Monday, September 10, 2012

ခုံရုံးနုတ်ထွက်သွားသော်လည်း သင်ခန်းစာယူစရာများကျန်နေ

နေပြည်တော်ရှိ လွှတ်တော်သို့ပြန်လည်ရောက်ရှိလာသော်လည်း ကျနော့်စိတ်အာရုံကိုပြန်လည်စုစည်း မှုမပြုလုပ်နိုင်ခဲ့ပါ။အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုစွပ်စွဲပြစ်တင်ခြင်း လုပ်ငန်းစဉ်များ ကို အမျိုးသားလွှတ်တော်က စတင် ခဲ့ပြီဖြစ်သောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်၍ နုနယ် သည့် ဒီမိုကရေစီခရီးလမ်းတွင်( Institution ) များအချင်းချင်း ပြင်းထန် သော ထိပ်တိုက်ရင်ဆိုင်ေ တွ့ခြင်း မျိုးကိုေ ရှောင်ရှားစေလိုသည့် စိတ်စေတနာကြောင့် ကျနော်သိပ်မပျော်ပါ။  စိတ်စေတနာ အပြင် နောက်ပြန် လှည့်သွားနိုင်ခြေများလည်း ရှိလေမည်လားဟု စိုးရိမ်စိတ်ကလည်းရှိနေခဲ့သောကြောင့်ဖြစ်ပါသည်။


ထိုကိစ္စများကို သီပေါမှ အမေးအမြန်းထူသောမိတ်ဆွေက တယ်လီဖုံးဆက်ပြီးမေးမြန်းသောကြောင့်ပြည့်ပြ ည့် စုံစုံ ပြန်လည်ဖြေကြားခဲ့ရာ စိတ်ဝင်စားသောစာဖတ်ပရိတ်သတ်သိရှိစေရန်ဖေါ်ပြလိုက်ပါသည်။
မိတ်ဆွေ။ ။ ဖွဲ့စည်းပုံအခြေခံခုံရုံးက နုတ်ထွက်ခွင့်တောင်းတာကို သမ္မတကြီးကနူတ်ထွက်ခွင့်ပြုလိုက်ပြီလို့ သတင်းကြားလိုက်ရတယ်။ ခင်ဗျားဘယ်လိုထင်သလဲ။
ရဲထွန်း။ ။ ကျနော့်ရဲ့ ( Facebook ) စာမျာနှာပေါ်မှာ Comment ပေးထားတဲ့မိတ်ဆွေတစ်ယောက်ရဲ့ အမြင် ကတော့ နိုင်ငံတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြတဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဌများအကြားမှာ ထိပ်တိုက်မတွေ့ရ လေအောင် ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်များက အနစ်နာခံသွားပြီး သူ့တို့ရဲ့ဆန္ဒအရနူတ်ထွက်ခွင့်တောင်းလိုက်ကြတာလို့ ဆိုပါ တယ်။ ဒါဖြစ်နိုင်ပါတယ်။ မူလက ကျနော်စိုးရိမ်နေတာက လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို သမ္မတထံပို့၊ သမ္မတက ခုံရုံးကို အမိန့်ထုတ်ပြီး တာဝန်ကမရပ်စဲဘူးဆိုရင်ဘာတွေဖြစ်လာမလဲလို့ စိုးရိမ်ခဲ့မိတာ၊ အခုတော့ စိတ်အေးသွားရပါပြီ။ ခုံရုံးအဖွဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်များကိုလည်း ချီးကြူးလေးစားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာကြဘို့ နမူနာကောင်း တစ်ခုလည်းဖြစ်သွားတာပေါ့။
မိတ်ဆွေ။ ။ ဒါနဲ့စကားမစပ် ။ ခင်ဗျားက အမှန်တရားကိုလက်ကိုင်ထားပြီး ပြည်သူ့ဘက်ကရပ်တည်တဲ့လူစား မျိုးလို့ ကျနော်ကနားလည်ထားတာ။ ပြည်သူ့လွှတ်တော်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကအစီရင်ခံစာကို တင်သွင်းတဲ့နေ့က ခင်ဗျားဘာမှထပြောတာမတွေ့ရပါလားဗျာ။ မှန်တယ်လို့ယူဆထားတာကို အမြဲတန်းပြောရဲတဲ့လူမဟုတ်လား။
