Sunday, September 23, 2012

လွှတ်တော်တွင်း ဒီမိုကရေစီနည်းလမ်းကျမှု မျှော်မှန်းထားသည်ထက် ပိုမိုရရှိခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လွှတ်တော်တွင်း ဒီမိုကရေစီ နည်းလမ်းကျမှုမှာ မျော်မှန်းထားသည်ထက် ပိုမိုရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေချိန်တွင် ပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ၂၁ ရက်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဝန်ထမ်းများနှင့် တွေ့ဆုံချိန်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
''လွှတ်တော်အလုပ်တွေနဲ့ ပတ်သက်လို့ ကျွန်မအများကြီး အားတက်မိပါတယ်။ ကျွန်မထင်တာထက် ထိရောက်မှု ရှိနိုင်မယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ အလုပ်လုပ်ခဲ့တာတော့ အခုတော့ နှစ်လလောက်ပဲ ရှိသေးတယ်ပေါ့နော်။ ဒါပေမယ့် ဒီနှစ် လအတွင်းမှာတောင်မှ ကျွန်မတို့ အတွေ့အကြုံအရဆိုရင် ကျွန်မတို့ မျှော်မှန်းထားတာထက်ပိုပြီးတော့ ဒီမိုကရေစီနည်းကျတယ်လို့ ကျွန်မ မြင်ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ နည်းပါးသော်လည်း လွှတ်တော်ဥက္ကဋ္ဌများက အဖွဲ့ချုပ် ကိုယ်စားလှယ်များအပေါ် မျှမျှတတဆက်ဆံခဲ့သဖြင့်  .  .  .
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအရေအတွက်နှင့် နှိုင်းယှဉ်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ နည်းပါးသော်လည်း လွှတ်တော်ဥက္ကဋ္ဌများက အဖွဲ့ချုပ်ကိုယ်စားလှယ်များအပေါ် မျှမျှတတ ဆက်ဆံခဲ့သဖြင့် ထင်ထားသည်ထက် ပိုမိုထိရောက်မှုရှိသော လုပ်ဆောင်မှုများကို လုပ်ကိုင်နိုင်ခဲ့ကြောင်း ပြောပါသည်။
''ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၅၁ ယောက်သော လွှတ်တော်နှစ်ခုပေါင်းရဲ့ ကိုယ်စားလှယ်တွေထဲမှာဆိုရင် ၄၅ ယောက်ပဲ ဖြစ်ပါတယ်။ ၄၅ ယောက်ဆိုတာ အင်မတန်မှ နည်းပါတယ်။ နည်းပေမယ့်လည်း ကျွန်မတို့ရဲ့ အနေအထားက ထိရောက်မှုရှိအောင်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေကနေပြီးတော့ မျှမျှတတ ဆက်ဆံတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်မှာဆိုလို့ရှိရင်  ဥက္ကဋ္ဌကြီးက ကျွန်မကို ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး ကော်မတီဥက္ကဋ္ဌ အဖြစ်နဲ့ နေရာပေးတာ၊ နောက်ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကိုလည်း မျှမျှတတ ဆက်ဆံတာတွေကြောင့်မလို့ ထင်တာထက် ထိထိရောက်ရောက် လုပ်နိုင်တာကို တွေ့ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

From -ElevenMediagroup

No comments:

Post a Comment