Monday, September 17, 2012

ကူမည့်သူမရှိ….. ၊ ကယ်မယ့်သူမရှိ


ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် စစ်ပွဲတစ်ပွဲဖြစ်လာပြီဆိုရင် နှစ်ဘက်စစ်သည်ေ တွသေကြေထိခိုက် ဒဏ်ရာရကြတာ မဆန်းပေမယ့် အပြစ်မဲ့ပြည်သူတွေ စစ်ဘေးစစ်ဒဏ် သင့်ပြီးသေဆုံးထိခိုက်ဒဏ်ရာရကြတာကတော့ ရင်နင့်ကြေကွဲစရာေ ကာင်းလှပါတယ်။(၁)နှစ်ကျော်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက တပ်မတော် နဲ့ (KIA)တို့အကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ တိုင်းရင်းသားပြည်သူတွေကခိုကိုးအားထားစရာမဲ့ပြေး 
လွှားနေကြရတာအားလုံးမသိပါပဲ ၊ ဆွေမျိုးပေါက်ဖော်ဆိုပြီးတစာစာအော်ဟစ်ခဲ့တဲ့သူတွေကလည်း မိုးတွင်းကြီးမှာ စားစရာမဲ့ ၊ နေစရာမဲ့ ဖြစ်နေတဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှစ်မတွေကို မိုးထဲရေထဲ မောင်းထုတ်နေတာဟာလဲ ရင်နာစရာကောင်းလှပါတယ်။ ဘယ်သူမပြု ၊ မိမိမှု ဆိုသလို သူများကိုအပြစ်ပြောနေလို့တော့မရပါဘူး။ ကိုယ့်အချင်းချင်းက မတည့်ကြတော့ သူတစ်ပါးရဲ့ နိုင်လိုမင်းထက် အနိုင်ကျင့်တာခံကြရပေမပေါ့။ နှစ်ဖက်တပ်တွေဘယ်သူမှ မထိခိုက်ခဲ့တဲ့ ကမ္ဘာကျော်ကျောက်စိမ်းရတနာမြေဖြစ်တဲ့(ဖားကန့်ဒေသ)ဟာ (၂၉.၈.၂၀၁၂) ရက်နေ့ လောက်ကစပြီး စစ်ရိပ်စစ်ငွေ့တွေသမ်းနေခဲ့ပြီး နှစ်ဘက်တပ်တွေ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့တာ တဖြည်းဖြည်းပိုပြီးပြင်းထန်လာပါ တယ်။ နေ့စဉ်ရက်ဆက်နီးပါးလက်နက်ကြီး ၊ လက်နက်ငယ်သံတွေကြားနေရလို့ ဖားကန့်ဒေသနေပြည်သူတွေ စိုးရင်စိတ်တထိတ်ထိတ်ဖြစ်နေကြရပြီး တစ်ခါတစ်၇ံမှာ ကောင်းကင်မှာ စစ်ရဟတ်ယာဉ်တွေ ၀ဲပျံနေတာကြောင့်လဲ ပိုပြီးစိုးရိမ်သောကဖြစ်စေခဲ့ပါတယ်။ နှစ်ဘက်ကြားက တိုက်ပွဲတွေကြောင့် ကျောက်စိမ်းထုတ်လုပ်ရေး ကုမ္ပဏီပိုင်အဆောက်အဦးတွေ ယာဉ် ၊ ယန္တယားတွေ မီးလောင်ပေါက်ကွဲဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေလဲ ရှိနေသလို နှစ်ဘက်စစ်သည်တွေ ကျဆုံးနေတာကြားသိနေရပါတယ်။ တိုက်ပွဲကာလ(၃)ပတ်လောက်ရှိလာတဲ့ အခါမှာ မြို့ရဲ့ အုပ်ချုပ်ရေးဟာလဲ တည်ငြိမ်မှု နည်းပါးလာပါတယ်။ ဒါကြောင့်တောမီးလောင်တောကြောင်လက်ခမောင်းခပ် ဆိုတာလို ကုမ္ပဏီပိုင် အဆောက် အဦးတွေထဲကို လူစုလူဝေးနဲ့ ၀င်ပြီး ကျောက်ဂိုဒေါင်တွေ ဖွင့်ပြီး ၊ ကုမ္ပဏီက ရှာထားတဲ့ ကျောက်တွေကိုလုယက်ယူငင်မှုတွေ ၊ ကားတွေ စက်ယန္တယားတွေက ပစ္စည်းတွေဖြုတ်ယူတာတွေ ၊ဆီလှောင်ကန်တွေက ဆီတွေယူနေကြတာတွေ ဆီလှောင်ကန်တွေက ဆီတွေယူနေကြတာတွေဟာ နေရာအနှံမှာ ဖြစ်နေပြီး အရင်တုန်းက