Monday, September 17, 2012

မြန်မာ့ပါတီစုံစနစ် ဘာလဲဘယ်လဲ


အောင်သာ(ပီသုံးလုံး)
(စက်တင်ဘာ ၁၁ရက်နေ့ထုတ် True News ဂျာနယ် အတွဲ၎၊ အမှတ် ၄၉ မှ ထုတ်ယူဖော်ပြချက်။)
မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဒီကနေ့ဆိုရင် ၆၄နှစ်ရှိခဲ့ပါပြီ။ ဒီ ၆၄နှစ်တာ ကာလတစ်ခုလုံးမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ “ပြည်တွင်းစစ်” ကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီပြည်တွင်းစစ်ဟာ (တစ်) မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရုပ်ဝတ္ထုကြွယ်ဝမှုမှန်သမျှကို တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ (နှစ်) မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ spiritual wealth စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုမှန်သမျှကိုလည်း တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ဗြဟ္မစိုရ်တရားများ၊
ဝံသာနုရက္ခိတတရားမျာ၊  သုစရိုက်တရားများကို တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ (သုံး) မြန်မာ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ နယ်ချဲ့စနစ် ဆန့်ကျင်ရေး တိုက်ပွဲဖြစ်စဉ်များအတွင်း မြန်မာတို့ မွေးမြူတည်ဆောက်ခဲ့တဲ့ “အမျိုးသား သွေးစည်းညီညွတ်မှုတံတိုင်းဟာ ဥဿုံ ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ (လေး) ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တဲ့ မြန်မာ့စီးပွားရေးဘဝဟာ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်တဲ့ဘဝကို ရင်ဆိုင်ကြရပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝအတွင်း သက်ဆင်းကျရောက်ခဲ့ပါတယ်။ (ငါး) ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေက အုတ်မြစ်ချပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ ရိုက်ချိုးခံရပြီ မြန်မာ့လူ့အဖွဲ့အစည်းဟာ ၁၉၆၂ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ နှစ်ပေါင်း၅၀ရာစု နှစ်တစ်ဝက် Authoritarianism အာဏာရှင်စနစ် အုပ်ချုပ်မှု အောက်မှာ၊ မွန်းမွန်းကျပ်ကျပ် ဖြတ်သန်းခဲ့ကြရတာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ပါတီစုံစနစ်ကို အာမခံချက်ပေးထားတဲ့ ၁၉၄၇ခုနှစ် အခြေခံဖွဲ့စည်းပုံ စည်း မျဉ်းဥပဒေနဲ့ အစားထိုးခဲ့တာ၊ ၁၉၈၈ခုနှစ် ဇူလိုင် ၂၃အထိ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈၊ ၁၉၈၈(နဝတ) စစ်အစိုးရလက်ထက်ကနေ ၁၉၉၂ခုနှစ်၊ ဧပြီ ၂၄ရက်အထိ (နဝတ) စစ်အစိုးရ။ ၂၄ရက် ဧပြီ၊ ၁၉၉၂ ကနေ ၂၀၁၀ အထိ (နအဖအစိုးရ)၊ ၂၀၁၀ မေကနေ ဒီကနေ့အထိ ပြည်ခိုင်ဖြိုးအစိုးရ၊ ၁၈.၉.၁၉၈၈ ကနေ ဒီကနေ့အထိ ညောင်နှစ်ပင် အမျိုးသားညီလာခံက ပြဋ္ဌာန်းပေးလိုက်တဲ့ ဒီကနေ့ သြဂုတ်လအထိ ၂၀၁၀မေလ (တတိယအကြိမ်) ဖွဲ့စည်းပုံအခြေခံဥပဒေအထိ ကာလဟာ “တစ်ပါတီစနစ် အုပ်စိုးမှုကို လုံခြုံမှု ပေးထားတဲ့စနစ်နဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်အကြား အားပြိုင်တဲ့ကာလလို့ မှတ်ယူကြရပါတော့မယ်။
