလို့ ပြောပါတယ်။ အတော်လေး သနားစရာ ကောင်းပါတယ်။ သားထောက် သမီးခံ မရှိတဲ့ အဘိုးအို တစ်ယောက် သူအလုပ်လုပ်မှ သူစားရတာပါ။ ဒီလို အနာကွဲကြီးနဲ့ သူဘယ်လို အလုပ် ဆက်လုပ် ရမလဲ။ ဆေးရုံမှာ ပိုက်ဆံမရှိလည်း ကုပေးကြောင်း၊ အလကား ကုနိုင်ကြောင်း ပြောပေမယ့် သူမသွားရဲ ရှာပါဘူး။ (ကျွန်တော်လည်း သိပ်တော့ အာမမခံရဲပါ။ ကိုယ့်ဆေးရုံတွေမှာ ဆေးမရှိကြောင်းလည်း ကိုယ်သာ သိတာကိုး)။ အဲဒါနဲ့ နောက်ဆုံး ဘကြီး သွားသာသွားပါ။ ဘကြီးဆေး ကုန်ကျစရိတ် အကုန်လုံး ကျွန်တော် ခံပေးပါ့မယ်လို့ ပြောပြီး သွားဖို့ တိုက်တွန်း ခဲ့ရ ပါတယ်။ ကျွန်တော့်ရဲ့အပြန်လမ်းမှာ City Mart လည်း မဝင်တော့ သလို သေနတ်လည်း မဝယ်နိုင် တော့ပါဘူး။ သေနတ် ဝယ်မယ်လို့ ကျွန်တော် စိတ်ကူးထားတဲ့ ပိုက်ဆံကို ဒီဘကြီးရဲ့ ဆေးကုစရိတ် အတွက် ကျွန်တော် ထားလိုက် ပါပြီ။ ဘိုင့်ဘိုင် သေနတ်လေးရေ။
ကျွန်တော် ဒါတွေကို ဘာလို့ ပြောနေတာလဲ။ ကျွန်တော် ကြွားချင်နေလို့လား။ မဟုတ်ပါဘူး။ ဘယ်လို ပီတိမျိုး ဖြစ်လာလဲ ဆိုတာ ပြောပြချင် လို့ပါ။ ကျွန်တော်လိုချင်တဲ့ သေနတ်ကို ဝယ်လိုက်ရရင် ဖြစ်လာမယ့် ကျွန်တော့် ပျော်ရွှင်မှုဟာ လေးရက် ငါးရက်ထက်တော့ ပိုမကြာတာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီအစား ဒီဘကြီးရဲ့ ခံစားနေရတဲ့ ရောဂါအတွက် အသုံးပြု ပေးလိုက်မယ် ဆိုရင် အဲဒါဟာ အပျော်တင် မကတော့ဘဲ ပီတိ ဖြစ်သွားပါပြီ။ ဝေဒနာ ခံစားနေရတဲ့ သက်ကြီးရွယ်အို တစ်ယောက်၊ ကြည့်ရှု ဂရုစိုက်ပေးမယ့်သူ မရှိတဲ့ သက်ကြီးရွယ်အို တစ်ယောက်၊ သူအလုပ်လုပ် မှ သူထမင်းစားရမယ့် အဘိုးအို တစ်ယောက် ရောဂါဖြစ်လို့ အလုပ် မလုပ်နိုင် ဖြစ်နေတာ ကိုယ့်ကြောင့် ဝေဒနာ ပျောက်ကင်း သွားမယ်ဆိုရင် ကိုယ်ဘယ်လောက်တောင် ပီတိ ဖြစ်နိုင်လဲ ဆိုတာကို စဉ်းစားကြည့်ပါ။ အဲဒီ အဘိုးအို ပျော်ရွှင် ပါလိမ့်မယ်။ ဒါပေမဲ့လည်း အဲဒီ အဘိုးအိုရဲ့ ပျော်ရွှင်မှုဟာ ကျွန်တော့် ဆီကိုတော့ ပီတိ အဖြစ်နဲ့ ကူးစက် လာပါတယ်။ အဲဒီ ပီတိဟာ ဆယ်တန်းအောင်စာရင်း ထွက်တုန်းက အပျော်နဲ့လည်း မနှိုင်းယှဉ်သာ၊ ကိုယ်လိုချင်တာ ရလို့ ပျော်ရွှင်ရတာနဲ့လည်း မတူ၊ အတော်လေးကို ရင်ထဲမှာ နေလို့ ကောင်းပါလိမ့်မယ်။ တွေးမိတိုင်း တွေး မိတိုင်းမှာ ကြည်နူး နေရပါလိမ့်မယ်။