တစ်နေ့လုံးရှာမှ ကျောက်ကောင်းတစ်လုံး ရဖို့ မလွယ်တဲ့ ရေမဆေးကျောက်ရှာသမားတွေလဲ ဆိုင်ကယ်ရဲ့ ရှေ့နောက်တွေမှာ မြွေရေခွန်အိတ် (၃)(၄)လုံးလောက် ကျောက်တွေအပြည့်တင်ပြီးသွားလာပြေးလွှားနေကြတာလည်း မမြင်ချင်အဆုံးဖြစ်နေပါတယ်။ တပ်မတော်စစ်ကြောင်းနဲ့ တိုးတဲ့အခါမျိုးမှာတော့ ဂိုဒေါင်ဖောက်တဲ့သူတွေကို ဖမ်းဆီတာမျိုး ၊ ချောက်လှန့်ပစ်ခတ်တာ မျိုးရှိပေမယ့် ကျယ်ပြန့်လှတဲ့နယ်မြေအတွင်းမှာ များပြားလှတဲ့ ကုမ္ပဏီတွေကို ဘယ်သူမှအပြည့်အ၀အကာအကွယ်မပေးနိုင်ပါဘူး။ပတ်ဝန်းကျင်ရွာတွေက ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေကြတဲ့ ဘာသာရေး အဖွဲ့အစည်းအသီးသီးနဲ့ လူမှုရေးအဖွဲ့တွေ အနေနဲ့လည်း စားနပ်ရိက္ခာ နဲ့ အလှူငွေရရှိမှုအတွက် အခက်အခဲဖြစ်စပြုလာပါပြီး လမ်းခရီးအခက်အခဲ နဲ့ လမ်းပေါ်မှာရေကြီးရေလျှံမှုတွေကြောင့် မြစ်ကြီးနားက အတက်ကား မရှိသလောက်နည်းပါးဖြစ်လာလို့ စားသောက်ကုန်တွေဈေးတက်လာပြီး အစစအရာရာခက်ခဲလာပါပြီး။ ဒီကြားထဲမှာ စက်တင်ဘာလဆန်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဖားကန့်မြို့ပေါ်က ဌက်ပျော်တောရပ်ကွက် ၊ မြို့မရပ်ကွက် ၊ အေးမြသာယရပ်  ကွက် နဲ့ ချောင်းတဖက်ကမ်းက မရှီကထောင်ရပ်ကွက်တွေမှာလည်း ဥရုချောင်းရေမကြာခဏလျှံတက်မှုဒဏ်ကို ခံနေကြရပြန်ပါတယ်။ ရေလျှံတက်မှုကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ဘုရားရှိခိုးကျောင်းတွေထဲက စစ်ဘေးဒုက္ခသည်တွေ ကို မကြာခဏရေဘေးလွတ်ရာရွေ့ပြောင်းပေးနေရတဲ့ဒုက္ခပိုလာပြန်ပါတယ်။ တောင်ကုန်းတောင်တန်းကြီးတွေကိုလည်းမြေတူးစက်ကြီးတွေ စွမ်းအား နဲ့ နေ့ချင်းညချင်းပျောက်ကွယ်သွားအောင်စွမ်းဆောင်နိုင်ခဲ့မှုတွေကြောင့် မိုးရွာတဲ့အခါမြေစာတွေ ဟာ မြန်မာတပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် တို့ရဲ့ တိုက်ပွဲကြောင့်ဖြစ်တဲ့စစ်ဘေးဒုက္ခအပြင်ရေကြီးမှု ဒုက္ခကိုပါခံနေကြရပါပြီ ၊ မကြာမီကျန်းမာရေးဆိုင်ရာပြဿနာများထပ်ပြီး ရင်ဆိုင်ရနိုင်ပါတယ်။ဖားကန့်ဒေသမှာ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်လာကာစ သြဂုတ်လ လကုန်ပိုင်း (၂၉.၈.၂၀၁၂) ရက်နေ့မှာ မြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဂေါပကအဖွဲ့ဝင်တွေ ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ ၊ မြို့မမြို့ဖတွေ ၊လူမှုရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေစုပြီး အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးက ဖားကန့်ဒေသမှာရှိတဲ့ ပြည်သူလူထုတွေ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် (ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့) ကိုဖွဲ့စည်းခဲ့ပြီး ၊ ဖားကန့်ဒေသအတွင်း စစ်မက်မဖြစ်ပွားရေးကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက်နေ့ စွဲနဲ့ ၀န်ကြီးချုပ် ၊ ပြည်နယ်အစိုးရထံ အသနားခံစာတစ်စောင်ပေးပို့ခဲ့ပါတယ်။အသနားခံစာထဲမှာ-
