Sunday, September 23, 2012

လုံးရာက ပြားရရှာတဲ့ ငါးတို့ရဲ့ဇာတ်

"ငါးတွေသေရတဲ့ အဓိက တွေ့ရှိချက်နှစ်ခုရှိသတဲ့။ ပြင်ပထိခိုက်ရခြင်းနဲ့ တခြားအခြေအနေကတော့ မဇာတ်ဝင်ခြင်းခေါ်တဲ့ လိင်အတွင်းကိစ္စပါပဲ တဲ့"

               ''ခုတော့ ဣတ္တိယမို့၊ ပုရိသာ တစ်ခါပျောက်ပါပေါ့၊ ကံဇာတာမှောက်သူ၊ ဘယ်မကူလို့၊ အငယ်ဟို လူနောက်ကြင်ခဲ့တဲ့တမေ့ကိုလ၊ တကယ်ချိုမြှူတစ်ယောက်ခင်နဲ့ တွေ့ရင်၊ ဓလေ့ကို မာဂဓာနှောရပါလိမ့်၊ ရှောလို့ကုန်ပါပကွယ့်၊ မယ်ဘဒ္ဒရဲ့၊ ခရမ်းဆင်စွယ်အရှည်တစ်တွဲ။''

              ယောက်ျားမင်းသမီး အောင်ဗလနဲ့ မင်းသမီး မငွေရီကတဲ့ မောင်မစ္စကဇာတ်၊ ဇာတ်ဝင်ငိုချင်း(လူထု ဒေါ်အမာရေး အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးစာအုပ်မှ)

              မောင်မစ္စကဇာတ်က လူငယ်တွေနဲ့ ဝေးသွားပါပြီ။ ကသူလဲ မရှိတော့ဘူးထင်ပါရဲ့။ မှေးမှိန်ဖျော့တော့လာတဲ့ မြန်မာ့ ဇာတ်သဘင်မှာ နောက်ပိုင်း ဇာတ်ကြီးကပြတဲ့ အလေ့အထက ပါးပါးလျလျလေးသာရှိတော့တာ။ မောင်မစ္စကဆိုတာ ရဟန္တာ တစ်ပါးကို စိတ်နဲ့ပြစ်မှားမိလို့ ယောက်ျားစင်စစ်က တစ်မုဟုတ်ချင်း မိန်းမဖြစ်ရတယ်ဆိုတာလောက်သာ လူငယ်တွေ သိကြတော့တယ်။ မောင်မစ္စကဇာတ်ဟာ ထိုးဇာတ်ခေါ်တဲ့ ဒဏ္ဍာရီပါ။ ပကတိ လူ့လောကထဲမှာ သတ္တလောကထဲမှာ ကာယကံရှင်ရဲ့ ကိုယ်စိတ်နဲ့ ကြိုးပမ်းမှုမရှိဘဲ သွင်ပြင်လျာကအစ ရုပ်ပြောင်း၊ လိင်ပြောင်း၊ ကျားဘဝက မဘဝ ရောက်ရတာ မရှိနိုင်ပါဘူး။ မောင်မစ္စကလိုမျိုးပေါ့။

              နို့ပေမယ့် ကမ္ဘာကို ထရံပေါက်က ငမောင် ချောင်းကြည့်လိုက်တော့ ငါးရဲ့ မ ဇာတ်ဝင်ခြင်း- The Femini-zation of Fish ဆိုတာ တွေ့ရသဗျ။ ကြံကြီးစည်ရာ ငမောင်ရယ်၊ တောက်တီးတောက်တဲ့မပြောနဲ့။ မိုးကြိုးပစ် တတ်သဟဲ့ဆိုပါရင် အဖြစ်ကိုသာ နားထောင်ကြည့်ပါရော့။

            လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ မြစ်ထဲနေရင်း ငါးတွေသေကြသတဲ့။ အမေရိကန်တောင်ပိုင်း အရှေ့ဘက်ကမ်းခြေရှိ မြစ်တွေထဲမှာ ငါးတွေသေတာ အများဆုံးပဲတဲ့။ အမေရိကန်တွေက ငါးတွေသေတော့လဲ ကောက်ယူချက်စားလိုက်ရုံပေါ့လို့ လွယ်လွယ်ကလေး မလုပ်ကြဘူး။ ငါးတွေဘာကြောင့် သေရသလဲ သုတေသနလုပ်ကြပါရော။ သုတေသီတွေ တွေ့လာကြရတာက ငါးတွေ မဇာတ်ဝင်ကုန်ကြလို့တဲ့။ ငါးတွေ မဇာတ်ဝင်တာ - Feminization of Fish ငါးအထီးတွေမှာ မအောင်မြင်တဲ့ သန္ဓေဥတွေ ရှိလာတာ တဲ့။ ငမောင်ရယ် ကြားသားမိုးကြိုးကွာ။ အထီးပါဆိုမှ သန္ဓေခရတယ်ရယ်လို့။ ကြားပဲကြားဖူးပေါင် ဆိုပြန်ရင် ပညာရှင်တွေ တွေ့သိလာတာသာ ကြည့်ပါတော့။ လူ့ပယောဂကြောင့် မြစ်ရေတွေ ညစ်ညမ်းရမှုနဲ့ ငါးခမျာ ပုရိသာဘာဝ တစ်ခါဖြင့် ပျောက်ပါလို့ ကံဇာတာမှောက်ကာ သေရွာ ရောက်ရရှာတဲ့ကိစ္စ ဆက်နွယ်နေတာတွေ့ရသတဲ့။ နိုင်ငံဖြတ်စီးဆင်းမြစ်ဝှမ်းတွေက ငါးအနက်တစ်မျိုးရဲ့ ၂ဝ ရာခိုင်နှုန်း ငါးထီးတွေရဲ့ လိင်အင်္ဂါမှာ မအောင်မြင်တဲ့ သန္ဓေဥဆဲလ်တွေ တွေ့ရတယ်လို့ အစိုးရက ဆိုပါတယ်။

             ငါးဖမ်းနည်းတစ်မျိုးဖြစ်တဲ့ ရေထဲကို လျှပ်စစ် -Shock  လုပ်လိုက်တဲ့အခါ အနီးအနားရှိ ငါးတွေ အားလုံးဗိုက်ကလေးတွေ ရေမျက်နှာပြင်ပေါ်ပေါ်တက်လာကြပါတယ်။ မြန်မာနိုင်ငံကျေးလက်တချို့တွေမှာ ဒီနည်းနဲ့ ငါးဖမ်းကြတာတွေ ရှိပါတယ်။

              ရေထဲကို ၃ဝဝ ဗို့အား ၆ အမ်ပီယာ လွှတ်လိုက်ရင် ငါးမသေဘဲ အခိုက်အတန့် မေ့မျောသွားပါတယ်။ ဗာဂျီးနီးယားပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးဌာန နဲ့ အတူလုပ်နေတဲ့ Rich Router ပြောပြတာပါ။ တစ်မိနစ်၊ နှစ်မိနစ် မေ့မျောသွားတဲ့ ငါးဟာ အသက်ရှင်ပေမယ့် အသက်မရှည်ရှာပါဘူး။ သိပ္ပံပညာရှင်တွေက ငါးရဲ့သွေးကို စမ်းသပ်ကြပြီး ငါးကို စူးစမ်းဖို့ ခုတ်ထစ်ပိုင်းလိုက်ကြလို့ပဲ။

               ဝါရှင်တန်ဒီစီမြို့တော် တောင်ဘက် ပိုတိုမက်မြစ်ထဲက ငါးတွေခမျာလဲ အစိတ်အပိုင်းအလိုက် ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အဖမ်းခံကြရတယ်။ ဒီလေ့လာမှုကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရပူးတွဲလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ခုနစ်နှစ်ကစလို့ ငါးသေတွေကို အမေရိကန် အရှေ့ ဘက်ကမ်းခြေ - Shenandoah ဒေသမြစ်တွေမှာ တွေ့ရတာပါ။ ငါးတွေ မကြာမကြာသေနေတာ မေးခွန်းတွေ ထွက်လာပါတယ်။ အဖြေနည်းနည်းတော့ ရှိပါတယ်။