၁၉၆၂ခု မတ်လကနေ ဒီကနေ့အထိကာလဟာ အခြေခံအားဖြင့် တစ်ပါတီစနစ် အုပ်စိုးတဲ့ကာလလို့ မှတ်ယူကြရပါလိမ့်မယ်။ ဘာကြောင့်ဒီလိုဖြစ် နေကြရတာပါလဲ။
(၁) ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ စနစ်တစ်ခုက စနစ်တစ်ခုကို အပြန်အလှန် အာမခံချက်ပေးထားကြလို့ပါပဲ။ ပြည်တွင်းစစ်ချုပ်ငြိမ်း ရေးဟာ အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါပဲ။ ဒါကြောင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ နှာခေါင်းကို နောက်ကကိုင်ရသလို လွယ်ရက် နဲ့ ခက်နေတာဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးပါပဲ။ စီးပွားရေးအရ စစ်ဗျူရိုကရက် အရင်းရှင်စနစ် ချုပ်ငြိမ်းရေးပါပဲ။ မြန်မာ့ကာကွယ်ရေးအသုံးစရိတ်ဟာ ထိန်းချုပ်ထားတဲ့ ကိန်းဂဏန်းတွေအရတောင် ၄၃%ရှိတယ်လို့ နိုင်ငံတကာမီဒီယာ တွေက တွက်ချက်ပြကြပါတယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးပြဿနာ လွတ်လပ်ရေးတစ်ခတ်လုံး ဖြေရှင်းမရတာဟာ လုပ်နည်းကိုင်နည်းကြောင့် မဟုတ်ပါ ဘူး။ ထုထည်ကြီးလှတဲ့ ဒီစစ်စရိတ်တွေထဲမှာ ကိုယ်ကျိုးစီးပွားများ ပါဝင်ကြတာကြောင့်ပါပဲ။
(၂) မြန်မာ့နိုင်ငံရေးဘဝအတွင်းမှာ ပါတီစုံဒီမိုကရေစီစနစ် မကြံ့ခိုင်တာဟာ ပြည်တွင်းစစ်ကြောင့် သြဇာကြီးနေတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို တွန်းတင်ပေးနေသလို ဖြစ်ခဲ့ရပါတယ်။
၁၉၅၈ ခုနှစ်အတွင်း အာဏာရ ဖဆပလအဖွဲ့ချုပ်ထဲမှာ တည်မြဲ/သန့်ရှင်း ဂိုဏ်းကွဲမှုဖြစ်ရတာ သန့်ရှင်းဖဆပလအတွင်း ဦး/ဗိုလ်/သခင် ကွဲကြတာ ဝန်ကြီးချုပ်သခင်နုက သူ့ရွှေပြည်အေးအတွေးအခေါ် လူပေါ်လူဇော်လုပ်နည်းတွေနဲ့ သူ့ပုဂ္ဂိုလ်အခန်းကဏ္ဍ (personal role)နဲ့ ပြဿနာနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ အကောက်အယူမှားတာတွေဟာ မှန်းချက်နဲ့ နှမ်းတွက်မကိုက် ဖြစ်စေခဲ့ပါတယ်။ တပ်မတော်အတွင်းက ကွန်မြူနစ်ဆန့်ကျင် ရေးတပ်မှူးကြီးတွေနဲ့ တည်မြဲဖဆပလခေါင်းဆောင်တွေ (အထူးသဖြင့် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့ရဲ့ အဖက်အစပ်ကို) ဝန်ကြီးချုပ်သခင်နု နက် နက်နဲနဲ မသိမြင်တာဟာ ဖဆပလ အရပ်ဖက်ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့အားနည်းချက် ဖြစ်ပါတယ်။
(၃) အာဏာရဖဆပလ အဖွဲ့ချုပ်နဲ့ အစိုးရအတွင်း တည်မြဲ၊ သန့်ရှင်း၊ တပ်မတော်အတွင်း ဂိုဏ်းကွဲမှုတွေ ဖြစ်နေခဲ့ရုံသာမက ဥပဒေအတွင်းက လက်ဝဲတပ်ပေါင်းစုကြီးဖြစ်တဲ့ ဗမာပြည်အလုပ်သမားပါတီ(ဝိဓူရ)နဲ့ တခြားလက်ဝဲဒီမိုကရေစီ အင်အားစုတွေအတွင်း( တရုတ်) ဆိုဗီယက်ဂိုဏ်းကွဲမှုတွေရဲ့ အဆက်နဲ့ အကျိုးဆက်တွေ ရိုက်ခတ်တာခံခဲ့ကြပါတယ်။ ၁၉၆၂ခုနှစ် မတ်လအာဏာသိမ်းမှုမှာ ကကချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက မဆလလမ်းစဉ်၊ မဆလ ပါတီ၊ အညမညအတွေးအခေါ်၊ တော်လှန်ရေးကောင်စီစတဲ့ အဆင်အပြင်အသစ်တွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဥပဒေအတွင်း ဆိုရှယ်နီအစုဖြစ်တဲ့ မလညပ တွေက ဝိဓူရသခင်ချစ်မောင်၊ ဦးဘငြိမ်၊ ဦးသိန်းဖေမြင့်၊ ပြည့်သူ့ရဲဘော်တပ်ဖွဲ့/ ပါတီခေါင်းဆောင်တွေက မဆလလမ်းစဉ်ကို ဘုံလုပ်ငန်းစဉ်အဖြစ် လက်ခံ ပြီး ၆၂မတ်လ အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ ဗကပလက်နက်ချသစ္စာဖောက်တွေဖြစ်တဲ့ သခင်တင်မြ၊ မောင်စူးစမ်းစသူတွေကလည်း ၆၂ စစ် အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ ရာထူးဝင်ယူခဲ့ကြပါတယ်။ ဆိုဗီယက်ကွန်မြူနစ်ပါတီကလည်း မဆလလမ်းစဉ်ကို Non-Capitalist Way လို့ သတ်မှတ်ပြီး ၆၂မတ်လ အာဏာသိမ်းမှုကို ထောက်ခံခဲ့ပြန်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဆိုရှယ်လစ်စနစ်မဟုတ်ဘူးလို့ တရုတ်ပြည်ကလည်း ထွက် ပြောခဲ့ပါတယ်။
ဒီစဉ်က ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဂိုဏ်ကြီးမှာလည်း တရုတ်-ဆိုဗီယက်ဂိုဏ်းကွဲမှုကြီး ဖြစ်နေခဲ့ပါတယ်။
ဒီစဉ်က ဥပဒေအတွင်း၊ နိုင်ငံရေးဘဝအတွင်း အာဏာလက်ရှိတွေ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးလှိုင်း တွေနဲ့ ဆက်နွယ်သမျှကို ခန့်မှန်းနိုင်ကြဖို့ အကျဉ်းမိတ်ဆက်ပေးခြင်းမျှသာ ဖြစ်ပါတယ်။ အဲ့ဒီကာလက တော်လှန်ရေးအင်အားစုတွေအတွင်းမှာလည်း ထုံးစံအတိုင်းပါပဲ။ လိုင်းကွဲတွေဖြစ်နေခဲ့တာပါပဲ။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအတွင်းမှာ အမျိုးသားတန်းတူရေးကြွေးကြော်သံနဲ့ လက်နက် ကိုင် တိုက်ပွဲဝင်နေကြတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေ ရှိပါတယ်။ အဲ့ဒီအထဲမှာ ကရင်၊ မွန်၊ ကယား၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ကချင်စတဲ့ လူမျိုး နွယ်စုအများကြီးဟာ ၁၉၄၈/၄၉ခုနှစ်လောက်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ စတင်ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်မမှာ ဗကပ၊ ဗကပ/အလံနီ၊ ပြည်သူ့ရဲဘော်ပါတီတို့ ရှိကြပါတယ်။ ၁၉၅၉ခုနှစ် မေလထဲလောက်မှာ မဒညတ(အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစုကြီး) ဖွဲ့စည်းထားခဲ့ကြပါ တယ်။
၁၉၅၈/၅၉ခုနှစ်မှာ သခင်နုရဲ့သန့်ရှင်းဖဆပလ အစိုးရလက်ထက်မှာ “နှစ်ချက်နဲ့ အလင်းဝင်ရေးပေါ်လစီ”ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပေါ်လစီက လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေအတွင်းဝင်၊ ဥပဒေအတွင်းမှာ တရားဝင် ရပ်တည်ခွင့်ပေးမယ်ဆိုတဲ့ ပေါ်လစီဖြစ်ပါတယ်။ ပြည့်သူ့ရဲဘော်ပါတီ (ဗိုလ်အုန်း တင်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်မှူးဖိုးကွန်း) မွန်ပြည်သစ်ပါတီ၊ မသုံးလုံးဒေသ/ဗကပတွေ၊ KNU တချို့ဥပဒေအတွင်း