  • စစ်ဘေးတိမ်းရှောင်သူများ တစ်နေ့တစ်ခြားများပြားလာပြီး ကျွေးမွေးထောက်ပံ့ရန် ခက်ခဲလာခြင်း။
  • တိုင်းရင်းသားပြည်သူများရှာဖွေစားသောက်၇န်ခက်ခဲလာခြင်း။
  • မူလတန်း နှင့် မူလွန်ကျောင်း(၈)ကျောင်းပိတ်ထားရပါသဖြင့်ကလေးသူငယ်များ၏ ပညာရေးနှောင့်နှေးခြင်း။
  • စစ်ဘေးရှောင်စခန်းများတွင် ကြပ်တည်းစွာနေထိုင်ရခြင်းတို့ကြောင်း တိုင်းရင်းသားမိဘပြည်သူများ၏ ကျန်းမာရေးအဖက်ဖက်မှယိုးယွင်းလာခြင်း။
  • မြို့အနီတစ်ဝိုက်စစ်မက်ဖြစ်ပွားမှုကြောင့် မြို့သူမြို့သားများသည် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်တို့အတွက် စိုးရိမ်သောကရောက်နေကြရပါသည်။
သို့ဖြစ်ပါ၍ ဖားကန့်မြို့အနီးတစ်ဝိုက်တွင် စစ်မက်ဖြစ်ပွားမှုရပ်တန့်ပေးပါရန် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံ ၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၊ ဗုဒ္ဓဘာသာဂေါပက အဖွဲ့ ၊ ရပ်မိရပ်ဖများနှင့် လူမှုကူညီရေးအသင်းများမှ ပုဂ္ဂိုလ်(၅၅)ဦးတို့ ကလက်မှတ်ရေးထိုးအသနားခံတင်ပြခဲ့ပေမယ့် ထူးခြားမှုရှိမလာခဲ့ပါဘူး။ မြို့သူမြို့သားတွေကြိုတင်တွက်ဆထားတဲ့အတိုင်းပါပဲ။ နှစ်ဘက်ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ မြို့ပေါ်အထိရောက်လာပြီး အပြစ်မဲ့ပြည်သူတွေသေဆုံးဒဏ်ရာရ တဲ့အထိဖြစ်လာခဲ့ပါတော့တယ်။ စက်တင်ဘာလ(၁၂)ရက်နေ့ နဲ့  ညဘက်တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁၃)ရက်နေ့မှာ ဖားကန့်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြန်ပါတယ်။သည်တစ်ခါရေကြီးတာအရင်အချိန်များထက် ပိုလာပြီး မြို့လယ်က “ကမ္ဘောဇဘဏ်´´အောက်ခြေအထိရေနစ်မြှုပ်နေပါတယ်။မြို့လယ်မှာရှိတဲ့ရေနစ်တဲ့ဆိုင်ခန်းတွေ ၊အိမ်တွေက ပစ္စည်းတွေကိုကားကြီးကားငယ်တွေ နဲ့ ရေလွတ်ရာပို့နေကြပြီး မြို့လယ်မှာ စီးနေတဲ့ ဥရုချောင်း ကိုဖြတ်ပြီး မြို့မနဲ့ မရှိကတောင်ရပ်ကွက် ဆက်သွယ်ပေးထားတဲ့ တံတားပေါ်မှာ တောင် ၃ပေ လောက်အထိရေနစ်နေပါတယ်။ ဟိုဘက်ကမ်း/သည်ဘက်ကမ်းကားတွေကူးလို့မရတော့ပါဘူး။ ညနေ(၃) နာရီခွဲလောက်ကျောင်းတွေ လွှတ်လိုက်တော့ ရေကြီးတာလာကြည့်တဲ့သူတွေ ၊ကျောင်းသူ/ကျောင်းသားတွေ ၊အိမ်ပြန်နေကြတဲ့ ကျောင်းသားတွေ ၊ လာကြိုတဲ့ မိဘတွေ ရဲ့ ဆိုင်ကယ်တွေ နဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အချိန်မှာပဲ ပေါက်ကွဲသံတွေ နဲ့ အတူ ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကြောင့် မြို့သူ/မြို့သား အားလုံးပြေးလွှားကုန်ကြပါတယ်။ စက်တင်ဘာ(၁၃)ရက်နေ့ ညနေ(၃ နာရီ ၄၀ မိနစ်)လောက်မှာ တိုက်ပွဲစပြီးဖြစ်တာပါ။ဖားကန့်မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ မှော်ဝှမ်းရပ်ကွက်နဲ့ ဆက်နေတဲ့ (ဆွတ်ငိုင်ကောင်)(Sut Ngai Kawng)ရွာထဲမှာ တပ်မတော် စစ်ကြောင်းနဲ့ ( KIA)အဖွဲ့ကို ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆက်မပြတ်ပစ်ခတ်နေတဲ့လက်နက်ငယ်သံတွေနဲ့ အတူလက်နက်ကြီးပေါက်ကွဲသံ တွေလဲကြားနေရတော့  တစ်မြို့လုံးတုန်လှုပ်ခြောက်ခြားပြီးပြေးလွှားနေကြပါတော့တယ်။ အမျိုးသားတစ်ချို့ကတော့ တိုက်ပွဲဖြစ်တာမြင်နိုင်မယ့် မြို့ဦးစေတီကုန်းပေါ်တက်ပြီး ကြည့်ကြပါတယ်။ လက်နက်ငယ် ၊ လက်နက်ကြီးသံတွေကြားမှာ ပုန်းလိုက် ၊ ပြေးလိုက် လုပ်နေတဲ့ ရွာသားတချို့လဲတွေ့နေရပြီး လက်နက်ကြီး ကျလို့ ပေါက်ကွဲတဲ့နေရာမှာ မီးခိုးတွေထလာတာ လဲ မြင်နေကြရပါတယ်။မကြာခင်ဘဲ ဗျူဟာကုန်းပေါ်က နေလက်နက်ကြီး နဲ့ လှမ်းပစ်ပေးတာတွေ့ကြရပါတယ်။ လက်နက်ငယ်သံတွေက ည (၇) နာရီကျော်ကျော်လောက်မှာ တဖြည်းဖြည်းပျောက်သွားပြီး ၊ လက်နက်ကြီးပစ်သံကတော့ ည(၉)နာရီလောက်အထိကြားနေရပါတယ်။ မြို့ထဲကို တပ်မတော် စစ်ကြောင်းတွေဝင်လာပြီး မီးမလာတော့လို့ တစ်မြို့လုံးမှောင်မဲနေပါတယ်။မြို့အစွန်ရပ်ကွက်မှာ တိုက်ပွဲဖြစ်နေလို့ ကြောက်လန့်တကြား နဲ့ အထုတ်အပိုးတွေတင် ပြီးရရာကား ၊ ဆိုင်ကယ်တွေနဲ့ လုံးခင်းဘက်ပြေးတဲ့သူတွေလည်း နန်းမဖစ်ရွာမှာ ရေတွေလျှံပြီး ကားလမ်းရေမြှပ်နေလို့ လုံးခင်အရောက်မပြေးနိုင်ပါဘူး။ ပန်းတင်တံတားကျော်ပြီး ဖားကန့်မြို့အ၀င်ရပ်ကွက်တွေ မှာ ကြက်တစ်ကောင် ကုန်းဖက်တွေမှာပဲနေကြရပါတယ်။ ဝေးဝေးမပြေးနိုင်ကြရှာပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ကြားက ရေပတ်လည်ဝိုင်းနေတော့ပြေးစရာမြေမရှိဆိုတာလိုဖြစ်နေပါတယ်။ ပိုပြီးစိုးရိမ်စရာ ဖြစ်လာတာ ဒုက္ခသည်စခန်းကိုရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေပါဘဲ။ မြို့ပေါ်ကိုပြေးလာပြီး မြို့ပေါ်ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရလို့ မြို့ခံလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ နေကြ ရတော့ ၊ မြို့ပေါ်အထိတိုက်ပွဲဖြစ်လာပြီး မြို့နေလူထုပါထွက်ပြေးကြရရင် စားဝတ်နေရေးအကြီးအကျယ်ဒုက္ခရောက်လာနိုင်ပါတယ်။ အခုအခြေအနေမှာ တောင်လှူဒါန်းထောက်ပံ့မှုနည်းပါးလာပြီး လူမှုရေးအဖွဲ့တွေ အနေနဲ့ ဆက်လက်ကျွေး မွေးနိုင်ရေးအတွက် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။
