Saturday, September 8, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စည်းဝေးပွဲ ပြန်စ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အဓိကရုဏ်းတွေ ဖြစ်ပွားတဲ့ ဇူလိုင်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်း ထားတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တွေရဲ့ လစဉ်ဆွေးနွေးပွဲကို ယခုလ ၅ ရက်နေ့မှာ ပြန်လည် စတင်ခဲ့ကြောင်း သိရပါတယ်။
ယင်းအစည်းအဝေးကို မောင်တောမြို့ ကုန်သည်ကြီးများ အသင်းရုံးခန်းမှာ ကျင်းပပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ် ခေါင်းဆောင်များ တက်ရောက်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ ကူးသန်းသွားလာရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) အရာရှိတဦးက ပြောပါတယ်။
“သူတို့အနေနဲ့ နယ်စပ်က တရားဝင် သွားလာနေတဲ့ လမ်းကြောင်းကို ပြန်ဖွင့်စေချင်တယ်။ နောက်ပြီးတော့ နကသ (နယ်စပ်ကုန်သွယ်ရေး) လမ်းကြောင်းတွေကိုလည်း ပုံမှန်အတိုင်း ဖြစ်စေချင်တယ်။ အဲဒီကိစ္စ ကိုလည်း မြန်မာဘက်က တတ်နိုင်အောင် ကြိုးစားပေးမယ်လို့ ပြောလိုက်ပါတယ်” လို့ အဆိုပါ အရာရှိ က ပြောပါတယ်။
နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပြုလုပ်တဲ့ ယင်းအစည်းအဝေးကို မြန်မာဘက်မှ နစကမှ ဗိုလ်မှူးကြီး သန်းထိုက်အောင် ဦးစီးတဲ့အဖွဲ့နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တာ့ခ်နာ အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၄၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျာဟစ်အာဆန် ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ကြပါတယ်။
အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် မြန်မာဘက်က တရားဝင် ကူးသန်းသွားခွင့်တွေကို ရပ်ဆိုင်း ထားခဲ့ကြောင်း၊ သြဂတ်လ ၂၇ ရက်နေ့မှာ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ နေ့ချင်းပြန် ကူးသန်းသွား လာခွင့် ပြုထားပေမယ့် တပတ်ကြာ နိုင်ငံကူးခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
မောင်တောမြို့မှ ကုန်သည်တဦးက “နယ်စပ်ပိတ်ထားတော့ ကျမတို့မှာ စီးပွားရေးတော့ အခက်အ ခဲဖြစ်တာပေါ့။ ဒါပေမယ့် ကျမတို့မြို့လုံခြုံဖို့ အတွက် ပိတ်ထားတာဖြစ်ပါတယ်။ လုံခြုံရေး စိတ်ချမှ ကျမတို့ မြို့သူမြို့သားတွေ အေးအေးဆေးဆေး နေနိုင်မှာပါ” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းမှာ သစ်၊ ငါးနဲ့ စားသောက်ကုန်တွေဟာ တရားဝင်ရော၊ တရားမဝင်လမ်းကြောင်းကပါ ပုံမှန်ဝင်ရောက်နေကြောင်း တာ့ခ်နာရှိ ဆိပ်ကမ်းအလုပ်သမား တဦးက ပြောပါတယ်။
“လှေတွေကတော့ ပုံမှန်လိုလို ပြန်လာနေကြပြီ။ သစ်တို့၊ ဇီးယိုတို့၊ ငါးတို့လည်း ပြန်ဝင်နေပြီး။ ဒါပေမယ့် ဒီဆိပ်ကမ်းကနေ ဝင်နေကျ တပတ် ပတ်စ်ပို့နဲ့ အသွားအလာတွေတော့ ပိတ်ထားတုန်းပဲ” လို့ သူက ပြောပါတယ်။

စုံစမ်းရေး ကော်မရှင်အဖွဲ့ စစ်တွေမြို့ ပထမဆုံးအကြိမ် ရောက်ရှိ ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံး အကြိမ် ရောက်ရှိလာခဲ့ပါတယ်။

စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသခံများ တောင်းဆို ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က အရေးပေါ် အစည်းအဝေးကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက် မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့ တွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများ ရရှိရှိနေပြီ ဖြစ်ကြောင်း၊ KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက် ၍ တော်တော်များများ အောင်မြင်မှု ရပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် ရရှိရန် အတွက် အချိန်ယူ ဆွေးနွေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို နိုင်ငံတော် သမ္မတက အလေးထား ဆွေးနွေးခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လမှ ကချင်ပြည်နယ်အတွင်း စတင်ဖြစ်ပေါ်နေခဲ့သော တပ်မတော်နှင့် KIO/KIA တပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများမှာမူ ဆက်လက် ဖြစ်ပေါ် လျက်ရှိနေပါသည်။ ထို့အပြင် ယခုနှစ် သြဂုတ်လ တတိယပတ် အတွင်းမှစတင်၍ မြန်မာ့ တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည် များ ဖားကန့်မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာ စာရင်းများအရ လူဦးရေ ၈၀၀၀ ကျော် ရှိပြီဟု သိရပါသည်။

ကချင်ပြည်နယ်အတွင်း၌ စစ်ပွဲများဖြစ်ပွားနေသည်မှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ခဲ့ခြင်းဖြစ်ကာ
တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်း မော်မြို့နယ်၊ ဖားကန့်မြို့နယ်များ သို့ပါ သက်ရောက်မှုများရှိလာခဲ့ သည်။ စစ်ပွဲများကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည်အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာမကဘဲ တရုတ်နိုင်ငံအတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရကလက်ခံရန် ငြင်းဆန်သဖြင့် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းသို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။

KIA အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်း မရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်း အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

"KIA အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်း မရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထား သဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော် အနေဖြင့် ကေအိုင်အေ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အများပြည်သူ အသုံးပြုလျက်ရှိတဲ့ လမ်းကြောင်းနဲ့ နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုများအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ် အောင်သော်က မေးခွန်းဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ အပစ် အခတ်ရပ်စဲရန် ဦးစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်ရန်မှာမူ တစ်နေ ရာနှင့်တစ်နေရာ၊ လူမျိုးစု တစ်စုနှင့်တစ်စု၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီကွဲပြားသောအချက်များရှိသဖြင့် အချိန်ယူဆွေးနွေးပြီး ဆုံးဖြတ်ဆောင်ရွက် ကြရ မည်ဖြစ် ပါကြောင်း၊ ပြီးလျှင် နောက်ဆုံးအဆင့်အနေ ဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာ ပိုမိုအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးများအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ လက်ရည်တစ်ပြင်တည်း လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား ရေးရာ ၀န်ကြီးများတွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံနိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများ အနေဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန် နိုင်ငံတော် သမ္မတရုံး တွင် ပြည်ထောင်စု ၀န်ကြီးတစ်ဦးနှင့်အတူ ၀န်ကြီးဌာန တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီး များ တွေ့ဆုံမှုတွင် တိုင်ရင်းသား ရေးရာ ၀န်ကြီး ၂၉ နှင့် အတူ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းတို့ တက်ရောက်ခဲ့ကာ ၁နာရီ ၄၅ မိခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါ သည်။ ဆွေးနွေးမှုများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအပါအ၀င် ပြည် တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ ပါဝင်ခဲ့သည်။

KIO အပစ်ရပ်လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးမှု မရှိဟု ဆို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)အနေဖြင့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းမှု လုံးဝ ပြုလုပ်ခြင်း မရှိကြောင်း ဒု ကာကွယ် ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပြောဆိုလိုက်သည်။ ယမန်နေ့က ကျင်းပသော အမျိုးသား လွှတ်တော်တွင် ကချင်ပြည် နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန် ၏ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းနှင့် ပတ်သက်ပြီး ထိုသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်၍ ပြည်နယ်အဆင့် ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် ၃ ကြိမ်၊ အလွတ်သဘော ၄ ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အပြည့်အ၀ လိုလားကြောင်း၊ ၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်က သမ္မတ ၏ ခုခံရုံမှအပ တိုက်ခိုက်ခြင်း မပြုရန်နှင့် KIA တပ်စခန်းများကို ထိုးစစ်ဆင်ခြင်း မပြုရန် တပ်မတော် သို့ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြောင်းလည်း ပါရှိသည်။