ဝင်လာကြပါတယ်။ အဲ့ဒီနှစ်ချက်နဲ့ အလင်းဝင်ရေးပေါ်လစီရဲ့ ဖိအားနဲ့ မှိုင်းတိုက်မှုအောက်မှာ ဗကပအင်အား တစ်သောင်းနီးပါး လက်နက်ချခဲ့ကြတယ်လို့ ဗကပဌာနချုပ်က သတင်းထုတ် ပြန်ခဲ့ပါတယ်။ သန့်ရှင်းဖဆပလအစိုးရ တစ်ဖက်ကနှစ်ချက်နဲ့ အလင်းဝင်ဖို့ ကမ်းလှမ်း၊ တစ်ဖက်က အောင်မာဃလို၊ အောင်တေဇလို ထိုးစစ်ကြီးတွေနဲ့ ဖိအားပေးတဲ့ပေါ်လစီမျိုး အစိုးရ ကျင့်သုံးခဲ့ပါတယ်။ တစ်ချို့ လက်နက်ချတာတွေရှိပေမယ့် လက်နက်ချအညံ့ခံခိုင်းတဲ့ ပေါ်လစီဟာ ပြည်တွင်းစစ်ပြဿနာ ကို အခြေခံအားဖြင့် ဖြေရှင်းလို့မရဘူးဆိုတာ ဒီကနေ့ ပြည်တွင်းစစ်ပြဿနာ တည်ရှိနေတာက ညွှန်ပြနေပါတယ်။ ပြည်တွင်းစစ်ပြဿနာရဲ့ သော့ချက်က နိုင်ငံရေးပြဿနာပါ။ အမျိုးသားတန်းတူရေးပြဿနာနဲ့ ဒီမိုကရေစီပြဿနာပါ။ ဒီအညှာကိုမကိုင်ရင် ဒီပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်ပါ။
၁၉၅၈ခုနှစ်က ပြည်တွင်းစစ်ပြဿနာကို သူမနာ ကိုယ်မနာဝါဒ အခြေခံပေါ်ကနေ ဖြေရှင်းဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လမ်းညွှန်ခဲ့ပါ တယ်။ ဒီကနေ့အထိ ပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်ရင် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂါတ်ဟာ မေးခွန်းထုတ်စရာဖြစ်နေမှာ သေချာပါတယ်။ ၁၉၆၃ခုနှစ်ထဲမှာ မဆလစစ်အစိုးရနဲ့ တော်လှန်ရေးဆင်နွှဲနေကြတဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၃ခုနှစ် နိုဝင်ဘာ ၁၀ရက်မှာ တွေ့ဆုံဆွေးနွေးပဲကို တစ်ဖက်သက် ဖျက်သိမ်းခဲ့ပါတယ်။ ၁၉၆၃ခုနှစ် နိုဝင်ဘာ ၁၀ရက်မှာ ကျင်းပခဲ့တဲ့ ၆ခရိုင် ငြိမ်းချမ်း ရေးဆန္ဒပြပွဲကြီးမှာ ပြည်သူသုံးသိန်းကျော် တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနေ့မှာပဲ ဆွေးနွေးပွဲက ပျက်သွားခဲ့ရပါတယ်။ လူထုကြီးဟာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ ဆရာမသေခင် ငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဆန္ဒဟာ ပြည့်မသွားခဲ့ရှာပါ ဘူး။ ၁၉၆၄ခုနှစ် ဇူလိုင်လ၂၃ရက်နေ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။
(နဝတနဲ့ နအဖ) အစိုးရတွေလက်ထက်မှာလည်း ၁၉၉၂ခုနှစ်ကစပြီး ဒီကနေ့လိုပါပဲ။ အဖွဲ့၁၇ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးရခဲ့ပြီလို့ ကျယ်ကျယ် လောင်လောင် ဝါဒဖြန့်ချီခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအမျိုးသားတွေရဲ့ အမျိုးသားတန်းတူရေးပြဿနာကို ဖြေရှင်းမပေးဘဲ ဖွံ့ဖြိုးရေးအကြောင်းပြ ချက်နဲ့ စီးပွားရေးလုပ်ကြဖို့ မှိုင်းတိုက်ခဲ့ပါတယ်။ တိုင်းရင်းသားအမျိုးသားတွေအကြား နိုင်ငံရေးရည်မှန်းချက်တွေ မှေးမှိန်လာခဲ့ပြီး စီးပွားရေးဝါဒတွေ နောက် လိုက်လာခဲ့ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ရေး ပေါ်လစီနဲ့ ထိုးနှက်လာခဲ့တဲ့အခါ တိုင်းရင်းသားတွေအတွင်း နိုင်ငံရေးစည်းရုံးရေးအရ ဂိုဏ်းကွဲပြီး