စက်တင်ဘာ(၁၃)ရက်နေ့မှာ ညနေ(၃း၄၅) လောက်ကနေ ည(၈)နာရီခန့်အထိဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ ပြည်သူ(၁၃)ယောက်ခန့်ထိခိုက်ဒဏ်ရာရကြပါတယ်။ ဖားကန့်ပြည်သူ့ဆေးရုံမှာ(၈)ယောက်ကိုအတွင်းလူနာအဖြစ်ကု သပေးနေပြီး ၊ (၁၃) နှစ်အရွယ်သာရှိသေးတဲ့(၉)တန်းကျောင်းသူကလေး မဂျာဆိုင်းအိမ်(ဘ)ဦးဘရန်ရှောင်ကတော့ ကျောင်းကနေဆရာမ နဲ့ အတူအိမ်အပြန်လမ်းမှာ တိုက်ပွဲဖြစ်နေတာနဲ့ ကြုံပြီး တိုက်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရခဲ့ လို့ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ဆုံးပါးသွားခဲ့ရတဲ့အကြောင်းကြားသိရပါတယ်။ကျန်နေတဲ့အမျိုးသား(၅) ဦး နဲ့ အမျိုးသမီး(၂) ဦးကိုတော့ အတွင်းလူနာအဖြစ်ကုသပေးနေပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသား(၂)ဦးကိုတော့ မြစ်ကြီးနားပြည်သူ့ဆေးရုံပို့ပြီးကုသပေးရမယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ ရေကြီး ၊ ရေလျှံတဲ့အခါ ကားလမ်းများရေနစ်မြှပ်ပြီးဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်မှုကြောင့်မြစ်ကြီးနားက ပို့တဲ့စားသောက်ကုန်တွေကို သာမှီခိုနေရတဲ့ ဖားကန့်မြို့ဟာ မြို့နေလူထုရဲ့ စားဝတ်နေရေးအတွက်တော့ ၊ အိမ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည်စခန်းက စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက်ပါကြီးမားတဲ့ အခက်အခဲတွေဖြစ်လာနိုင် ပါတယ်။အဓိက မြို့နယ်လူထုရဲ့ အဓိကဆန္ဒကတော့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမဖြစ်ပွားရေးနဲ့ ဖားကန့်မြစ်ကြီးနား ကားလမ်းတလျှောက်မှာ အရင်ကာလများက အတိုင်းကားများသွားလာနိုင်စေရေးပါပဲ။ ဒါကြောင့်လဲမြို့ပေါ်မှာ ရှိတဲ့ ငြိမ်းချမ်းရေးလိုလားတဲ့သူတွေ စုပေါင်းလက်မှက်ရေးထိုးမှုတွေပြုလုပ်ပြီး စစ်ပွဲများ ရပ်တန့်ငြိမ်းချမ်းရေး ရအောင် ဖော်ဆောင်ပေးဖို့ နိုင်ငံတော်သမ္မတကြီးထံအသနားခံစာရေးသားတင်ပြသွားမယ့်အကြောင်းကြားသိနေရပါ တယ်။မြန်မာနိုင်ငံတစ်နိုင်ငံလုံးက နည်းမျိုးစုံ နဲ့ ဒုက္ခခံစားနေကြရတဲ့ပြည်သူများအားလုံးနည်းတူစစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့ ဖားကန့်ဒေသအပါဝင်ကချင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ စစ်ဘေးသင်ဒုက္ခသည်အားလုံး ရဲ့ အားကိုမျှော်လင့်ချက်ကတော့ နိုင်ငံတော် သမ္မတကြီးသာလျှင်ဖြစ်ပါတော့တယ်။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာတစ်နှစ်ကျော်ကြာသွားပါပြီး။ အခုအချိန်အထိငြိမ်းချမ်းရေးဆွေးနွေးနေပြီး ဆိုတဲ့ အသံမကြားရ သေးတဲ့အတွက် စစ်ဘေးဒုက္ခသည်များအပါအ၀င် ကချင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေကော ၊ ငြိမ်းချမ်းရေးလိုလာတဲ့ မြန်မာပြည်သူတွေကော ကချင်ပြည်နယ်အရေး ရတက်မအေးနိုင် ဖြစ်နေကြရပါတယ်။ အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေရာဒေသအတွင်းမှာ ကျရောက်နေတဲ့ ပြည်သူတွေအနေနဲ့ကျီးလန့်စာစားဖြစ်နေကြရပြီး ၊ ကားဘီးပေါက်သံကြားရင်တောင် ကြောက်နေကြရရှာပါပြီး။ အရင်က သားသမီးတွေကျောင်းသွားတက်နေရင် စိတ်အေး ၊ စိတ်ချနေကြရတဲ့ မိဘတွေဟာ အခုခါမှာ တော့သားသမီးတွေကျောင်းဆင်းလို့အိမ်ပြန်မရောက်မချင်းရင်တမမနဲ့ မျှော်နေကြရပါပြီး။ ကျောင်းတွေမှာ စာသင်နေကြတဲ့ ဆရာ ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ၊ ဘုန်းကြီးကျောင်းတွေက ဆရာတော်ကြီးတွေ ၊ ဘုရားကျောင်းတွေ က ၀တ်ပြုဆုတောင်းနေသူတွေ အားလုံးသောသူတွေရဲ့ ရင်ထဲမှာ စိုးတထိတ်ထိတ် နဲ့ နေနေကြရတဲ့အခြေအနေရောက်နေပါပြီး။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်နိုင်ဖို့အတွက် ၊ တစ်ခုတည်းသော အားကိုစရာကတော့ ကမ္ဘာနိုင်ငံအသီးသီးကလေးစားရသော ပြည်သူပြည်သားအားလုံး၏ ချစ်ခင်လေးစားမှု အားကိုးယုံကြည်မှုကိုရနေသော သမ္မတကြီးဦးသိန်းစိန်သာ လျှင်ရှိပါတော့ကြောင်း ပြည်သူအားလုံးက ယုံကြည်နေပါတယ်။ ခုအချိန်အထိမှာတော့ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် ဒုက္ခမျိုးစုံထဲမှာ (ကူမယ့်သူမရှိ ၊ ကယ်မယ့်သူမရှိ ) ဖြစ်နေကြရရှာပါပြီး။ အားလုံးသောမြန်မာနိုင်ငံသူ ၊ နိုင်ငံသားအပေါင်းတို့မှ ကချင်ပြည်နယ်အတွင်း ရှိတိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ကြုံ တွေနေရသောဒုက္ခများကိုလည်း စာနာ နားလည်နိုင်ကြစေရန် ၎င်း ၊ ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသောစစ်ပွဲများ အေးချမ်းစေရေးအတွက် တတ်စွမ်းသမျှ ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြ  စေ၇န်အလို့ဌာ၎င်း ၊ ဒုက္ခသည်များအရေးကို စီးပွားရေးလုပ်ငန်းရှင်များ ၊ အနုပညာရှင်များ ၊ နှင့် အခြားသောလူမှုရေးအဖွဲ့အစည်းအသီးသီးမှ တက်နိုင်သမျှ ကူညီထောက်ပံ့နိုင်ကြပါစေရန်၎င်း ဤဆောင်းပါးအားရေးသားတင်ပြလိုက်ရသည်။
နိုင်ထက်ရှိန်(ဟင်္သာတ)

From -HotNewsJournal

No comments:

Post a Comment