Thursday, September 20, 2012

သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကို အမေရိကန်၏ အရေးယူပိတ်ဆို့ထားသူစားရင်းမှပယ်ဖျက်

ဝါရှင်တန်၊ စက်တင်ဘာ - ၂၀ ပြုပြင်ပြောင်လဲမှုများပြုလုပ်လျက်ရှိသောလက်ရှိမြန်မာအစိုးရခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှစ်ဦးအပေါ် အမေရိကန်အစိုးရကချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို Wall Street ဂျာနယ်တွင်ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် ယခင်မြန်မာအစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများထုတ်ယူခွင့်နှင့်အမေရိကန်ကုမဏီများနှင့်စီးပွားရေးပူးပေါင်းလုပ်ဆောင်ခွင့်များမပြုရန် အရေးယူပိတ်ဆို့ထားခဲ့သည်။

အမေရိကန်အစိုးရက မြန်မာသမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ကို အရေးယူပိတ်ဆို့မှုများဖယ်ရှားပေးခဲ့ခြင်းကြောင့် ၎င်းတို့၂ ဦးသည် ပိုင်ဆိုင်မှုများထုတ်ယူခွင့်နှင့်အမေရိကန်ကုမဏီများနှင့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်များရရှိကြမည်ဖြစ်သည်။

“မြန်မာသမ္မတဦးသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊လူ့အခွင့်အရေးနဲပတ်သက်တဲ့ကိစ္စတွေကို မြှင့်တင်ဖို့ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းခဲ့ကြတယ်၊ပြီးတော့ အာဏာရှင်စနစ်၊ဖိနှိပ်မှုကနေ ဒီမိုကရေစီနဲ့လွတ်လပ်မှုဆီကို သွားခဲ့ကြတဲ့အတွက်အခုလို အရေးယူပိတ်ဆို့ထားတဲ့စာရင်းကနေပယ်ဖျက်ပေးလိုက်တာပါ”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့်ဘဏ္ဍာရေးထောက်လှမ်းမှုဆိုင်ရာဌာန အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဒေးဗစ်ကိုဟန် ကပြောကြားသည်။

အမေရိကန်အစိုးရကမြန်မာခေါင်းဆောင်နှစ်ဦးအပေါ်အရေးယူပိတ်ဆို့မှုများကိုဖယ်ရှားပေးခဲ့သော်လည်း၊မြန်မာပို့ကုန်များအမေရိကန်သို့တင်ပို့ခြင်းကိုမူ ဆက်လက်ပိတ်ပင်ထားမည်းဖြစ်သည်။

ထို့ပြင်အခြားသောမြန်မာစီးပွားရေးသမားများအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက်ပိတ်ပင်ထားခဲ့ရာ အမေရိကန်ကုမဏီများအနေဖြင့်အဆိုပါကုမဏီများနှင့်စီးပွားရေးပူးပေါင်းလုပ်ကိုင်နိုင်မည်မဟုတ်ပေ။

မြန်မာနိုင်ငံ၏ပြောင်းလဲနေသောအခြေအနေပေါ်မူတည်၍ အရေးယူပိတ်ဆို့သည့်စာရင်းကနေပယ်ဖျက်မှုတွေ၊ထပ်တိုးစားရင်းသွင်းတာတွေကိုပြုလုပ်သွားမည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
From -TheVoiceWeekly

No comments:

Post a Comment