Monday, September 24, 2012

ကချင်အစိုးရအဖွဲ့ဦးဆောင်သော အများပိုင်ကုမ္ပဏီသို့ ကျပ်သိန်း(၂)သောင်းထည့်ဝင်ပြီး

ကချင်ပြည်နယ်အစိုးရဦးဆောင်သည့် အများပိုင် ကုမ္ပဏီလုပ်ငန်း ထူထောင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များက ရှယ်ယာ ကျပ်ငွေသိန်း(၂)သောင်း ထည့်ဝင်ပြီးဖြစ်ကြောင်း သိရသည်။
  ၎င်းအများပိုင်ကုမ္ပဏီလုပ်ငန်းသည် ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာရန် ရည်ရွယ်၍ ကချင်ပြည်နယ်တွင်းရှိ လေကြောင်းလိုင်း၊ သတ္တု၊ သစ်တော၊ ကျောက်မြတ်လုပ်ငန်းစသည့် အကျိုးအမြတ်ရရှိနိုင်သည့် လုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးအဖွဲ့က သိရသည်။


မတည်ငွေမှာ ကျပ် သိန်း (၅)ထောင်ဖြစ်ပြီး ရှယ်ယာတစ်ခုကို  ကျပ်(၁)သိန်းနှုန်းဖြင့် ဝယ်ယူနိုင်ကာ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လျှောက်ထားလိုလျှင်မူ ကျပ်သိန်း (၃)ရာဖြင့် လျှောက်ထားနိုင်ကြောင်း စက်တင်ဘာလလလယ်ပိုင်းက ကချင်ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှ အများပိုင်ကုမ္ပဏီ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
 “ကျွန်တော်လည်း ရှယ်ယာဝင်မှာပါ။ ကချင်ပြည်နယ်ရဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်လာမှာပါ။ မွေးမြူရေး၊ စိုက်ပျိုးရေးကို အခြေခံပြီးအစိုးရကလည်း ထောက်ခံတယ်ဆိုရင် ကမ္ဘာ့ဘဏ်ကနေ စတော့ ရှယ်ယာအထိ လုပ်လာနိုင်မယ်လို့ ကျွန်တာ် ယုံကြည်တယ်။ဟု Jade land ကုမ္ပဏီဥက္ကဋ္ဌ Yup Zau Hkawng က ပြောသည်။
 
အဆိုပါ အများပိုင် ကုမ္ပဏီသည် ကချင်ပြည်နယ်အစိုးရ၏ ပထမဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားနေကြသည်။
 
ဒါက ခေတ်နဲ့ လျော်ညီတဲ့ လုပ်ငန်းဖြစ်တယ်။ တရားဝင်လည်း လုပ်လို့ရနိုင်တယ်။ ကျွန်တော် လည်း တစ်ဦးချင်းပိုင် ကုမ္ပဏီကနေ ဝင်ဖို့ရှိပါတယ်။ နောက်ပြီး ကျောက်မြတ်ကုမ္ပဏီ အသင့်ကနေလည်း ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ရှယ်ယာဝင်ဖို့ကို တိုင်ပင်ဆွေးနွေးနေကြပါတယ်ဟု မြစ်ကြီးနား ကျောက်မြတ်ရတနာကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးသောင်းကြည် က ပြောသည်။
 
ကချင်ပြည်နယ် ဥပဒေရေးရာဌာနအတွင်းရေးမှူး ဦးချန်နန်ခင်မှမူ ၎င်းကုမ္ပဏီသည် အများပိုင်ဖြစ်ပြီး အစိုးရမှအကျိုးအမြတ်ရရှိမည့် လုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သဖြင့် အရှုံးမရှိနိုင်သော်လည်း စီမံခန့်ခွဲမှုတွေ စနစ်တကျရှိစေလိုကြောင်း အကြံပေးပြောဆိုသည်။

ဒါရိုက်တာအနေဖြင့် ပါဝင်ဖို့ ကိုယ့်အနေနဲ့ သိပ်မဖြစ်နိုင်ဘူး။ ကိုယ့်အနေနဲ့ ရှယ်ယာဝင်အနေဖြင့် သိန်း(၁၀)ဖြစ်ဖြစ် သိန်း(၂၀)ဖြစ်ဖြစ်  ဝင်မှာပါ။ အများပိုင်လည်းဖြစ်တယ် တစ်ဖက်မှာလည်း အစိုးရက အကျိုးအမြတ်ရမယ့် လုပ်ငန်းဖြစ်မယ်ဆိုတော့ သိပ်အရှုံးအမြတ် မပေါ်နိုင်ဘူး။ဟု ဦးချန်နန်ခင်က ပြောသည်။
 
ယင်းသို့ အများပိုင်ကုမ္ပဏီလုပ်ငန်း လုပ်ဆောင်ခြင်းကြောင့် ကချင်ပြည်နယ်တွင်းရှိ ဆင်းရဲနွမ်းပါး မှုကိုလျှော့ချနိုင်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းသစ်များလည်း ပေါ်ထွက်လာမည်ကို ပြည်သူများက မျှော်လင့်နေကြသလို ရှယ်ယာလုပ်ငန်း စိတ်မဝင်စားသူအချို့လည်းရှိကြောင်း သိရသည်။
 
ကျွန်တော်တို့က စိတ်မဝင်စားဘူး။ ကိုယ့်ဟာကိုယ်လုပ်နေတာပဲ ကောင်းတယ်။ သေချာ မသေချာ၊ အရေမရ အဖက်မရဖြစ်မှာ စိုးရတယ်။ တစ်ပိုင်တစ်နိုင်လုပ်စားတာပဲ ကောင်းတယ်။ အစုရှယ်ယာ ဆိုတာ ကိုယ်က လိုက်မနိုင်ရင် ခက်တယ်။ ယုံကြည်မှုနဲ့ လုပ်တာ ဆိုတော့ ဦးဆောင်တဲ့လူတွေကို လည်း ကြည့်ရမယ်။ ဟု ဖားကန့်မြို့နယ် ကျောက်လောပန်း ဦးလဆိုင်းက ပြောသည်။
From -မြစ်မခ

No comments:

Post a Comment