ရဲထွန်း။ ။ အဲဒီနေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးတဲ့အစီအစဉ်မပါဘူးဗျ ။ ပါခဲ့ရင်တော့ ကျနော့်အမြင်သဘောထားကို နောက်ဆုံးကြိုးပမ်းမှုအနေနဲ့ဖြစ်ဖြစ်ပြော မှာပေါ့ဗျာ။ အစီအစဉ်မပါတော့ ကျနော့်ရဲ့အမြင်တွေကို လွှတ်တော်ကိုယ်စားလှယ်များသိအောင်မပြောပြနိုင်တော့ဘူး ပေါ့။
မိတ်ဆွေ။ ။ အဲဒီနေ့က ခင်ဗျားပြောခွင့်ရရင်ကော မူလကသူတို့ရည်ရွယ်ထားတဲ့လမ်းကြောင်းက ပြောင်းသွားနိုင် သေးသလား ။
ရဲထွန်း ။ ။ သေချာပေါက်တော့မပြောနိုင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီနေ့မတိုင်မီက ကျနော်စဉ်းစားမိတဲ့ ပြဿနာ ဖြေရှင်းရေးလမ်းကြောင်းလေးကို စိတ်ဝင်စားတဲ့လွှတ်တော်ကိုယ်စားလှယ်များကိုပြောပြမိတော့ အားလုံးလိုလိုက လက်ခံကြတာ တွေ့ရတယ်။ လူဆိုတာက သနားညှာတာတတ်တဲ့မေတ္တာစိတ်တော့ ရှိကြတာချည်းပါဘဲ။ ပြေပြေလည် လည်ဖြေရှင်းနိုင်တဲ့လမ်းကြောင်းရှိတယ်ဆိုရင်တော့စိတ်ဝင်စားကြတာ ဓမ္မတာဘဲပေါ့။ ကျနော်တို့အမြင်တွေကို ပြောခွင့် ဆွေးနွေးခွင့်ရခဲ့တယ်ဆိုရင်၊ အစီရင်ခံစာအပေါ်မှာလည်း ထောက်ခံ-ကန့်ကွက် မဲပေးမှုကို လည်းပြန်လုပ်ပေးမယ်ဆိုရင် ရလာဒ်က တစ်မျိုးပြောင်းသွားနိုင်တာပေါ့
မိတ်ဆွေ။ ။ ပြည်သူ့လွှတ်တော်မှာ အဲဒီ ခုံရုံးစစ်ဆေးချက်နဲ့ပတ်သက်ပြီးဆုံးဖြတ်တဲ့နေ့က စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့အစီရင်ခံစာအပေါ် ဘာဖြစ်လို့ အပြန်အလှန်ဆွေးနွေးခွင့်မရတာလဲဗျ။
ရဲထွန်း။ ။ ဘာဖြစ်လို့ဆိုတာ အတိအကျတော့မသိရဘူး။ အဓိက အားဖြင့်ကတော့ အဲဒီလိုကိစ္စနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း တိတိကျကျပြဌာန်းထားတာမရှိလို့ လို့ပြောရမယ်ထင်တယ်။ ဆိုလိုတာက အသေးစိတ်လုပ်ထုံးလုပ် နည်းကို ဥက္ကဌက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သဘောပေါ့ဗျာ။ သူက အဲဒီနေ့က မဲပြန်မခွဲတော့ဘဲ အရင်နေ့များကတည်းက လွှတ်တော်ထဲမှာ ခုံရုံးအပေါ်အပြစ်ရှိကြောင်းလက်မှတ်တွေစုဆောင်းထားခဲ့တာကိုဘဲတရားဝင်တင်ပြစေပြီး အတည်ယူ လိုက်တာ။ အဲဒီလက်မှတ်ထိုးထားတဲ့သူတွေထဲက နူတ်ထွက်ချင်တဲ့သူများကိုလည်းနူတ်ထွက်ခွင့်ပြုပါတယ်။ ကျနော်က မူလက လက်မှတ်ရေးထိုးထားတဲ့အထဲမှာပါခဲ့တယ်ဗျ ။ အဲဒီသောကြာနေ့ည (၂၄ - ၈ - ၂၀၁၂ ) မတိုင်မီကပေါ့။ အဲဒီည က ပုဒ်မ (၂) (ဇ) နဲ့ ပုဒ်မ (၁၇ ) ၊ နည်းဥပဒေ ပုဒ်မ (၅၄) တို့ကိုဖတ်ပြီးတဲ့အခါ ကြတော့ စိတ်ကတစ်မျိုးပြောင်းသွား တယ်။ ဒီပြဿနာက ဒီလောက်ထိအောင် အရေးမယူသင့်
ဘူးပေါ့။  ပြေပြေလည်လည်ညှိနှိုင်းနိုင်တဲ့ကိစ္စလို့မြင်သွားတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးခွင့်ရခဲ့ရင် ခုံရုံးကိုပြစ်တင်စွပ်စွဲဘို့လက်မှတ်ထိုးတောင်းဆိုတဲ့အထဲက နူတ်ထွက်ဖို့ကိုပါထဲ့ပြောဘို့ပြင်ဆင်ထားခဲ့တယ်။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးခွင့်မရလိုက်တာနဲ့ စိတ် ပျက်ပြီး အရေးကြီးတဲ့ ကိုယ်စားလှယ်တော်ကြီးများဆီ ကျနော့်သဘောထားသိရှိအောင်စာတွေဝေတဲ့အလုပ်ကိုဘဲလုပ်ခဲ့ တယ်။