ဖားကန့် စစ်ပြေးတဦး ပစ်သတ်ခံရ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေး တိမ်းရှောင်နေသော ဖားကန့်မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည် အသက် ၂၁ နှစ်အရွယ် ကိုစဂ လအောင်(Sa ga La Aung)ဟု မှော်မောင်း ကုန်း ကျေးရွာသို့ အသွားတွင် သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွား သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခသည် ကိုစဂလအောင်သည် မိမိ၏ ကျေးရွာ မှော်မောင်ကုန်းသို့ ပြန်ချင်သည်ဟုဆိုကာ ယနေ့နံနက် ၆ နာရီက ဒုက္ခသည်စခန်းမှ ထွက်သွားပြီးနောက် လမ်းခုလတ်တွင် ပစ်ခတ်ခံခြင်း ဖြစ်သည်။

“ညက သူက သူ့အမေကို အိမ် အရမ်းပြန်ချင်တယ်လို့ ပြောတယ်။ ဒီမနက် သူ့အမေကို ပြောပြီး ပြန်သွားတာ။ အသွားလမ်း မှော်မောင်းဘွမ်မရောက်ခင် တိန်းကေမှာ သတ်ခံရတယ်။ အဲဒီရွာမှာ တချို့ အရပ်သားတွေ ရှိတယ်။ သူတို့ကလည်း ရွာကို မရောက်ဘူးလို့ ပြောတော့ သူက လမ်းမှာ ပျောက်နေတယ်”ဟု မော်ဝမ်း စစ်ပြေးဒုက္ခသည်များ အစားအသောက်အတွက် တာဝန်ယူနေသူ ဒေါ်ဘွမ်လီက ပြောသည်။ သို့သော် ပစ်ခတ်သည့် တပ်အမည်ကို ပြောပြနိုင်ခြင်း မရှိပါ။

အစိုးရနှင့် KIA တပ်များအကြား တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေသဖြင့် လုံခြုံရေးအရ သေဆုံး သူ၏ အလောင်းအား ယခုချိန်ထိ သွားရောက်ယူနိုင်ခြင်း မရှိပေ။

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်းမန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြား တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်း အသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
“တိုက်ပွဲက မနေ့ညက ရထား လမ်းတစ်ဝိုက်မှာ ဖြစ်တယ်။ မော် ဟန်၊ ကာလူဘက်မှာ ဖြစ်တယ်။ မြစ်ကြီးနားနဲ့ဆို သိပ်ပြီး မဝေးတော့ဘူးပေါ့။ ရထားက မနေ့ညကစပြီး မလာတော့တာ”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
“တိုက်ပွဲက ည ၁၀ နာရီကျော် လောက်မှာ ပစ်ခတ်သံတွေ စဲသွားတယ်။ သံတံတားတင်မကဘူး၊ ရေ ပေါက်တံတားလေးတစ်ခုပါ ပျက်သွားတယ်လို့ သိရပါတယ်”ဟု မြို့ခံတစ်ဦးကလည်း ပြောပြခဲ့သည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့သည်။
တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်း မော်မြို့နယ်၊ ဖားကန့်မြို့နယ်များ သို့ပါ သက်ရောက်မှုများရှိလာခဲ့ သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လကုန် ပိုင်းကလည်း ဖားကန့်မြို့နယ်အ တွင်း တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အဓိကလုပ်ကိုင်ရာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်ကျော် ကာလတွင် စီးပွားရေးပိုင်း နှောင့်နှေးမှုများ ရှိခဲ့သည်။
ကချင်ပြည်နယ်အတွင်း နေရပ်ကျေးရွာများမှ တိမ်းရှောင်ကာ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေရသော ကချင်၊ ရှမ်းနှင့် အခြား တိုင်းရင်းသားဦးရေစုစုပေါင်းမှာ တစ်သိန်း ၀န်းကျင် ရှိနေသည်ဟု လည်း သိရှိရသည်။
“မြစ်ကြီးနားက ဗန်းမော်ဘက် ကလာတဲ့ကုန်ရယ်၊ မန္တလေးဘက်က ရထားနဲ့ လာတဲ့ကုန်ရယ် ဒီနှစ်မျိုးကို အားထားနေရတာ။ ဗန်းမော်ဘက် ကတော့ တရုတ်ကုန်တွေလာတယ်။ ရထားနဲ့တော့ အခြေခံစားသောက် ကုန်ပေါ့။ အခုလို ရထားလမ်းရပ်တော့ ကုန်စည်အ၀င်အထွက် တန့်သွားတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။



