Wednesday, September 19, 2012

ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်နေသောအဖွဲ့များအပေါ်ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းရန် အမေရိကန်ကို ရုရှားအမိန့်ထုတ်

မော်စကို၊စက်တင်ဘာ ၁၉
ရုရှားနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများ အပေါ် အမေရိကန်ကငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း နယူးယောက်တိုင်းမ်  သတင်းတွင်ဖော်ပြထားသည်။


ရုရှားနိုင်ငံတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများကို ငေ
ွကြေးထောက်ပံ့နေသော အမေရိကန်သည် ရုရှားပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်ဟု ရုရှားအစိုးရကရှုမြင်လျက်ရှိပြီး ယခုကဲ့သို့တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ရုရှားရှိ ဒီမိုကရေစီမြှင့်တင်ရေး၊ပြည်သူ့ကျန်းမာရေးစသော အရပ်ဖက်အဖွဲ့အစည်းများအပေါ် အမေရိကန်အစိုးရကငွေကြေးထောက်ပံ့နေခြင်းကို ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ရပ်ဆိုင်းရန် ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း ဝါရှင်တန်ရှိအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမေရိကန်အစိုးရက လက်ရှိအချိန်တွင် ရုရှားရှိအရပ်ဖက်အဖွဲ့အစည်းများအတွက်ထောက်ပံ့ငွေ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ထောက်ပံ့လျက်ရှိသည်။

ယင်းငွေပမာဏသည် နိုင်ငံခြားငွေကြေးအထောက်အပံ့ကိုမှီခိုရပ်တည်နေရသော ရုရှားအရပ်ဖက်လူ့အဖွဲ့အစည်းများအတွက် အကြီးအကျယ်ထိုးနှက်မှုတစ်ရပ်ဖြစ်သည်။

လတ်တလောကာလတွင် ရုရှားသမ္မတ ပူတင်သည် ပြည်တွင်း၌ဆန့်ကျင်မှုများနှင့်ရင်ဆိုင်နေရပြီး၊ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ရုရှားရှိ နိုင်ငံခြားအထောက်အပံ့ဖြင့်ရပ်တည်နေသော အရပ်ဖက်အဖွဲ့အစည်းများကြောင့်ဟု ရုရှားအစိုးရကယူဆထားသည်။

ထို့ကြောင့်ရုရှားအစိုးရသည် လွန်ခဲ့သောလပိုင်းကစ၍ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ဖိအားပေးမှုများပြုလုပ်ခဲ့ပြီး၊နိုင်ငံခြားတိုင်းပြည်၏ ငွေကြေးထောက်ပံ့မှုနှင့်ရပ်တည်နေသော အဖွဲ့များကို နိုင်ငံခြားကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ရန် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းခဲ့သည်။

ရုရှားရှိ အမေရိကန်အစိုးရ၏ငွေကြေးထောက်ပံ့မှုယူနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Golos ဟူသောအဖွဲ့သည် လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်ပြီး၊ပြီးခဲ့သည့်ရုရှားရွေးကောက်ပွဲတွင်တွေ့ရသော မဲလိမ်မှုများကို ၎င်းတို့၏အင်တာနက်ဝဘ်ဆိုဒ်တွင်ဖော်ပြနိုင်ခဲ့သည်။
From -TheVoiceWeekly

No comments:

Post a Comment