ကျွန်တော်တို့တွေ ကိုယ်လိုချင်တာလေး တစ်ခုတည်း အတွက်နဲ့ ပိုက်ဆံတွေ အများကြီး အကုန် ခံခဲ့ပြီးပါပြီ။ ကားအကောင်းစားကြီးကိုမှ စီးချင်လို့၊ မျက်နှာ အလှပြင်ချင်လို့၊ ရွှေတွေ၊ ငွေတွေ၊ စိန်တွေ ညွှတ်နေအောင် ဝတ်ချင်လို့၊ ကြွားချင် ဝါချင်လို့၊ သူများထက် သာချင်လို့ စတဲ့ အတ္တဆန်တဲ့ အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေ မနည်း မနော ကုန်ခဲ့ပါပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့ သုံးလိုက်တဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံတောင် ဆေးဖိုး မတတ်နိုင်လို့ သေခဲ့ရသူတွေ၊ ကျွန်တော် တို့စားတဲ့ အစားအသောက်ရဲ့ ထက်ဝက်လောက်ကို မစားနိုင်လို့ သေခဲ့ ရသူတွေကို မေ့ထား ခဲ့ကြတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်ထက် မြင့်တဲ့သူတွေကိုသာ ကြည့်ရင်း သူတို့လိုနေချင် သူတို့လို စားချင်နဲ့ အားကျ နေခဲ့ကြပြီ။ ကျွန်တော်တို့ထက် နိမ့်ပါးတဲ့ အခြေအနေတွေမှာ လူတွေ ဘယ်လို ရှင်သန်နေလဲ ဆိုတာကို မေ့ထားခဲ့ မိကြတယ်။ အခုကိစ္စမှာပဲ ကြည့်ရင် ကျွန်တော် ဘယ်လောက် အတ္တဆန်ခဲ့ မိလဲ။ ကျွန်တော်ကုတာ ဆင်းရဲသား ရပ်ကွက်မှာပါ။ ဒါပေမဲ့ သူတို့ ဘဝတွေကို စဉ်းစားတာထက် စာရင် ကိုယ့်အလိုဆန္ဒကိုပဲ ကြည့်ခဲ့မိ တယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် နေ့သစ် တစ်ခု ဖြစ်စေရပါလိမ့် မယ်။ ကျွန်တော့်ရဲ့အဓိပ္ပာယ်မဲ့တဲ့ လိုအင်ဆန္ဒတွေ ထက်စာရင် အကျိုးရှိ တဲ့နေရာမှာပဲ ကျွန်တော့် ပိုက်ဆံတွေကို အသုံးချတော့မယ်။ အဲလိုပဲ သူငယ်ချင်း အားလုံးတို့လည်း စဉ်းစားကြည့်ပါ။ ငါတကယ် မလိုအပ်တဲ့ ပစ္စည်းတွေအတွက် ငါဘယ်လောက်တောင် ပိုက်ဆံ ကုန်ခဲ့ပြီလဲ။ တကယ် လိုအပ်နေတဲ့ သူဆီမှာ အသက်ကယ်နိုင်တဲ့ ပိုက်ဆံတွေ ဘာအတွက် အလကား ဖြစ်နေရပြီလဲ။ ကိုယ့်ဘာသာကို ပြန်စဉ်းစားကြည့် ပါ။ အဲလို သုံးခဲ့ရလို့ ပျော်ခဲ့ရတဲ့ အပျော်ဟာ ဘယ်နှရက်လောက် ခံလဲ ဆိုတာကိုပါ ပြန်တွေး ကြည့်ပါ။
