Saturday, September 15, 2012

အဓိက နှင့် သာမည (အယ်ဒီတာ အာဘော်)

များမကြာမီ အရှေ့တောင် အာရှတွင်ရော အာရှတိုက်တွင်ပါ အတောက်ပဆုံး ကြယ်ပွင့် တစ်ပွင့် ဖြစ်လာရန် အခြေအနေ ကောင်းများစွာ ရှိနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုသည် ၂နှစ်မပြည့်သည့် ကာလတို အတွင်းမှာပင် ရင့်ကျက်သည့် ဒီမိုကရေစီ သဘောသဘာဝများနှင့် ဆင်တူသည့် အခြေအနေ အချို့ ပေါ်ပေါက်ခဲ့ပါသည်။ ထိုအခြေအနေ တို့သည် အလွန် လျင်မြန်လှသည့် အပြောင်းအလဲများကြောင့် ထွက်ပေါ်လာသောဒီမိုကရေစီ အခြေခံ ပွတ်တိုက်မှုများ ဖြစ်ပါသည်။ မြန်မာ့
ဒီမိုကရေစီ အသွင်ပြောင်း ကာလတွင် ရှိသင့် ရှိထိုက်သော နိုင်ငံရေးထက် သာလွန် များပြားသော နိုင်ငံရေးတို့ ရှိလာပါက အာဏာသုံးရပ် အကြား ပွတ်တိုက်မှုများ ရှိလာနိုင်ကြောင်း The Voice Weekly က ယခုနှစ် အစပိုင်းတွင် ဟောကိန်း ထုတ်ခဲ့ပြီး ဖြစ်ပါသည်။


လွှတ်တော်များက ဖွဲ့စည်းသော ရေးရာ ကော်မတီများ၊ ကော်မရှင် များကို ပြည်ထောင်စု အဆင့် မဟုတ်ဟု စိစစ် ပေးရန် ပြည်ထောင် စု ရှေ့နေချုပ်ရုံး၏ တင်ပြချက်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်ညီကြောင်း၊ ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ပေးခဲ့သည့် အပေါ် လွှတ်တော်နှင့် အစိုးရ အဖွဲ့အကြား အငြင်းပွားမှု တစ်နည်းအားဖြင့် ပွတ်တိုက်မှု ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။


အဆိုပါ ပွတ်တိုက်မှု၏ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ အာဏာ လွန်ဆွဲမှုများ မည်မျှ ပါဝင်နေသည်ကို မသိနိုင်သော်လည်း သမ္မတကြီးက စိတ်ထား ကောင်းကောင်း၊ နှလုံးသားကြီးကြီးဖြင့် လိုက်လျော ခဲ့သောကြောင့် ပြေလည်မှု ရရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။


ဤနေရာတွင် သက်ဆိုင်ရာ Stakeholder များအနေနှင့် အဓိကကိစ္စများကို သာမညသဘောထားကာ သာမည အရေးများကို အဓိက အသွင် မှတ်ယူပြီး တန်ဖိုးရှိသော အချိန်များ၊ အင်အားများ ဖြုန်းတီး မပစ်သင့် ကြောင်းကိုလည်း The Voice Weekly က ထောက်ပြခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာ လမ်းတစ်လျှောက် တွင် ထိုနိုင်ငံရေး ကိစ္စများထက် ပိုအရေးကြီးကာ ပိုကြီးမားသော အခက်အခဲများ၊ အကောင်အထည် ဖော်ဆောင်ရွက်ရန် အရေးကိစ္စများ လတ်တလောတွင်ရော မဝေးတော့သည့် အနာဂတ် ကာလအတွက်ပါ မြောက်မြားစွာ ရှိနေပါသည်။