သက်တမ်းရှည် UKL ကရင်ပါတီကို ပြည်လည်ထူထောင်ဦးမည်

သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိနေသော ဦးမန်းညွှန့်မောင်က သက်တမ်းရှည်ဆုံး ကရင်နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် နိုင်ငံရေးပါတီကို
ပြန်လည်အသက်သွင်း ထူထောင်မည်ဟု ပြောသည်။

“အရင်တုန်းက လုပ်ခဲ့တဲ့ လူဟောင်းတွေကို ဆက်သွယ်နေတယ်။ လူသစ်တွေလည်း ထပ်ရှာနေတယ်”ဟု နှစ် နှစ်ဆယ် ကြာ ပြည်ပတွင် နေထိုင်နေခဲ့သော ဦးမန်းညွှန့်မောင်က ပြောသည်။

ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်ခေါ် Union Kayin League ပါတီသည် မြန်မာ့လွတ်လပ်ရေး မရမှီ ကာလကပင် ဖွဲ့စည်းခဲ့ပြီး သမ္မတဟောင်း မန်းဝင်းမောင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို လက်ရှိ အခြေခံဥပဒေမူကြမ်း ရေးဆွဲမှုအတွက် ၁၄ နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကို တက်ရောက်ခဲ့သော ပါတီတခုလည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် လွှတ်တော်
ရွေးကောက်ပွဲများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့သော်လည်း အနည်းဆုံး သတ်မှတ်ထားသော သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်မှီ မလုပ်ဆောင်နိုင်သဖြင့် ပယ်ဖျက်ခံရသော ပါတီတခု ဖြစ်သည်။

ကရင်ပြည်နယ်တွင် ကရင်လူမျိုး ကိုယ်စားပြု ပါတီများရှိပြီး ဖြစ်သဖြင့် အကယ်၍ UKL ပါတီကို ပြန်လည် တည်ထောင် ပြီးပါက ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ကရင်လူမျိုးများ နေထိုင်မှုများပြားသည့် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် စသည့် တိုင်းသုံးတိုင်းတွင် အဓိကထား ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု မန်းညွန့်မောင် ကပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် ကရင်အမျိုးသားတဦးဖြစ်သူ ဦးချစ်ဦးမောင်က UKLပါတီ ပြန်လည် တည်ထောင်ရန် ကြိုးစား နေမှုအပေါ် “ကရင်ပါတီတွေ အမျိုးမျိုး ကွဲပြားနေတာကို ဘဝင်မကျဘူး။ ဒါကြောင့် UKL ပါတီ တည်ထောင်ဖို့ ကြိုးစားနေတာအပေါ် လှိုက်လှိုက်လှဲလှဲ ထောက်ခံဖို့မရှိဘူး” ဟု ပြောသည်။

၎င်းက စစ်အစိုးရ အုပ်ချုပ်စဉ် ကာလအတောအတွင်း UKL ပါတီ၏ ရပ်တည်ခဲ့မှု ကို လေးစားမှုရှိသော်လည်း နိုင်ငံရေး တွင် ပါတီကြီးများ၏ အဖြည့်ခံဖြစ်သွားမှာနှင့် ကရင်အမျိုး သားရေး ပါတီများစွာ ကွဲပြားနေမှာကို စိုးရိမ်နေသည်။လက်ရှိတွင် ဖလုံ-စဝေါ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး KDPP ပါတီ၊ ကရင်ပြည်သူ့ ပါတီ KPP ဟူသည့် ကရင်လူမျိုးကိုယ်စားပြု နိုင်ငံရေး ပါတီသုံးခု တရားဝင် ရပ်တည်လျက်ရှိသည်။

No comments:

Post a Comment