Saturday, September 22, 2012

ငါးမန်းများ တိုက်ခိုက်မှုအား တံငါသည်နှစ်ဦး ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့

အင်္ဂလန် ရေလက်ကြားအတွင်း ရောက်ရှိခဲ့သည့် တံငါသည်နှစ်ဦးသည် ကြောက်မက်ဖွယ်ရာ ငါးမန်းများ၏ ဆာလောင်မွတ်သိပ်စွာ တိုက်ခိုက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ဂရေမီပူလန်နှင့် ဝိန်းကွမ်ဘန်းတို့သည် ၎င်းတို့ စီးနင်းလာသည့် အရှည်(၁၇)ပေရှိသော လှေကို ငါးမန်းများက တိုက်ခိုက်မှုကို မှတ်တမ်းဗီဒီယို ရိုက်ယူနိုင်ခဲ့ကြသည်။ ကွန်းဝဲလ်ဒေသအနီး ဖဲလ်မော့သ် ကမ်းလွန်တွင် ပူလန်တို့ လှေသည် Blue Sharkအမျိုးအစား ငါးမန်းအုပ် တစ်အုပ်၏ အလယ်သို့ ရောက်ရှိသွားခဲ့သည်။


ယင်းငါးမန်းအုပ်အနက် (၂)ကောင်သည် လှေပေါ်တွင် ချိတ်ဆွဲထားသည့် ငါးများပါသော ပိုက်ကွန်ကို လှမ်းဟပ်ခဲ့ကြသည်။ ကြောက်လန့်နေသော်လည်း အသက်(၆၀)အရွယ် ပူလန်သည် (၃)မိနစ်မျှ ကြာမြင့်သည့် အဆိုပါ ဖြစ်စဉ်ကို ဗီဒီယို ရိုက်ကူး မှတ်တမ်းတင်နိုင်ခဲ့သည်။ ၎င်းက ငါးမန်းအုပ်ထဲရှိ (၃)ကောင်မျှသည် သွေးရူးသွေးတန်း အခြေအနေမျိုး ဖြစ်နေကြောင်း ပြောဆိုခဲ့ပြီး မိမိတို့သည် အန္တရာယ် ရှိနိုင်သော အခြေအနေကြောင့် လှေငယ်လေးကို ကမ်းဘက်သို့ ပြန်လည် ခုတ်မောင်းခဲ့ကြောင်း ရှင်းပြခဲ့သည်။



အဏ္ဏဝါဗေဒ ကျွမ်းကျင်သူများက ငါးမန်းများ ကမ်းခြေနှင့် နီးကပ်စွာ ကျက်စားလာခြင်းသည် ငါးဖမ်းဧရိယာ ကျယ်ပြန့်လာမှုနှင့်အတူ ၎င်းတို့၏ အစားအစာဖြစ်သော ငါးသယံဇာတ ရှားပါးလာခြင်းကြောင့် အမဲလိုက်နယ်မြေ ချဲ့ထွင်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ Blue Sharkမျိုးနွယ် ငါးမန်းများသည် လူကို တိုက်ခိုက် ရန်ပြုလေ့ ရှိတတ်သည့်အတွက် ၎င်းတို့ ကမ်းခြေအနီးထိ ရောက်ရှိလာမည်ကို ပညာရှင်များက စိုးရိမ်နေသည်။



ပူလန်သည် ကမ်းခြေနှင့် (၁၅)မိုင် အကွာတွင် Mako Shark အမျိုးအစား ငါးမန်းများကို ဖမ်းဆီးပြီး လမ်းညွှန်အချက်ပြစနစ် တပ်ဆင်ပေးကာ ပြန်လွှတ်ရန် ရောက်ရှိနေစဉ် ယခုတိုက်ခိုက်မှုနှင့် ကြုံရခြင်း ဖြစ်သည်။ "ကျွန်တော်တို့က Mako Sharkတွေကို ဆွဲဆောင်ဖို့အတွက် ငါးပျော့ဖတ်တွေနဲ့ ကြက်သွန်နီတွေကို ရောပြီး လှေဘေးမှာ ချိတ်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ Blue Sharkတွေ ရောက်လာပြီး လှေကို ပတ်နေကြတော့တာပဲ။ ပုံမှန်ဆိုရင်တော့ သူတို့ဟာ အစာကို ရေထဲကျလာမလားဆိုပြီး စောင့်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရမ်း အလောတကြီးနဲ့ ဒေါသထွက်နေသလိုပဲ"ဟု ပူလန်က ပြောကြားသွားခဲ့သည်။ Blue Sharkမျိုးနွယ် ငါးမန်းများကို ကမ္ဘာတစ်ဝှမ်းရှိ သမုဒ္ဒရာများတွင် တွေ့ရှိနိုင်ပြီး ၎င်းတို့သည် (၁၃)ပေထိ ရှည်လျား ကြီးထွားနိုင်သည်။ (၂၀၀၉)ခုနှစ်အတွင်း ကမ္ဘာတလွှားတွင် Blue Shark တိုက်ခိုက်မှု (၁၃)ကြိမ် ဖြစ်ပွားပြီး လူ(၄)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Source: TheSun

From -Planet.com.mm

No comments:

Post a Comment