၂၀၁၃ အာဆီယံ အားကစားပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရေး၊ ၂၀၁၅ အာဆီယံ အလွတ်သဘော ကုန်သွယ်ရေး ဇုန်ထူထောင်ရေး အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ကြိုတင် ဆောင်ရွက်ရမည့်ကိစ္စများ၊ အလွတ်သဘော ကုန်သွယ်မှု အရ အခွန်ကင်းလွတ်ခွင့်ဖြင့် အများအပြား ဝင်ရောက်လာမည့် အာဆီယံ ထုတ်ကုန်များကို မြန်မာလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အင်အားကြီးမားစွာ ဝင်ရောက် လာပါက နိုင်ငံတွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ၏ အလတ်စားနှင့် အသေးစား လုပ်ငန်းများ ဆက်လက် ရှင်သန်ရေး၊ နိုင်ငံတကာနှင့် ကူးသန်း ရောင်းဝယ်ရာတွင် မရှိမဖြစ် အရေးကြီးလှသည့် နိုင်ငံတကာ အဆင့်မီ ဘဏ်စနစ် တစ်ရပ် ထိထိရောက်ရောက်နှင့် စွမ်းဆောင်ရည်ရှိရှိ အသက်ဝင်နေစေရေး၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားငွေလဲနှုန်း၊ ဗဟိုဘဏ် အတိုးနှုန်း စသည့် ငွေကြေးဆိုင်ရာများ တည်ငြိမ်နေစေရေး၊ နိုင်ငံသား တစ်ဦးချင်းစီ၏ ဝင်ငွေ၊ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် စုစုပေါင်း အမျိုးသား အသားတင် ထုတ်လုပ်မှုတို့ အနိမ့်ဆုံး အဆင့် အာဆီယံ စံနှုန်း ပြည့်မီရေး၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို စက်မှု အခြေပြု လယ်ယာအဖြစ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံ တစ်ဝန်း ဆက်သွယ်ရေး၊ လမ်းပန်း၊ အင်တာနက်မြန်နှုန်း အပါအဝင် အခြေခံ အဆောက်အဦ ဆိုင်ရာအရေးကြီး ကိစ္စများ အတွက် ရေတို၊ ရေရှည် စီမံချက်၊ စီမံကိန်းများ အပူတပြင်း ရေးဆွဲရန် လိုပါသည်။


ထို့အပြင် လတ်တလော နိုင်ငံ့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော် ရှိနေသော တောင်သူလယ်သမားများ ရင်ဆိုင် နေရသော အခက်အခဲ၊ ပြဿနာများမှာ ပို၍ အရေးကြီးသည့်အပြင် အလျင်အမြန် အရေးယူ ဖြေရှင်းပေးရန် အထူး လိုအပ်နေပါသည်။ မြေယာ စီမံခန့်ခွဲမှုနှင့် မြေယာဥပဒေ အားနည်း ချို့ယွင်းချက် တို့ကြောင့် နှစ်ပေါင်းများစွာ ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ မိမိတို့ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်လာခဲ့သော မြေများကို အာဏာပိုင်များနှင့် အထူးနီးစပ် သော လုပ်ငန်းရှင်ကြီးများ၏ မတန်တဆ ဈေးနှိမ်ကာ အသိမ်းအပိုက် ခံခဲ့ရသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများ ပျက်စီးခြင်းနှင့်လည်း ကြုံတွေ့နေရသော တောင်သူလယ်သမားများ အရေးကို ပေါ့ပေါ့တန်တန် စဉ်းစားမိပါက နိုင်ငံ၏ စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံး ကြီးစွာ ထိခိုက်သွားနိုင်သည်ကို အထူး သတိပြုရမည်ဖြစ်ပါသည်။


ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှု များကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့ရမည့် ကမ္ဘာ့နိုင်ငံ အချို့ အတွက်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ သီးနှံ အများဆုံး တင်ပို့ နိုင်ငံအနည်းငယ် အနက် တစ်နိုင်ငံဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာ တောင်သူ လယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများသည် နိုင်ငံတွင်း အခြေခံ စားကုန် သီးနှံ ဈေးကွက်နှင့် ပြည်ပ တင်ပို့မှုတို့အပေါ် ပမာဏ ကြီးမားစွာ သက်ရောက်မှု ရှိမည်ကို လွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ် အနေနှင့် ‘နိုင်ငံရေး’ များကို လျှော့ကာ နိုင်ငံသားများနှင့် နိုင်ငံတော် တစ်ရပ်လုံး အရေးကို အဓိက အာရုံစိုက် သင့်ပါကြောင်း မီးမောင်းထိုး ဖော်ပြလိုပါသည်။


အယ်ဒီတာ (၁၃-၉-၂၀၁၂)
From -TheVoiceWeekly

No comments:

Post a Comment