Sunday, September 23, 2012

VISA ကတ်ကို ပြည်တွင်းသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားများသာ အသုံးပြုနိုင်ဦးမည်

မြန်မာနိုင်ငံတွင် မကြာမီ အသုံးပြုနိုင်တော့မည့် VISA ကတ်မှာ လတ်တလော ရေတိုကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားခရီးသွား ဧည့်သည်များသာ အသုံးပြုနိုင်ဦးမည်ဟု အဆိုပါကုမ္ပဏီ၏ အရှေ့တောင်အာရှ၊ သြစတြေးလျနှင့် အိန္ဒိယဆိုင်ရာ Head of Coporate Relations ဖြစ်သူ Mr. Gary Hamilton Walker က ပြောခဲ့သည်။

''ရေရှည်မှာတော့ အားလုံးအသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ''ဟု ၎င်းက ပြောကြားသည်။
VISA ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှုကွန်ရက်ကို စီမံနေသော နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာအနှံ့တွင် အီလက်ထရောနစ် ငွေကြေးရွှေ့ပြောင်းမှုများ လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ ထိုသို့ ငွေကြေးရွှေ့ပြောင်းမှုများကို VISA ၏ Credit Card၊  Debit Card ၊ Prepaid Card များကို သုံး၍ ရွှေ့ပြောင်းပေးခြင်းဖြစ်ပြီး ခရက်ဒစ်ကတ်ထုတ်လုပ်သည့် ကုမ္ပဏီမဟုတ်ဟု ဆိုပါသည်။
''ဒီနိုင်ငံမှာ VISA ကတ်ကို သုံးလကနေ ခြောက်လအတွင်း သုံးနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိမှာ ဗဟိုဘဏ်ကိုရော၊ ပြည်တွင်းဘဏ်တွေအားလုံးကိုရော စီးပွားရေးစနစ်တစ်ခု ထူထောင်ဖို့ ပြောဆိုဆွေးနွေးနေတာ တွေရှိနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
VISA ကွန်ရက်အနေနှင့် အင်တာနက်မှတစ်ဆင့် ငွေပေးချေနိုင်ခြင်း၊ ဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ခြင်း၊ ကတ်ဖတ်စက်မှတစ်ဆင့် Contactless စနစ်ဖြင့် ငွေပေးချေခြင်း၊ ဖုန်းတစ်ခုမှတစ်ခုသို့ အချင်းချင်း ငွေပေးချေနိုင်ခြင်းစသည့် အီလက်ထရောနစ် စနစ်များစွာကို အသုံးပြု၍ ငွေပေးချေနိုင်သော်လည်း မြန်မာပြည်တွင်းတွင် ATM စက်ဖြင့် ချိတ်ဆက်အသုံးပြုခြင်းက အလွယ်ကူဆုံးဖြစ်မည်ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

From-EMG

No comments:

Post a Comment