မိတ်ဆွေ။ ။ ဘယ်သူတွေဆီကို ပေးခဲ့တာလဲဗျ ။
ရဲထွန်း ။ ။ နိုင်ငံတော်သမ္မတဆီရောက်စေချင်တာနဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒု ဥက္ကဌ ဦးနန္ဒကျော်စွာ၊ သူရဦးအောင်ကို၊ သူရဦးအေးမြင့်၊ ဦးဌေးဦး၊ ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးတီခွန်မြတ် ၊ စတဲ့အရေးကြီးပုဂ္ဂိုလ်တွေဆီကိုပေါ့။ တကယ်လို့သာသူတို့က ကျနော့်သဘောထားကို သဘောတူကြတယ်၊ ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်းလုပ်ချင်ကြတယ်ဆိုရင် ဆောင်ရွက်နေဆဲဖြစ်တဲ့ လွှတ်တော်က လုပ်နေတဲ့ စွပ်စွဲပြစ်တင်တဲ့လုပ်ငန်းစဉ်ကို ရပ်ပစ်စရာမလိုဘဲနဲ့လည်းလုပ်လို့ရပါတယ်။ ဒါပေမဲ့ နှစ်ဘက်ကာယကံရှင်များ က ညှိနှိုင်းဖြေရှင်းတဲ့နည်းကို မလုပ်ကြတော့ဘူး။ သွားလက်စလမ်းကိုဘဲ ဆုံးအောင်လျှောက်လိုက်ကြတယ်ဆိုတာခင် ဗျား သိတဲ့အတိုင်းပေါ့ဗျာ။
မိတ်ဆွေ။ ။ လွှတ်တော်များက သွားလက်စ စွပ်စွဲပြစ်တင်တဲ့လမ်းကြောင်းကိုလည်းမပျက်စေဘဲ ခုံရုံးအဖွဲ့ကို လည်းမနှုတ်ထွက်ရအောင်လုပ်နိုင်တယ်ဆိုတာကျနော်နားမလယ်ဘူး။
ရဲထွန်း။ ။ ပထမဦးစွာအားဖြင့်ကတော့ ပြဿနာစဖြစ်တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဌများက ပြန်ညှိနှိုင်းကြရ မယ်။ ကျနော်တင်ပြခဲ့တဲ့အမြင်ကို နှစ်ဘက်ကလက်ခံကြတယ်ဆိုရင်၊ အခြေခံအားဖြင့်အလုပ်လုပ်လို့ရပြီ။ အဲဒီနောက်မှာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်များကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရှေ့မှောက်ကိုလေးလေးစားစားလာရောက်အစစ်ဆေးခံကြ။ သူတို့ကို ဥပဒေအရ ပေးအပ်မထားတဲ့တာဝန်ကိုထမ်းဆောင်ခဲ့မှုကိုလည်းမှားယွင်းကြောင်း လွှတ်တော်ကိုတောင်းပန် လိုက်၊ နောက် လွှတ်တော်ထဲမှာ ကျနော်အပါအဝင်လွှတ်တော်ကိုယ်စားလှယ်များကို သူ့အမြင် ကိုယ့်အမြင်လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့်ပေးလိုက်၊ အဲဒီနောက် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မဲခွဲဆုံးဖြတ်လိုက်ရင် ခုံရုံးကိုအပြစ်ရှိကြောင်း ထောက်ခံတဲ့မဲ က ၃ ပုံ ၂ ပုံအပြည့်မရတော့ဘဲလျော့သွားနိုင်တာပေါ့။ ဒါဆိုရင် ခုံရုံးကပြစ်တင်စွပ်စွဲခံရပြီး တာဝန်ကနေ ရပ်စဲခံရမဲ့ဘေးကလွတ်သွားမယ်။ နောက်ပိုင်းမှာတော့ လွှတ်တော်အသီးသီးရဲ့ဥပဒေ ပုဒ်မ (၂) အပိုဒ် (ဇ)နဲ့ ပုဒ်မ(၁၇) တို့ကိုပြင်ဆင် ရေးသားတဲ့ကိစ္စကိုလုပ် ။ ဒါဆိုရင် ပြဿနာဖြေရှင်းပြီးသလောက်ဖြစ်သွားပါပြီ။
မိတ်ဆွေ။ ။ ခင်ဗျားက ဘာဖြစ်လို့အဲဒီလိုအသေးစိတ်မတင်ပြခဲ့တာလဲ။
ရဲထွန်း ။ ။ ကျနော်က ဘယ်ခေါင်းဆောင်နဲ့မှ သိပ်ပြီးခင်ခင်မင်မင်မရှိဘူးဗျ ။ သူတို့စိတ်ဝင်စားရင် ကျနော့်ကိုခေါ် မေးလိမ့်မယ်ပေါ့ဗျာ ။ ကျနော်ဒီလိုဘဲ သဘောထားတယ်။
မိတ်ဆွေ။ ။ ဒီကိစ္စကတော့ပြီးသွားပါပြီ။ ထားလိုက်ပါတော့ ။ ဒါပေမဲ့ ဒီကိစ္စကနေ ဘာတွေသင်ခန်းစာယူစရာ ရှိသလဲဆိုတာ ခင်ဗျားအမြင်ကိုပြောပါဦး။
