Wednesday, September 19, 2012

လူမြင်ကွင်းမှပျောက်နေသော တရုတ်ဒု-သမ္မတ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့


ဘေဂျင်း၊ စက်တင်ဘာ - ၁၉
ယခုလအစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွေ့ဆုံခဲ့ခြင်းမရှိဘဲ သီတင်းပတ် နှစ်ပတ်ခန့် လူမြင်ကွင်းမှပျောက်နေခဲ့သော တရုတ်ဒု-သမ္မတ ရှီချီပင်း သည်တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း  ဘီဘီစီသတင်း တွင်ဖော်ပြထားသည်။


ယခုနှစ်ကုန်ပိုင်းတွင်ပြုလုပ် မည့် တရုတ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွင် တရုတ်ခေါင်းဆောင်ဖြစ်လာမည့်သူဟု ရှုမြင်ခြင်းခံထားရသော တရုတ်ဒု-သမ္မတ ရှီချီပင်းသည် လူမြင်ကွင်းမှ သီတင်းပတ် ၂ ပတ်ခန့်ပျောက်နေခဲ့ခြင်းကြောင့် ကောလဟလမျိုးစုံထွက်ပေါ်လာခဲ့သည်။


တရုတ်ဒု-သမ္မတ ရှီချီပင်းသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာ နှင့်တွေ့ဆုံရာတွင် ယခုခရီးစဉ်သည် တရုတ်နှင့်အမေရိကန် အစိုးရခြင်းအတွက်လည်းကောင်း၊စစ်ဘက်ဆိုင်ရာဆက်ဆံရေးအတွက်လည်းကောင်း တိုးတက်မှုဖြစ်စေမည်ဖြစ်ကြောင်း တရုတ်ဒု-သမ္မတ ရှီချီပင်းက ပြောကြားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာသည် တရုတ်ကာကွယ်ရေးဝန်ကြီး Liang Guanglie နှင့်လည်းတွေ့ဆုံခဲ့ရာတွင် အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြားစစ်ရေးအဆက်အသွယ် ပိုမိုနီးကပ်ရန်လည်း တိုက်တွန်းပြောကြားလိုက်သည်။

နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များထိတွေ့ဆက်ဆံခြင်းအားဖြင့် နှစ်နိုင်ငံအကြားယုံကြည်မှုကိုတိုးပွားစေနိုင်ပြီး၊ဖြစ်နိုင်ခြေရှိသော နားလည်မှုလွှဲမှားမှုမျိုးကိုလည်း လျော့ချနိုင်မည်ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာက ပြောကြားသည်။

မကြာမီပြောင်းလဲမည့်တရုတ်အစိုးရ ပဉ္စမြောက်မျိုးဆက်ခေါင်းဆောင်နေရာ ဆက်ခံမည့်သူဟု ယူဆခြင်းခံထားရသော တရုတ်ဒု-သမ္မတ ရှီချီပင်းသည် ယခုလအစောပိုင်းက တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံရန်စီစဉ်ထားသော်လည်း အကြောင်းပြချက်တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိဘဲ ပယ်ဖျက်ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အာရှခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့်နယူးဇီလန်နိုင်ငံများသို့သွားရောက်ခဲ့သည်။

၎င်း၏ခရီးစဉ်သည် တရုတ်နှင့်ဂျပန်ကြား ပိုင်နက်အငြင်းပွားကျွန်းနှင့်ပတ်သက်၍ တင်းမာမှုမြင့်တက်နေသောအချိန်နှင့်လည်းတိုက်ဆိုင်လျက်ရှိသည်။
 
From -TheVoiceWeekly

No comments:

Post a Comment