ကိုယ့်အတွက် သိပ်မများတဲ့ ပိုက်ဆံ ပမာဏနဲ့ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲ ပေးနိုင်လိုက်လို့ ရလာတဲ့ ပီတိဟာ ပြန်တွေးတိုင်း ကြည်နူးနေပါလိမ့်မယ်။ တကယ်စမ်းကြည့်ပါ။ မလိုအပ်တဲ့ နေရာ အသုံးတွေကို လျှော့ပြီး ရောဂါကုသဖို့ ပိုက်ဆံ မရှိတဲ့ သူတွေကို ကူညီ ကြည့်ပါ။ သူတို့ ရောဂါပျောက်လို့ ပျော်တဲ့ အပျော်ထက်ကို ကိုယ့်ရင် ထဲက ပီတိက ပိုများတယ် ဆိုတာ တွေ့လာပါလိမ့်မယ်။ ဒီလို ရောဂါဖြစ်နေတဲ့ သူတွေကို ကူညီတာတင် မကပါဘူး။ လမ်းဘေးမှာ တောင်းရမ်းနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်အင်္ဂါ ချို့တဲ့သူတွေကို တွေ့ရင် ကိုယ်ကျ ပျောက်သလောက်ပဲ ရှိမယ့် ပိုက်ဆံ လေးတွေကို တွန့်တို မနေပါနဲ့။ ပေးလိုက်ပါ။ ကိုယ်လိုချင်တာ ဆိုရင် သောင်းဂဏန်းဆိုလည်း မစစ်၊ သိန်းဂဏန်း ဆိုလည်း မစစ်တတ်တဲ့သူ တွေက ခိုကိုးရာမဲ့ နေတဲ့ သူတွေကို ပေးဖို့အတွက်တော့ ပိုက်ဆံအိတ် အောက်ဆုံးက ၅၀ တန်လေးကို နှိုက်ထုတ်နေတာ မဖြစ်သင့် ပါဘူးဗျာ။ အပေးအကမ်း ဆိုတဲ့ နေရာမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်အင်္ဂါ ချို့တဲ့ သူတွေကိုသာ ပေးကမ်း သင့်ပါတယ်။ ကလေးတွေ၊ လုပ်နိုင်ကိုင်နိုင် ရက်နဲ့ ဟန်ဆောင်နေတဲ့ သူတွေကိုတော့ အားမနာပါနဲ့ ခေါင်းသာခါ ပြလိုက်ပါ။ အလုပ်လုပ်နေတဲ့ ကလေးတွေ၊ မသန်ပေမယ့်လည်း စွမ်းပြ နေတဲ့ ကိုယ်အင်္ဂါ ချို့တဲ့သူတွေ၊ ဈေးရောင်းနေတဲ့ သက်ကြီးရွယ်အိုတွေ ကိုဆိုရင် ဈေးမဆစ်နဲ့ အားပေးလိုက်ပါ။
အလုပ်မလုပ်ဘဲ တောင်းစား နေတာထက် စာရင် ကိုယ့်လုပ်အားနဲ့ လုပ်ကိုင် နေသူတွေကို ကူညီပေး လိုက်ပါ။ ကိုယ့်အတွက် ဘာမှမထူးတဲ့ ပမာဏ ဖြစ်ပေမယ့် သူတို့တွေ အတွက်တော့ ထူးသွား နိုင်တယ်လေ။ ဒီစာလေးကို ကျွန်တော့် ခံစားချက်နဲ့ ထပ်တူ ရေးမိပါတယ်။ ဒီစာလေးကို ဖတ်ပြီး ကျွန်တော်နဲ့ ခံစားချက် ကိုက်ညီခဲ့တဲ့သူတွေ ပရဟိတအတွက် စိတ်ဓာတ်လေး ဖြစ်ခဲ့မယ် ဆိုရင် ဒီစာ ရေးရ ကျိုးနပ် ပါလိမ့်မယ်။ အားလုံးပဲ ကိုယ့်အတွက်တင် မကဘဲ အားနည်းတဲ့ သူတွေ အတွက်လည်း ကြည့်တတ် နိုင်ကြပါစေ ဆုတောင်းပါတယ်။
From-TheVoiceWeekly

No comments:

Post a Comment