              အမေရိကန်နိုင်ငံ ပထဝီ ဆိုင် ရာလေ့လာရေးအဖွဲ့-US Geological Survey က ငါးရော ငါးသဘာဝ ပညာရှင် Vicki Blazer ဟာ ငါးအရှင်နဲ့ ငါးအသေနှစ်မျိုးလုံးလေ့လာ ပြီးနေပါတယ်။ ရှေးမဆွကဘဲ Vicki ပြောခဲ့ပါတယ်။ ငါးတွေသေရတဲ့ အဓိက တွေ့ရှိချက်နှစ်ခုရှိသတဲ့။ ပြင်ပထိခိုက်ရခြင်းနဲ့ တခြားအခြေအနေကတော့ မဇာတ်ဝင်ခြင်းခေါ်တဲ့ လိင်အတွင်းကိစ္စပါပဲ တဲ့။

             ဒီနှစ်မျိုးလုံးဟာ ရေညစ်ညမ်းမှုနဲ့ ဆက်စပ်နေတာ တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သိရတဲ့အတိုင်းပဲ ပါးစပ်ကျဉ်းငါးတစ်မျိုးရဲ့ အတွင်းလိင်ဘာဝ၊ ငါးထီးရဲ့ ဝှေးစေ့မှာ မအောင်မြင်တဲ့ ငါးသန္ဓေဥ Oocytes ရှိနေပါတယ်။ ငါးမမှာ ဥရှိတာ သဘာဝအားဖြင့် သဘာဝမို့ သင့်လျော်ပေမယ့် ငါးထီးမှာ ဥရှိတာသေဖို့ပဲ။ ငါးသေတွေထဲ ငါးမတွေလဲ သေတာပါပဲလို့ Vicki က ဆိုပါတယ်။

            Vicki နဲ့ အဖွဲ့သားတွေ ဒီဒေသက ပိုတိုမက်မြစ်ထဲမှာရှိ ပါးစပ်ကျဉ်း ငါးတွေကို လေ့လာခဲ့ကြပါတယ်။ Vicki က-

          ''ငါးတွေရဲ့ သွေးကို ဓာတ်ခွဲ ခန်းဆီကျွန်မတို့ ယူသွားပြီး ဗဟိုခွာစနစ်နဲ့ သွေးထဲက သွေးရည်ကြည် - Plasma ခွဲထုတ်ယူပါတယ်။ သွေးရည်ကြည်ကို ခွဲခြမ်းစိတ်ဖြာမှ ငါးတွေ ဘာဖြစ်လို့ သေရတယ် ဆုံးဖြတ်နိုင်တာပါ။ ငါးတွေပြင်ပ ခန္ဓာမှာ ထိခိုက်တာတွေနဲ့ တခြားသာမန် မဟုတ်တဲ့ ငါးတွေသေစေတဲ့လက်သည်ကို Vicki တို့ လေ့လာပါတယ်။ ငါးရဲ့မျက်လုံး တစ်လုံးက သာမန်မဟုတ်ဘူး ဖြစ်နေတယ်။ သာမန်မဟုတ်တဲ့ မျက်လုံးက ငါးရဲ့ဆူးတောင်မှာ ရှိနေတယ်။ ငါးရဲ့ ပါးဟက်တွေအပေါ် ဧရိယာပိုင်းမှာ အရောင်အဆင်း မှေးမှိန်နေတာဟာ သာမန်မဟုတ်ဘူး''လို့လဲ Vicki က ပြောပြပါသေးတယ်။

