"ဒီးကူ" တဲ့ တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင်တော့ "ဒီး"ဆိုတာက ထမင်း "ကူ"ဆိုတာကတော့ ထုပ်တာပေါ့။ ဒါပေမယ့် ဒီးကူရဲ့ အထိမ်းအမှတ်ကတော့ နှိုင်းရက်စရာ ဘာမှမရှိသလို ကရင်နီလူမျိုးတွေ သူ့ကျွန်ဘ၀ကနေ လွှတ်မြောက်တဲ့ အနေနဲ့ ဒီးကူပွဲတော်ဆိုပြီး ကရင်နီအမျိုးသားတွေက ပြုလုပ်လာကြတာ ရှေ့ယခင်ကတည်းကပါပဲ။
အခုအခါ ငွေတောင်ပြည်လို့
တင်စားခေါ်ဝေါ်ကြတဲ့ ကရင်နီ (ကယားပြည်နယ်) ကို ရှေးယခင် ဘီစီ(၇၃၉) တုန်းက
ယွန်းလူမျိုးများက ကရင်နီသူရဲကောင်း သျှားတူဖဲကို နည်းအမျိုးမျိုးနဲ့
လုပ်ကြံသတ်ဖြတ်ပြီး ငွေတောင်ပြည်ကို သိမ်းပိုက်ခဲ့ပါတယ်။ သျှားတူဖဲ
ကျဆုံးသွားပြီးတဲ့နောက် ကရင်နီမျိုးနွယ်စုတို့ဟာ ယွန်းလူမျိုးတို့ရဲ့
လက်အောက်မှာ ကျွန်အဖြစ် ဖိနိပ်ခံကြရပါတော့တယ်။ ယွန်းလက်အောက်ကနေ
လွတ်မြောက်ဖို့ ကရင်နီမျိုးနွယ်စုတွေဟာ နှစ်ပေါင်း ၁၀၀ တိုင် နည်းလမ်းများ
အမြဲရှာကြံခဲ့ကြရပါတယ်။
ကရင်နီတွေက ပြန်လည်တော်လှန်ရာတွင်
ရိက္ခာပြဿနာကြောင့် စစ်ညောင်းပြီး မအောင်မြင်ဖြစ်ကြရပါတယ်။ ယွန်းတွေက
ကောက်ညှင်းကို ခေါပုပ်သဖွယ်ပြုပြီးတော့ ခမောက်အောက်မှာ ဆောင်းထားကြရာ
ရိက္ခာပြဿနာ မပေါ်ပေ။ အဲဒီအချက်ကိုယူပြီး ကရင်နီတို့လည်း ဒီးကူခေါ်
ကိုင်းပင်တစ်မျိုးနဲ့ ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်
ပြုလုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံသလို မွှေးပျံ့တဲ့ ကိုင်ပင်အနံ့လဲ
ရပါတယ်။
စစ်တိုက်ရာ
အမျိုးသမီးတွေက အနောက်ကနေ ဒီးကူထုပ်ပေးကြပြီး အမျိုးသားတွေက
ယွန်းလူမျိုးတွေကို တိုက်ထုတ်ရင်း အနိုင်ရရှိသွားပါတယ်။ အဲဒီအချိန်ကစပြီး
ဒီးကူပွဲတော်ဟာ အသက်ဝင်လာပြီး သူ့ကျွန်ဘ၀က လွတ်မြောက်သွားပါတယ်။ နှစ်စဉ်
စက်တင်ဘာလကို ရောက်ပြီဆိုရင် ကြက်ရိုးထိုးကြပြီး ဒီးကူပွဲတော်ကို
အထိမ်းအမှတ်ပွဲတခုအနေနဲ့ ပြုလုပ်ကြလေ့ ရှိပါတယ်။
ယွန်းလူမျိုးတွေကို နေ့ရော ညပါ
အဆက်မပြတ် တိုက်ထုတ်တဲ့နေရာမှာ အဓိက ဦးဆောင်ခဲ့ကြတဲ့ ကယား၊ ကယန်းနဲ့ ကယော
တို့ကိုရည်စူးပြီး သုံးထောင့် ပုံသဏ္ဍာန် ကောက်ညှင်းထုပ်ကို သုံးခုလျှင်
တစည်းတည်းဖြစ်အောင် ချည်နှောင်ထားပါတယ်။
ဒီးကူပွဲမှာဆိုရင် ရိုးရာဒီးကူအက၊
ခေါင်ရည်နဲ့ ဒီးကူထုပ်တွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်ကို ကျွေးမွေးဧည့်ခံ
ကြပါတယ်။ ဒါကတော့ ရှေ့ယခင်က လုပ်ထုံးလုပ်နည်းလေးပါ။ ဒါပေမယ့် အခုခေတ်ကာလ
မှာတော့ စားပွဲသောက်ပွဲ တခုလို့မြင်ကြပြီး ဒီးကူပွဲရဲ့ အနှစ်သာရကို
မသိတော့ပဲ စားသောက်တာတွေ လွန်ကျူးသွားတာကို မြင်တွေ့နေရပါတယ်။
သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့စားသောက်မယ်
ဆိုတဲ့အစီအစဉ်တွေကိုပဲ အဓိကထားကြပြီး ဒီးကူထုပ်ပုံထုပ်နည်း၊
ဒီးကူဖြစ်ပေါ်လာပုံကတော့ အတွေးထဲမှာတောင် ရှိမလားဆိုတာ ပြောမပြတတ်အောင်ပဲ
ဖြစ်နေကြမယ်လို့ မြင်ပါတယ်။
မိမိလူမျိုးရဲ့ နေ့ထူးနေ့မြတ်ကို
မိမိကရင်နီတွေတောင်မှ သေချာရှင်းလင်းအောင် နားမလည်ကြရင် လာရောက်လည်ပတ်တဲ့
ဧည့်သည်တော်တွေကို ဘယ်မှာသွားပြီး ရှင်းပြနိုင်မလဲ။ ကိုယ့်လူမျိုးရဲ့
အကြောင်းက ဘယ်မှာသွားပြီး အနာဂတ်မှာ ထင်ရှားကျန်ရစ်မလဲဆိုတာ
မခန့်မှန်းနိုင်သလို ရင်လေးစရာကတော့ သက်ပြင်းချယုံဖြစ်မလား။
အဓိကပြောချင်တာကတော့ သူ့ကျွန်ဘ၀ကနေ လွတ်မြောက်အောင် ဖော်ဆောင်ပေးတဲ့ ဒီးကူပွဲတော်ကို ပျောက်ကွယ်မသွားအောင် သားစဉ်မြေးဆက် လက်ဆင့်မ်းနိုင်ဖို့ အခုလက်ရှိ ကရင်နီအမျိုးသားတွေအနေနဲ့ စဉ်ဆက်မပြတ် စူးစမ်းလေ့လာနေဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုပါတယ်။
From-ကန္တာရ၀တီတိုင်း
No comments:
Post a Comment