ရဲထွန်း။ ။ နံပါတ်(၁)ကတော့ဗျာ-နောက်ဆိုရင်လုပ်ထုံးလုပ်နည်းတွေကို ဥပဒေနဲ့အညီ အတတ်နိုင်ဆုံး ညီညွတ် အောင် ကြိုးစားကြရမယ်။ ကိုယ်လုပ်မဲ့ကိစ္စဟာ ဥပဒေနဲ့ညီ-မညီဆိုတာ သမ္မတရော၊ လွှတ်တော်ဥက္ကဌများရော၊ တခြား သော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များရော ဂရုစိုက်ကြရလိမ့်မယ်။ အခုဆိုရင်တည်ဆဲပြည်သူ့လွှတ်တော် ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဥပဒေများအရ လွှတ်တော် ဒု ဥက္ကဌနှစ်ယောက်ဟာ ဒီတာဝန်ယူထားတာ ဥပဒေနဲ့မညီ ဘူးဖြစ်နေတယ်။ ဥပဒေများကိုပြင်ဆင်ဘို့ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားခဲ့ပေမဲ့ ခုံရုံးကပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဆိုသည်မှာဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးကန့်ကွက်ထားတဲ့အတွက် မူလကဥပဒေများကဘဲတည် ဆဲဥပဒေဖြစ်နေတယ်။ ဒီကိစ္စဥပဒေနဲ့အညီဖြစ်အောင်အမြန်လုပ်ဆောင်ဘို့လိုတယ်။ လွှတ်တော် ဥက္ကဌ နှစ်ယောက်ကတော့ ပြည်ထောင်စုအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် ဖြစ်နေတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၁ ) အရဖြစ်လေတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဥပဒေများရဲ့ ပုဒ်မ (၁၇) ကိုလွှမ်းမိုးနိုင်လို့ မနူတ်ထွက်လည်းရပါတယ်။
နောက်နံပါတ် (၂) ကတော့ ကိုယ့်ကိုဥပဒေအရပေးအပ်မထားတဲ့တာဝန်တွေကို မထမ်းဆောင်သင့်ဘဲ၊ နိုင်ငံနဲ့နိုင်ငံသား များရဲ့ကောင်းကျိုးအတွက်လိုအပ်တယ်လို့ယူဆရင်တောင် အလွတ်သဘောအပြင်မှာဆွေးနွေးညှိနိုင်းတာ၊ ပြောပြတာ ဘဲ လုပ်သင့်တယ်။ အထူးသဖြင့် မိမိတို့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဟာ အယူခံတက်လို့မရလောက်အောင် အပြီး အပြတ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးလိုအဖွဲ့အစည်းက အထူးဂရုစိုက်သင့်တယ်။
နောက်နံပါတ်(၃) ကတော့ တရားစီရင်ရတဲ့အဖွဲ့အစည်းများဟာ အဂတိတရားကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် မျှမျှတ တ ဆုံးဖြတ်ချက်များချမှတ်သင့်တယ်။ ဥပမာ - လွှတ်တော်များကဖွဲ့စည်းထားတဲ့ကော်မတီ၊ ကော်မရှင်များနဲ့ အဖွဲ့တို့ဟာ ပြည်ထောင်စုအဆင့်အတန်းရှိတယ်၊ လုပ်ပိုင်ခွင့်တွေ၊ တာဝန်တွေရှိတယ်ဆိုတာကို အရင်ဆုံးအသိအမှတ်ပြုပြောဆိုပြီးမှ - ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့၊ ဘယ်အဖွဲ့တွေကိုခေါ်ဝေါ်သုံးစွဲတာပါ။ လွှတ်တော်များကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းလို့ခေါ်ဝေါ်သုံးနှုံးထားတာကို မတွေ့ရကြောင်းလောက်သာဖြေဆိုသင့်တယ်။
ကိုင်းဗျာ - လွှတ်တော်လည်းနားပြီ။ သီပေါပြန်ရောက်မှ အားပါးတရပြောကြဆိုကြတာပေါ့ဗျာ ။
 
From -ဦးရဲထွန်း Facebook

No comments:

Post a Comment