Thursday, September 20, 2012

မြန်မာကလေးများကို လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်ချီးကျူး

ရန်ကုန် (မဇ္ဈိမ)။           ။ Digicel ဆက်သွယ်ရေးကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကလေးငယ်များကို ဘောလုံးပညာ ပို့ချပေးနေသော လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်က မြန်မာကလေးငယ်များ၏ ဘောလုံးစွမ်းရည်ကို ချီးကျူးသွားခဲ့ပြီး ကမ္ဘာ၏ မည်သည့်နေရာ၌ရှိသော ကလေးများနှင့် အရည်အသွေး အတူတူပ င်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။


မြန်မာကလေးငယ်များကို ပြုစုပျိုးထောင်မှုနှင့် ပတ်သက်ပြီး ဂျွန်ဘမ်းစ်က “၁၂ နှစ်၊ ၁၃နှစ်အရွယ် ကလေးတွေ ထူးချွန်လာဖို့ဆိုတာ သူတို့ရဲ့စွမ်းရည်တင် မကပါဘူး စည်းကမ်းတို့၊ သင်ကြားပြသမှုတို့ လည်း လိုပါတယ်။ ကစားဖို့အခွင့်အရေး ရ၊မရဆိုတဲ့ အချက်ကလည်း အထူးလိုအပ်ပါတယ်။ မြန်မာလူငယ်လေးတွေနဲ့ မနေ့က
တွေ့ရတဲ့ အပိုင်းတွေမှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေရဲ့ အရည်အသွေးနဲ့ အတူတူပါပဲ။ သူတို့မှာလည်း ကိုယ်ပိုင်အရည်အသွေးလေးတွေ ရှိတယ်လို့ ယူဆမိပါတယ်” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ဂျွန်ဘမ်းစ်သည် ၄ ရက်တာ ကာလအတွင်း ၁၂ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲမှ ရွေးချယ်ထားသော ကစားသမား ၅၀ ဦးနှင့် နည်းပြ ၄၀ ဦးကို
ဘောလုံးနှင့်သက်ဆိုင်သည့် သင်ခန်းစာများ ပို့ချသွားမည်ဖြစ်သည်။

ဂျမေကာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်
အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း လုပ်ဆောင်ရန် ၃ နှစ် စာချုပ်ချုပ်ဆိုထားပြီး အမျိုးသား၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ Myanmar National League ရှုံးထွက်ဖလား၊ U-12၊ U-14 နှင့် U-16 ကစားသမားများအား ပံ့ပိုးမှုများပြုလုပ်သွား မည်ဖြစ်သည်။

သို့ရာတွင် Digicel ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အားကစားဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်နေခြင်း အတွက် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားသွားခြင်း မရှိခဲ့ပေ။ ထို့အပြင် ပံ့ပိုးမှုများအတွက်
ငွေကြေးမည်မျှ သုံးစွဲမည်ဆိုသည်ကိုလည်း ထုတ်ပြန်ကြေညာသွားခြင်းမရှိခဲ့ဘဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော Digicel ၏ အာရှပစိဖိတ်ဆိုင်ရာ အကြီးအကဲ မစ္စစလိုဝေးက သတင်းထောက် ၃ ဦး၏
ငွေကြေးအသုံးပြုမှုနှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားသွားခြင်းမရှိခဲ့ပေ။

“Digicel အနေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုထားတာတော့ ရှိပါတယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေကိုတော့ ပြောပြလို့မရပါဘူး” ဟု မစ္စ စလိုဝေးက မဇ္ဈိမ ကိုပြောသည်။

No comments:

Post a Comment