အမျိုးသားတန်းတူလမ်းကြောင်းကြီး မှေးမှိန်သွားခဲ့ရပါတယ်။ အထူးသဖြင့် လူမျိုးငယ်အစုတွေ တစစီဖြစ်သွားခဲ့ရပြီး နိုင်ငံရေး ပျောက်သွားခဲ့ရပါတယ်။  အ ခုလည်း အပစ်အခတ်ရပ်စဲရေးရတာ ၁၀ဖွဲ့ရှိပြီလို့ ဆိုလာကြပြန်ပါပြီ။ ပြဿနာတွေကို ညောင်နှစ်ပင်ညီလာခံမှာ ရှင်းကြလို့ ပြောခဲ့ဖူးပါတယ်။ ညောင်နှစ်ပင် ညီလာခံက ဘာမှရှင်းမပေးခဲ့ပါဘူး။ တိုင်းရင်းသားတွေရဲ့ အရင်းခံဆန္ဒဖြစ်တဲ့ အမျိုးသားတန်းတူရေးပြဿနာအကြောင်း ပါးစပ်ဟခွင့်ပင် မရခဲ့ပါ။ အခု ပြဿနာတွေကို လွှတ်တော်ထဲမှာ ရှင်းကြပါလို့ ပြောလာခဲ့ပြန်ပါပြီ။ ဒီချုပ်ဥက္ကဋ္ဌကိုလည်း လွှတ်တော်ထဲမှာ engage လုပ်ထားပြီးပြီ။ ဒီလွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီချုပ်ဥက္ကဋ္ဌက ဘယ်လိုများလုပ်မှာလဲဆိုတာ နိုးကြားသူတွေအကြားမှာ အမေးရှိပါတယ်။ ၆၄နှစ်တိုင်တိုင် ဘာဖြေရှင်းခွင့်မှ မရတဲ့ တိုင်းရင်းသား အမျိုးသားတန်းတူရေးပြဿနာကို ဒီလွှတ်တော်ကြီးက ဘယ်လိုတွေဖြေရှင်းပေးမှာလဲလို့ နိုးကြားတဲ့ ဒီမိုကရေစီအင်အားစုတွေက စိတ်ဝင်စားကြပါတယ်။ ဒီချုပ်ဥက္ကဋ္ဌဦးစီးတဲ့ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအဖွဲ့ကရော ဘယ်လိုဥပဒေအခွင့်အာဏာမှ ပေးမထာ ဘဲနဲ့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ဘယ်ပုံဘယ်နည်းများ စီမံခန့်ခွဲကြမှာပါလဲ။ ဒီလွှတ်တော်ကြီးထဲမှာ စင်စစ် အားလုံးပူးပေါင်းဆောင်ရွက် နိုင်တဲ့ ဘယ်လို Common Programme မျိုးမှ အခုထိတော့ မရှိပါဘူး။ အလားတူပါပဲ။ လွှတ်တော်ပြင်ပမှာလဲ ဘယ်လို Common Programme မျိုးမှ မရှိပါဘူး။ အားလုံးက ရုံးလုပ်ငန်းနဲ့ ပေါ်ပင်အလုပ်တွေ အထူးသဖြင့် ရေဘေး၊ စစ်ဘေး၊ ပဋိပက္ခဘေးစတဲ့ Propular Issaue တွေကိုပဲ နိုင်ငံရေးပါတီ တစ်ရပ်နဲ့ Day to Day လုပ်ငန်း လုပ်နေကြရတာပါ။ ဒီမိုကရေစီပါတီတွေဆိုတာဟာ NGOအဖွဲ့မျိုးတော့ မဖြစ်စကောင်းပါဘူး။ ငြိမ်းချမ်းပွင့်လင်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ရေးဆိုတာဟာလည်း General Call ပါ။ တစ်သက်လုံးလုပ်ကြရမယ့် အလုပ်မျိုးပါ။ ကမ္မဠာနံဆရာတော်၊ သံဃာတော်တွေ နေ့စဉ်နဲ့အမျှ ဟောကြားပေးနေတဲ့ ကမ္မဠာန်းတရားတော်မျိုးကပါပဲ။ အလုပ်သမားတွေကိစ္စ၊ လယ်သမားတွေ၊ မြေယာလက်ငုတ် ဆုံးရှုံးရတဲ့ကိစ္စတွေကလည်း၊ စင်စစ် academic ဖြစ်တဲ့ပြဿနာမျိုးပါ။ လယ်သမားတွေ နေမြေ၊ လုပ်မြေ ဆုံးရှုံနေရတဲ့ပြဿနာဟာ မြန်မာ့လယ်ယာမြေ ပြဿနာတစ်စုံလုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးပါ။ ဆန်ဆိုသည်မှာ စပါးမှဖြစ်သည်ဆိုတဲ့ ဗဟုသုတမျိုးနဲ့တော့ မဖြစ်ပါ။
နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ထဲမှာ ဘာလုပ်ကြမှာပါလဲ။ လွှတ်တော်ပြင်ပမှာရော ဘာလုပ်ကြမှာပါလဲ။ Popular Question က ဘာပါလဲ၊ Basic Question ကဘာပါလဲ၊ Particular Question ကဘာလဲ၊ General Question က ဘာပါလဲ။

No comments:

Post a Comment