              သုတေသနပြုသူ ဇီဝဗေဒ ပညာရှင် Luke Iwanowiez က ''တစ်ဆင့် တိုးလေ့လာဖို့ ငါးရဲ့အသက်အတွက် အရေးပါလှတဲ့ အင်္ဂါတွေကို ဖယ်ရှားခဲ့ပါတယ်။ ထုတ်ယူခဲ့ပါတယ်။ ငါးထီးရဲ့ ဝှေးစေ့မှာ ပြောင်းလဲမှု အများကြီးဖြစ်နေပါတယ်။ ဝှေးစေ့ကို သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ ပြောင်းလဲမှုတွေကို မမြင်နိုင်ပါဘူး။ ဝှေးစေ့တစ်ရှူးကို ထုတ်ယူပြီး ဆဲလ်တွေကို အနုကြည့်မှန်ဘီလူးနဲ့ ကြည့်ဖို့ လိုပါတယ်'' လို့ Iwanowicz က ဆိုပါတယ်။

              Vicki ကလဲ ''အမျိုးသား လေ့လာမှုတစ်ခုမှာ လိင်အတွင်းလက္ခဏာရပ်တွေနဲ့ ထိခိုက်မှုတွေတွေ့ရတယ်''  လို့ ဆိုပြန်ပါတယ်။ Vicki နဲ့ တခြား သိပ္ပံပညာရှင်တွေက ဒီလိုဖြစ်ရတာ ရေရဲ့ အရည်အသွေးနဲ့ ဆက်စပ်နေတယ်ဆိုတာ သဘောတူကြပါတယ်။ မြစ်ထဲမှာ ပဋိသန္ဓေတား ထိန်းဆေး ဓာတုဆေးဝါးတွေ၊ Estrogen မဟိုမုန်း၊ Herbicides ပေါင်းသတ်ဆေးရုံ၊ Pesticides ပိုးသတ်ဆေးမျိုးစုံတွေလို ရေညစ်ပတ် စေတာတွေကြောင့်လို့ သိပ္ပံပညာရှင်တွေ တွေ့သိလာရပါတယ်။ မြစ်ရေ ညစ်ပတ်မှု အမြင့်ဆုံးဖြစ်ရတဲ့ အကြောင်းတွေထဲမှာ အဆိုးဆုံးက ဥယျာဉ်ခြံမြေ လုပ်ကိုင်တာနဲ့ လူဦးရေ သိပ်သည်းမှုတို့ပါပဲ။ ယေဘုယျ အားဖြင့် သစ်ပင်ငယ်တွေကို ရေလောင်း စိုက်ပျိုးရာမှာ အပင်တွေ အတွက်သုံးထားတဲ့ ဓာတုဆေးဝါးတွေ ရေထဲပါပြီး ဒီရေတွေ မြစ်ထဲ ပြန်ရောက်တာပဲ။

              လိင်ဆိုင်ရာ အလေ့အထတွေကို ပြောင်းလဲစေတာကြောင့် အထူးစိုးရိမ်စရာ ကောင်းလှတာက Endocrine Disruptors ဆိုကာမတ္တတွေပဲ။ ရန်လိုမှုနည်းတဲ့ ငါးအထီး တစ်ကောင်ရှိမယ်ဆိုရင် သူတို့ အသိုက်လဲ သူတို့ ကောင်းကောင်း မကာကွယ်နိုင်၊ သူတို့လုပ်ရမှာတွေလဲ ဆန္ဒရှိသလို မလုပ်နိုင်တာဟာလဲ ပတ်သက်ရာအကြောင်းတွေထဲက တစ်ခုပဲတဲ့။ ''ကျွန်မတို့ လေ့လာမှုတချို့ကို ငါးရဲ့သုတ်သွေးပမာဏ၊ သုတ်အရည်အသွေးနဲ့ အတွင်းလိင်သုက် ထုတ်လွှတ်မှု အားနည်းသလို သုတ်ပိုးကောင်ရေ နည်းပါးမှုအကြောင်း တချို့အတွက် ပြုလုပ်ပါတယ်'' လို့ ဇီဝဗေဒပညာရှင်က ဆိုပါတယ်။

              အမေရိကန်နိုင်ငံ ငါးနဲ့ သဘာဝ တိရစ္ဆာန်လေ့လာရေးအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဇီဝဗေဒပညာရှင် Fred Pinkney က တခြားဧရိယာဖြစ်တဲ့ Chesapeake Bay ပင်လယ်အော်မှာ လေ့လာရေး လုပ်နေပါတယ်။ Fred ပြောတာက-

             ''ကျွန်တော်ထင်တယ်၊ ဒီငါးတွေဟာ ပိုးသတ်ဆေးတွေ၊ ရေထဲစွန့်ပစ်အပင်တွေဆီကဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုပ်အဲ့မှုစနစ်တွေ ပျက်သွားလို့ပဲဖြစ်ဖြစ် ထွက်လာတဲ့ ဟိုမုန်းတွေရဲ့ တန်းနိမ့်တဲ့စုခဲတွေ ပျော်ဝင်တဲ့ရေထဲမှာ မအီမသာ ကူးခတ်နေကြရတယ်။

             ''ဒီပြဿနာဟာ ဟိုမုန်းတွေနဲ့ ဆက်နွယ်ခံရတာ။ ဒီလိုမှ မဟုတ်ရင်လဲ လူသားရဲ့ ဆေးဝါးကုသမှုတွေ ဒါမှမဟုတ် တိရစ္ဆာန် အများအပြား မွေးမြူခြံတွေနဲ့ ဆက်နွယ်ခံရတာလို့ ယုံကြည်တယ်။ သားဆက်ထိန်း ဆေးလုံးတွေအပါအဝင် လူတွေစွန့်ပစ်တဲ့ ဟိုမုန်းတွေ၊ ဒါတွေက များများစားစားကြီးကိုပဲ ရေထဲစွန့်ပစ် အပင်တွေကတစ်ဆင့် မြစ်တွေထဲ စီးဝင်သွားတော့တာပေါ့'' လို့လဲ Fredက ပြောပါတယ်။

              Pinkney ကလဲပဲ သောက်ရေတွေ အကြောင်းနဲ့ပတ်သက်လို့ လေရေညစ်ညမ်းမှုကြောင့် ဒီကမ္ဘာဂြိုဟ် ရှိငါးတွေအားလုံး အလားတူပြဿနာ ကို ပိုခံစားလာရနိုင်တယ်လို့ ဆိုပါ တယ်။

               ဘိုးဘွားတွေ ပြောခဲ့ဖူးတယ်၊ ငါးကို အရုပ်ရေးပြရကိန်းဆိုက်မယ်တဲ့။ လူတွေက နည်းမျိုးစုံ၊ ကိရိယာမျိုးစုံနဲ့ စည်းမထားဘဲ ငါးဖမ်းကြလို့ ငါးမျိုးသုဉ်းလုထိ ဘေးသင့်နေခိုက် လူတွေရဲ့မဆင်မခြင်ပယောဂနဲ့ ငါးတွေ သေကြရပြန်လေတော့ ရှေးစကားမှန်လေတော့မလား စိုးရိမ်ပွားမိရပါတယ်။ ဟောဒီဂြိုဟ်ကမ္ဘာကြီးမှာ ငါးဆိုတဲ့သတ္တဝါ မရှိတော့ဘူးဆိုရင် စဉ်းစားကြည့်ကြစေချင်ပါတယ်။

             သြော်- ငါးခမျာ သနားစရာ။ လူတကာမဆင်မခြင်တာကြောင့် ပုရိသတန်လျက်ကယ်နဲ့ သွေမမှန် ဖောက်ပြန်တဲ့ အချက်ရယ်က ရှက်စရာ မျက်နှာမပြဝံ့အောင်ပါ့ ဣတ္တိယငါး မာမရှိန်းရယ်လို့ အမယ်မင်း အစိမ်းသေဘဝကူး။

ဝန်ခံစကား။ ။ Zulima Potacio ရဲ့ Fish Kills Linked to Water Pollutants ကိုအခြေခံပါသည်။
 

ဈေးကွက်ဂျာနယ်တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်သည်။ 
http://www.zaygwet.com/science.php?id=20

No comments:

Post a Comment